ခရမ်းချဉ်သီး ပန်ထွေဖျော် နှင့် ဆိတ်သားခြောက်ကင်






ခရမ်းချဉ်သီးပန်ထွေဖျော်လုပ်ဖို့ အတွက်လိုအပ်သောပစ္စည်းများကတော့
ခရမ်းချဉ်သီး ။ (အရွယ်အနေတော်(၃)လုံးဆို ဟင်းစားပန်းကန်(၁)လုံးနဲ့ အပြည့်ရပါတယ်။)
ငရုတ်သီးစိမ်းတောင့်။
ကြက်သွန်ဖြူ။
ကြက်သွန်နီ။
ကြက်သွန်မြိတ်။
နံနံပင်။
ဆီ။
ဆား။
ငံပြာရည်။
ခနောဟင်းခတ်မှုန့် တို့ ဖြစ်ပါတယ်။
ခရမ်းချဉ်သီးကို မီးဖုတ်ထားပါ။ မြန်မာနိုင်ငံမှာလို မီးသွေးမီးဖိုထဲ ထည့်ဖုတ် စရာမရှိရင် ကင်တဲ့ဇကာပြားလေးကို gas မီးဖိုပေါ်တင်ပြီး ကင်လိုက်ပါ။
ကင်ဖို့ အဆင်မပြေဘူးဆိုရင် နောက်တစ်နည်းကတော့ ခရမ်းချဉ်သီးကို အိုးထဲမှာ ငံပြာရည် နည်းနည်းထည့်ပြီး ရေခမ်းပြုတ်ပေးပါ။ မီးကင်တာကတော့ပိုပြီးစားလို့ ကောင်းပါတယ်။
ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို အိုးထဲထည့်ပြီးလှော်လိုက်ပါ။
ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူကိုထောင်းလိုက်ပါ။
မလှော်ချင်လို့အစိမ်းထောင်းထည့်လည်းရပါတယ်။
ပြီးရင်ကင်ထားတဲ့ ခရမ်းချဉ်သီးကိုအခွံနွှာပြီး ရောထောင်းပါ။
ပြီးရင် ဆား၊ငံပြာရည်၊ ခနောဟင်းခတ်မှုန့် တို့ နဲ့ အပေါ့အငန်ပြင်ဆင်လိုက်ပါ။
ထောင်းထားတဲ့ခရမ်းချဉ်သီးကိုပန်းကန်တစ်လုံးထဲထည့်ပြီးဆီဆမ်းပါ။နောက်ပြီးကြက်သွန်နီပါးပါးလှီးတာရယ်၊ ကြက်သွန်မြိတ်၊နံနံပင်ရယ်ရောပြီး သုံးဆောင်လို့ ရပါပြီရှင်။
ကျွန်မဓါတ်ပုံထဲမှာတော့ ကြက်သွန်နီ ပါးပါးလှီးတာရယ်၊ ကြက်သွန်မြိတ်၊နံနံပင်ရယ်မပါ ပါဘူး။
ကြက်သွန်မြိတ်၊နံနံပင်အဆင်သင့်မရှိလို့ ပါ။
ခရမ်းချဉ်သီး ပန်ထွေဖျော်ကို မုန့် ပျားသလက်နှင့်တွဲစားရင်
တော်တော်လေးစားလို့ ကောင်းပါတယ်။
ဆိတ်သားခြောက်ကင်
ဆိတ်သားခြောက်ကင်အတွက်ကတော့ မြန်မာနိုင်ငံပြန်တုန်းကယူလာတဲ့ အသားခြောက်ကို ရေခဏစိမ်ထားပါတယ်။နောက်စဉ်းတုံးပေါ်ကိုတင်ပြီး ငရုတ်ကျည်ပွေ့ နဲ့ ထုပေးပါတယ်။ နောက်ပြီးgasဖိုပေါ်တင်ပြီး ကင်ပါတယ်။ ဆိတ်သားခြောက်ကင်မွမွလေးရအောင် ထုလိုက်ကင်လိုက်လုပ်ပေးရပါတယ်။
ပြီးရင် ပန်းကန်ထဲထည့်ပြီး ဆီဆမ်းလိုက်ပါနော်။
ဆိတ်သားခြောက်ကင်မွမွလေးကို ခရမ်းချဉ်သီးပန်ထွေဖျော်နဲ့ တွဲဖက်ပြီး
ထမင်းပူပူလေးနဲ့စားလိုက်ကြရအောင်နော်။
တွတ်ပီကာတွန်း ထဲကလို သစ်ပင်ရိပ်အောက်က ကွပ်ပစ်မှာ
အဖန်ရည်တစ်အိုးနဲ့ ဆတ်သားခြောက်ဖုတ်လေးနဲ့  မြည်းချင်ရင်လည်း ရပါသေးတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

မြရွက်ဝေ said...

ခနောဟင်းခတ်မှုန့် ကို ဒီအတိုင်းထည့်လို့ရလား။ အချိုမှုန့်မသုံးဘဲ ခနောဟင်းခတ်မှုန့် သုံးတော့ အသုပ်သုပ်စားတိုင်း ပုစွန်ချောက်မှုန့်ဘဲ သုံးနေရတာ။ အဲလိုထည့်စားလို့ စားကောင်းရင် စမ်းကြည့်ဦးမယ်။ :)

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online