ကြက်အဆီဖူးကြော်


ကျွန်မတို့ နယ်မြို့ လေးတစ်မြို့ မှာနေတုန်းက ကြက်အဆီဖူးကို သတ်သတ်ရောင်းတာ မရှိပါဘူး။ ကြက်တစ်ကောင်လုံးဝယ်မှ တစ်ခုပဲ စားရတာပါ။ အဲဒီတုန်းကဆို ကြက်အဆီဖူးကြော်ကို
အလှူတွေရှိမှ စားရပါတယ်။ အလှူတွေရှိမှ ကြက်တွေအများကြီးဝယ်ရတော့ အလှူကြီးရက်အတွက် ကြက်သားတုံး လှလှလေးတွေ တုံးပြီး ကျန်တဲ့  အဆီဖူးလေးတွေကို အလှူကြီးမတိုင်ခင် ရက်မှာ
ကြော်ပြီး ကျွန်မတို့ ကလေးတွေကို ကျွေးပါတယ်။တကယ်တော့ ချက်တဲ့ပြုတ်တဲ့သူတွေ ညဟင်းချက်ကြရင်း
အရက်နဲ့ မြည်းကြတာပါ။အတုံးမလှတဲ့ကြက်ရိုးတွေကိုတော့ ဘူးသီးနဲ့ ရောချက်ပြီး ကူညီလုပ်ကိုင်ပေးတဲ့သူတွေကို ကျွေးပါတယ်။ အဲဒါကြောင့်ကြက်ရိုးနဲ့ ဘူးသီးရောတာကို အလှူဟင်း၊ သားပြွန်းဟင်းလို့ တစ်ချို့ က ပြောကြပါတယ်။မန္တလေးမှာတော့ အဆီဖူးကို အကင်ဆိုင်တွေမှာ စားရတာ တော်တော်ကောင်းပါတယ်။
ကျွန်မတို့ အိမ်မှာတော့ ရိုးရိုးပဲ ကြော်စားပါတယ်။ တစ်ချို ကအဆီများလို့ မကြိုက်ကြပါဘူး။
ကြက်အဆီဖူးကို ရေစင်စင်ဆေး၊ ဆားနည်းနည်း၊နနွင်းနည်းနည်းနယ်ပြီး ကြော်ပါတယ်။ ရွှေဝါရောင်သမ်းလာရင် ဆယ်ပြီး tissue လေးနဲ့ ဆီဆစ်ထားပေးပါ။ ဂျင်း၊ ကြက်သွန်ဖြူကို အမြောင်းလေးတွေလှီးပြီး ကြော်ထားတာလေးကို ရောပြီး ပန်းကန်ထဲ ထည့်လိုက်ပါတယ်။ ဒီအတိုင်းစားလည်းကောင်း၊ ထမင်းပူပူလေး ဆီဆမ်းပြီး စားလည်းကောင်းပါတယ်။ မြည်းချင်တဲ့သူများလည်းမြည်းလို့ ရပါတယ်နော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြက်ဟင်းခါးသီးကြော်



ကြက်ဟင်းခါးသီးကို ထိပ်နှစ်ဘက်တိ၊အခွံနွှာပြီး အဝိုင်းလိုက်ပါးပါးလှီးပါ။
ဇလုံတစ်လုံးထဲထည့်ပြီး ဆားနှင့်သေချာနာနာဖျစ်ပြီးနယ်ပါ။
ဆားနှင့်ဖျစ်ပြီးနယ်ထားတဲ့ ကြက်ဟင်းခါးသီးကို ရေသေချာပြန်ဆေးပြီး တားပါ။
ကြက်သွန်နီ အနေတော်(၃)လုံး ပါးပါးလှီးပြီး
နနွင်းမှုန့် အနည်းငယ်ဖြင့် ကြော်ပါ။
ကြက်သွန်ဖြူမညက်တညက်ထောင်းထားတာလေးထည့်ပါ။
ကြက်သွန်နီနွမ်းရင် ငါးပိ၊ဆား၊ပုစွန်ခြောက်မှုန့် ၊ငရုတ်သီး အကြမ်းမှုန့် ထည့်ပြီးမွှေပါ။
ရေစင်စင်ပြန်ဆေးထားတဲ့ ကြက်ဟင်းခါးသီး ထည့်ပါ။
ကြက်ဟင်းခါးသီးနူးလောက်ရုံရေနည်းနည်းလေး
ထည့်ပေးပါ။ အရသာလေးလေးပင်ပင်ရှိချင်ရင်
အပေါ့အငန်မြည်းပြီးကြက်သားမှုန့် အနည်းငယ်ထည့်ပေးပါ။
ကြက်ဟင်းခါးသီးနပ်ရင် ငရုတ်သီးစပ်စပ်လေး
နဲ့ ကြက်ဟင်းခါးသီးကြော်ရပါပြီနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြင်းခွာရွက်သုတ်




မြင်းခွာရွက်ကို ရေစင်စင်ဆေးပြီး ရိတ်ရိတ်လေးတွေလှီးထားပေးပါ။

အရွက်နဲ့ ကပ်လျှက် အရိုးလေးတွေကိုလည်း ထည့်လှီးပါတယ်။

သုတ်လို့ မကောင်းမဲ့ အရိုးပိုင်းအချို့ ကိုတော့ လွှင့်ပစ်လိုက်ပါတယ်။

မြေပဲဆန်လက်တစ်ဆုပ်စာလောက် နဲ့ ပုစွန်ခြောက်အနည်းငယ်ထောင်းထားပါတယ်။

ကြက်သွန်နီအရွယ်အနေတော်တစ်လုံးကို ပါးပါးလှီးပြီး ရေခဏစိမ်ထားပေးပါ။

ခရမ်းချဉ်သီးခပ်မာမာတစ်လုံးကို ပါးပါးလှီးပါ။

ငရုတ်သီးစိမ်းပါးပါးလှီးပေးပါ။ သံပုရာသီးလေးတစ်စိတ် စိတ်ထားပေးပါ။

ကြက်သွန်ဖြူဆီချက်ချက်ပေးပါ။ ကြက်သွန်နီရေစင်အောင်ညှစ်ပြီး

နယ်မဲ့ ဇလုံထဲထည့်ပါ။

မြင်းခွာရွက်၊ ခရမ်းချဉ်သီး၊မြေပဲဆံမှုန့် ၊ပုစွန်ခြောက်မှုန့် ၊

ငရုတ်သီးစိမ်း၊ဆားအနည်းငယ်၊ငံပြာရည်အနည်းငယ်၊ ကြက်သားမှုန့် 

တို့ နဲ့  သံပုရာသီးစိတ်လေးညှစ်ထည့်ပြီး ဆီချက်ဆမ်းပြီး သုတ်ပေးပါ။

ငရုတ်သီးမှုန့် ထည့်သုတ်လည်းကောင်းပါတယ်။

မြင်းခွာရွက်က ဆေးဖက်ဝင်တယ်လို့ ပြောကြပါတယ်။

မြင်းခွာရွက်သုတ်ကို side dish အဖြစ်သာမက နေ့ လည်အစာပြေ စားစရာ

အသုတ်တစ်မျိုးအနေနဲ့ ပါ စားလို့ အဆင်ပြေပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးအိုးကပ်


ဒီနေ့ shop and save ကနေ ငါးအိုးကပ်ချက်လို့ရမယ့် ငါးမျိုးလေးတွေ့လို့ တစ်ဘူးဝယ်လာခဲ့ပါတယ်။
ငါးကို ခေါင်းဖြတ်ပြီး အညစ်အကြေးတွေ ထုတ်ပြီး ရေစင်အောင် ဆေးပါ။
(ကျွန်မ ဝယ်လာတဲ့ငါးလေးတွေက ခေါင်းမဖြတ်လည်းရတာမို့ မဖြတ်ထားပါဘူး)။
ဆား၊ နနွင်းမှုန့် တို့ဖြင့် နယ်ထားပါ။
ကြက်သွန်နီ ကို နနွင်းမှုန့်လေးထည့် ဆီသတ်ပြီး ကြက်သွန်နီနွမ်းရင် ဂျင်း ကြက်သွန်ဖြူထောင်းထားတာ ထည့်ပါမယ်။ ခရမ်းချဉ်သီး ပါးပါးလှီးထားတာပါထည့်ပါ။ အရောင်တင်၊ ဆား၊ ကြက်သားမှုန့်ထည့်ပါ။
ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးလေးတွေ လိပ်နေပြီး အနှစ်ရပြီ ဆိုရင် ငါးထည့်ပါ။
ငါးကျက်ရုံလောက် ရေနည်းနည်းထည့်ပြီး ရေးခမ်း ခါနီး ဆိုရင် နံနံပင် ငရုတ်သီး အုပ်လိုက်ပါတယ်။ ရေခမ်းပြီး ဆီပြန်တာနဲ့ နံနံပင်နွမ်းတာနဲ့ အချိန်ကိုက်ပါ ပဲ။ ငါးကို ကြေမှာ စိုးလို့ အထက်အောက် မလှန်ပါဘူး။
ဒါဆိုရင် ငါးအိုးကပ်ရပြီနော်။ ချဉ်ပေါင်ချည်ရည် ဟင်းလေးနဲ့ လိုက်ဖက်ပါတယ်။
(မြန်မာ ငါးအိုးကပ်နဲ့ စာရင်တော့ဒီငါးက အကောင်နဲနဲကြီးနေပါတယ်)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မာလာဟင်းအနှစ်ထုတ်


မာလာဟင်း အနှစ်ကို မေးမြန်းကြသူများအတွက် မာလာဟင်းအနှစ်ထုတ်ပုံကို တင်လိုက်ပါတယ်။
အထုတ်အရောင်က အနီရောင်ပါ။ ဓါတ်ပုံထဲက အတိုင်းပါ။ ရှေ့ကအရုပ်ပုံ လေးက
ကြက်ပုံ၊ငါးပုံ နဲ့ ဓါတ်ပုံထဲကလို ပုံလေးရယ် ဈေးကွက်ထဲမှာ (၃) မျိုးတွေ့ ဖူးပါတယ်။
အားလုံးအရသာမကွာပါဘူး။ မာလာဟင်းအတွက် သုံးလို့ ရပါတယ်။
ကျွန်မ ကိုယ်တိုင် (၃)မျိုးလုံးသုံးဖူးပါတယ်။ singapore မှာဆိုရင်တော့ pennisular မှာ
ငါးပုံတံဆိပ်လေးနဲ့ ဝယ်လို့ ရပါတယ်။ ရေးထားတာတွေကတော့ englishလို
မဟုတ်လို့ မဖတ်တတ်ပါဘူး။ ဘယ်လို သုံးရမယ်ဆိုတာပဲ english လိုရေးထားပါတယ်။
မြန်မာနိုင်ငံမှာ အိမ်တွေကနေ တပိုင်တနိုင်ချက်ရောင်းတဲ့ အနှစ်ထုတ်တွေမှာ တော့
မာလာဟင်းအနှစ်ကို (spicy vegetable paste) လို့ ရေးတာ မြင်ဖူးပါတယ်။ ဒီလောက်ဆိုရင် မာလာဟင်းအနှစ်ထုတ်ကို မေးကြတဲ့မိတ်ဆွေ အားလုံး
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြက်ဟင်းခါးသီး ထောင်း



ကြက်ဟင်းခါးသီးကို အများအားဖြင့် ကြော်၊ချက်စားကြတာ များပါတယ်။

မြန်မာနိုင်ငံမှာ တုန်းကဈေးထဲမှာ တစ်ခါတစ်လေ ကြက်ဟင်းခါးသီး

သေးသေးနုနုလေးတွေ တွေ့ ရတတ်ပါတယ်။

တောကြက်ဟင်းခါးသီးလို့ ခေါ်တယ်နဲ့ တူတယ်။

အဲတာလေးတွေက ထောင်းစားလို့တော်တော်ကောင်းပါတယ်။

နေမကောင်းဖြစ်ပြီးခါစ ပါးစပ်ပျက်နေရင် ကြက်ဟင်းခါးသီးထောင်းလေးက

တော်တော်ခံတွင်းလိုက်ပါတယ်။

အခုလည်း ကြက်ဟင်းခါးသီး ထောင်းကို အာသီသရှိနေတာ တော်တော်လေးကြာပြီ။

စင်ကာပူကကြက်ဟင်းခါးသီးတွေကြည့်ပြီးထောင်းစားဖို့

မဖြစ်နိုင်ပါဘူးလေဆိုပြီး လက်လျှော့ထားတာ။

အရွယ်အစားချင်းက အဘွားနဲ့ မြေးလောက်ကွာတာ။

ဟိုတစ်နေ့ က shop n save သွားတော့ mini bittergourd ဆိုပြီးတွေ့ တယ်။

အရွယ်ကတော့မသေးပါဘူး။နုပုံပေါ်တာနဲ့ ထောင်းစားကြည့်မယ်ဆိုပြီးဝယ်လာပါတယ်။

ကြက်ဟင်းခါးသီးကိုမီးကင်ပါတယ်။တစ်ဘက်ချင်းစီပျော့ပြီး

အကျက်ညီအောင်ကင်ပေးရပါတယ်။မြန်မာနိုင်ငံတော့ မီးသွေးမွှေးပြီး

မီးကျီးခဲ ကြားထဲညှပ်ထည့်ထားလိုက်ရင် Ok ပါဘဲ။

ကြက်ဟင်းခါးသီးကျက်ရင် အအေးခံထားပေးပါ။

မြေပဲဆံ လက်တစ်ဆုပ်စာလောက် ထောင်းထားပါ။

ငရုတ်သီးနဲ့ ကြက်သွန်ဖြူထောင်းပါ။(အစပ်ကြိုက်ရင် ငရုတ်သီးများများထည့်ပါ။)

ပုစွန်ခြောက် ထည့်ထောင်းပါ။ ငါးပိ ကွမ်းသီးလုံးခန့် ကင်ပေးပါ။

ငါးပိကင်လေးလည်း ရောထည့်ထောင်းပါ။

ကြက်ဟင်းခါးသီးအပြင်က မီးကျွမ်းတာလေးတွေကို

အဝတ်နဲ့ သုတ်ပြီး၊ ဓါးနဲ့ ခြမ်းပြီး အတွင်းထဲက အစေ့တွေထုတ်ပစ်ပါ။

ပါးပါးလှီးပြီး ရောထည့်ထောင်းပါ။ ကြက်ဟင်းခါးသီးက

ကြီးတော့မညက်မှာစိုးလို့ လှီးထည့်တာပါ။

အပေါ့အငန်အတွက် ဆားအနည်းငယ်၊ကြက်သားမှုန့် 

တို့ နဲ့ လိုအပ်သလို ပြင်ဆင်ပြီး ဆီဆမ်းကာ စားသုံးနိုင်ပါတယ်။

ထမင်းပူပူလေးနဲ့ စားနိုင်ရုံမက ရေနွေးကြမ်းလေးနဲ့ ဒီအတိုင်း

မြည်းလည်း ကောင်းလှတဲ့ အရသာစုံတဲ့ ခါးသက်သက်စပ်စပ်လေးနဲ့  ကြက်ဟင်းခါးသီး ထောင်းပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝက်ပုန်းရည်



ဝက်ပုန်းရည်ဟင်းကတော့ တကယ့်အညာစာ စစ်စစ်ဖြစ်ပါတယ်။
အညာသားတို့ အကြိုက်ဟင်းတမယ်ဆိုလဲ မမှားပါဘူး။
ပုန်းရည်ဆိုတာက အညာထွက်ကုန်ပဲ မဟုတ်လား။
ဝက်ပုန်းရည် ချက်ရင် အိမ်မှာ ထမင်းချက်လို့  မလောက်ပါဘူး။
ကျွန်မရဲ့  တူပိစိလေးတွေက အစ ဝက်ပုန်းရည်ဟင်းနဲ့ ထမင်းနယ်ပေးတာကို
ထမင်းမည်းမည်းလေး စားလို့ ကောင်းတယ်ဆိုပြီး အရမ်းကြိုက်ကြပါတယ်။
ချက်ရတာလည်း လွယ်ကူမြန်ဆန်လှပါတယ်။ ဝက်သားကို ဝယ်တဲ့နေရာမှာ
ပုန်းရည်နဲ့ ရောဖို့ ဆိုရင် ကျွန်မကတော့ ဝက်သားသုံးထပ်သားကို ရွေးဝယ်ပါတယ်။
ပုန်းရည်အရသာလေး ရောဝင်နေတဲ့ ဝက်အဆီလေးရဲ့ အရသာကို ကြိုက်လို့ ပါ။
ဝက်သားသုံးထပ်သား မကြိုက်သူများအတွက် မိမိနှစ်သက်ရာ အစိတ်အပိုင်းနှင့်
ချက်နိုင်ပါတယ်ရှင်။
ဝက်သားကို ရေစင်အောင်ဆေးပြီး ဆား၊ငံပြာရည်၊ ပဲငံပြာ
ရည်အကြည် တို့ နှင့်ရောနယ်ပေးပါ။ ကြက်သွန်နီ ဆီသတ်ပါ။
(တစ်ချို့ က ဝက်သားအတွက် ဆီသတ်ရင် နနွင်းမှုန့် မထည့်ကြပါဘူး။)
ကြက်သွန်နီအရောင်လေးနွမ်းရင်ကြက်သွန်ဖြူ နှင့်ဂျင်းရောထောင်းထားတာကို ထည့်ပါ။
အနံ့ လေးမွှေးလာရင် အရောင်တင်မှုန့် ၊ဆားအနည်းငယ် နဲ့ ဝက်သားထည့်ပါ။
ဝက်သားကို သူ့ ရေလေးနဲ့ သူတစ်ရေခမ်းအောင်တည်ပြီးမှ
ရေထပ်ထည့်ပြီး နူးအောင်တည်ပါ။ ဝက်သားနူးခါနီး အချိန်လောက်မှာ
ပုန်းရည်ထုတ် (၁)ထုတ်ကို ဖောက်ထည့်ပါ။
ပုန်းရည်မှာ အမှုန့် ထုတ်က ကြာရှည်ခံပေမဲ့ အနှစ်ထုတ်က
ပိုပြီး စားလို့ ကောင်းပါတယ်။
ရေခဲသေတ္တာထဲထည့်ထားလို့ ပုန်းရည်ခဲနေရင် အပြင်မှာ
ရေနွေးလေးနဲ့ ဖျော်ပြီးမှ ဟင်းအိုးထဲ ထည့်ပေးပါနော်။
ဝက်သားနူးပြီ ဆိုရင် စားလို့ ရပါပြီနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online