အင်ဥ သုတ်


ဒီအချိန်မှာ မြန်မာနိုင်ငံမှာ အင်ဥတွေပေါ်နေတာအတော်ကြာပါပြီ။
ဈေးတောင် တော်တော်ချိုနေပါပြီ။ ဒီတစ်ခေါက် မြန်မာနိုင်ငံပြန်ရတာ မတန်ပါဘူး စားချင်တာတွေလည်းမစားခဲ့ရဘူး။ မန္တလေးမှာ အဲဒီတစ်လောက နေတွေပူလိုက်
မိုးတွေရွာလိုက်နဲ့ ရာသီဥတုက ကပြောင်းကပြန်တွေဖြစ်ပြီး ဝမ်းတွေလျှောကြတာ...။
အများဖြစ်တော့ ကိုယ်လဲပါတာပေါ့လေ။အဲဒါနဲ့ အိမ်က အပြင်စာပေးမစားဘူး။
နေပြန်ကောင်းတော့ ပါးစပ် ပျက်နေတာက နှစ်ပတ်လောက်ဆိုတော့ ပြန်သာလာရတယ် အစာစားချင်စိတ်မရှိလို့ ဘာမှ ဟုတ်တိပတ်တိ မစားရဘူး။ ပြန်လာခါနီးကျမှ သေတော့မဲ့လူလို
ဒေါ်ရှိ ထမင်းနဲ၊ မန်းမြို့တော်ပေါက်စီ၊ မြေအိုးမြီးရှည်၊ ဘုရားကြီးက သီးသီးပေါင်း၊ ပင်စိမ်းသီး(ထင်တာဘဲ)ပေါင်း၊(မမ မိုးကောင်းသူ အမြဲမှာတယ် စားခဲ့ဖို့ ) အပြေးအလွှား
သွားစားရပါတယ်။ အာပူလျှာပူနဲ့  ငါဖယ်သုတ်တော့ နေ့ တိုင်းနီးပါး ခိုးပြီးစားတယ်။
မန္တလေးက အာပူလျှာပူကို ငါးဖယ်သုတ်နဲ့ တွဲရောင်းတယ်။ငါးဖယ်ကို ပဲတောင့်ရှည်သီး
နုနုလေးတွေနဲ့ မန်ကျီးရည်၊အာပူထဲ ထည့်တဲ့ငရုတ်သီးဖျော်ရည်၊ကြက်သွန်ဖြူကြော်ထောင်း၊
ငံပြာရည်နဲ့ နယ်တာ စားလို့ တော်တော်ကောင်းတယ်။ နောက်လုပ်စားဖြစ်မှ ဓါတ်ပုံရိုက်တင်ပါ့မယ်။
အခုတော့ ဘာဓါတ်ပုံမှ မရိုက်ခဲ့ ရဘူး။ အစားငမ်းနေလို့ ပါ။ တကယ်စားခဲ့ တာ ယုံပါ။
ခုတလောမှာ အလုပ်အနည်းငယ်ရှုတ်နေတဲ့အတွက် blog မှာ လူမှုရေးမကျေပြွန်တာများ
ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။ကျွန်မ blog က ဓါတ်ပုံလေးတွေ quality မကောင်း၊
မှုန်ဝါးဝါးနဲ့ ရိုက်ထားတာကို သည်းခံပြီး ကြည့်ပေးတာကိုလည်းကျေးဇူးတင်ပါတယ်။
အိမ်အစားအစာဘဲ စားခဲ့ရတဲ့အတွက် ရာသီစာ အင်ဥကို သုတ်လိုက် ကြော်လိုက်
စားခဲ့ တာလေးကိုဝေမျှလိုက်ပါတယ်။

အင်ဥက စားလို့ ကောင်းသလောက် သူ့ ကို ရွှံ့ တွေ ကုန်စင်အောင် အထပ်ထပ်ဆေးကြောရတာတော့ကြာပါတယ်။ အင်ဥတစ်လုံးချင်းစီကို ပွတ်ပြီး
အင်ဥမှာကပ်နေတဲ့ ရွှံ့ တွေစင်သွားသည်အထိရေနဲ့ ဆေးကြောပါ။
ပြီးရင် မီးဖိုပေါ်မှာ အိုးထဲကို အင်ဥထည့်ရေထည့်ပြီး ပြုတ်ပေးပါ။
သုတ်စားဖို့ အတွက်ဆိုရင်တော့ အင်ဥ နုနုလေးတွေက စားလို့ ပိုကောင်းပါတယ်။
အင်ဥနူး၊မနူးကို ခက်ရင်း(သို့ )ဓါးဖျားလေးနဲ့ ထိုးပြီးမည်းကြည့်ပါ။
အင်ဥနူးပြီဆို မီးဖိုပေါ်မှချပြီး ရေသွန်ကာ ဇကာထဲတွင်အအေးခံထားပေးပါ။
ထို့နောက် အင်ဥကို ပါးပါးလှီးပါ။ ကြက်သွန်နီ ကြိုက်တတ်ရင် ပါးပါးလှီးထည့်ပါ။
ကျွန်မကတော့ ညီးစော်နံမှာစိုးလို့ ကြက်သွန်နီ ထည့်မသုတ်ပါဘူး။ဆီချက် ချက်ထားပါ။ ထည့်နယ်မည့်ဇလုံတစ်လုံးတည်းတွင်အင်ဥ၊မြေပဲဆန်ထောင်း၊ပုစွန်ခြောက်မှုန့် ၊ငံပြာရည်၊
သံပုရာသီးတစ်စိတ်( အချဉ်ကြိုက်တတ်လျှင်ပိုထည့်ပါ)၊ငရုတ်သီးမှုန့် ၊ကြက်သွန်ဖြူဆီချက်
တို့ နှင့်အင်ဥကို ချဉ်ငန်စပ် သုတ်စားပါက အသားဟင်းမပါဘဲတောင် ထမင်းအလွန်မြိန်စေပါတယ်ရှင်။ (ပြောရင်းနဲ့ ကို စားချင်လာပြီ) ။ သတ်သတ်လွတ်စားသူများအနေနဲ့ လည်း ပုစွန်ခြောက်မပါဘဲ
ငံပြာရည်အစားဆားထည့်ပြီး သုတ်စားလို့ ရပါတယ်ရှင်။
ဓါတ်ပုံဝါးတာကို ခဏတော့သည်းခံပြီးကြည့်ပေးပါ။ camera မှာအပြစ်ရှိနေလို့ ပါ။
နောက်post တွေမှာ ကြည်တောက်နေတဲ့ပုံလေးတွေ ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ (မြူး blog ကပုံလေးတွေ တော်တော်လေး လှတယ်။)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

5 comments:

ကိုလူထွေး said...

အင်ဥသုတ်တော့ မစားဖူးဘူး...

ဓာတ်ပုံမကောင်းတာတော့ ကင်မရာကိုပဲ လွှဲချလိုက်ပါ့မယ်...

လွှဲချလိုက်ပါမယ်...

လွှဲ.....ချလိုက်ပါ့မယ်...

((((((((ခွပ်)))))))))))

ဟောဗျ... ကွဲသွားပြီ

းဝ)

Anonymous said...

မမရေ......

ကျေးဇူးနော်
အရမ်းကြိုက်တယ်လေ
း)

မိုးကောင်းသူ said...

အင်ဥသုပ်စားချင်တယ်လေ။ အင်ဥကိုကြော်လဲကြိုက်တယ်။ သီးသီးပေါင်းလဲ စားချင်တယ်။ သီးသီးပေါင်းက ဘုရားကြီး အချဉ်ပေါင်းဆိုလို့ သွားရည်မကျအောင်မနည်းထိန်သွားရတယ်။ :D

လုလု said...

အင်ဥသုပ်
ရှယ်ကြိုက်
အရမ်းကြိုက်
ပြုတ်ရည်လေးကို သံပုရာရည်လေးညှစ်၊ ငံပြာရည်လေး ငရုတ်သီးစိမ်းလေးနဲ့ ရှောက်ရွက်လေးခပ်သောက်
အရမ်းအရမ်းကိုကြိုက်ပါတယ်
ကျေးဇူးပါနော် ညီမလေး
မမ အင်ဥမစားရတာ ကြာပြီ
အခု အရမ်းကို စားချင်လို့ သွားရည် မျိုချနေရတယ်
ဂလု့ 

Ko Boyz said...

အိမ်မှာ အမေချက်တဲ့ အင်ဥ.. ဆီပြန်ခေါ်ရမလား မသိ။
ပဲပုပ်ချပ်ကို ကင်ပြီး ထောင်းထည့်ထားတာ။ ထမင်းဖြူဖြူနဲ့ နယ်စားရတာ အတော်ကောင်းတယ်ဗျာ။
အမေကိုတောင် လွမ်းသွားပြီ...။ မစုဘူး မကောင်းဘူးဗျာ...။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online