ပူပူစပ်စပ် ဂဏန်းဟင်းတစ်ခွက်


ပြီးခဲ့တဲ့ တစ်ပတ်က ဂဏန်းသေပြီးသား အကောင်လေးတွေကို
ဈေးချထားတာတွေ့ လို့ ဝယ်ချက်စားဖြစ်ပါတယ်။
ဂဏန်းအခွံခွာနည်းကိုတော့ youtube ကနေကြည့်ပြီး သေချာခွာရပါတယ်။
ရေစင်စင်ဆေးရပါတယ်။ ဂဏန်းကိုယ်ထည်ထဲက အဆီအဥလေးတွေကို ဖယ်ထုတ်ပြီးပန်းကန်ထဲတည့်ထားပါတယ်။

ဖြတ်ထားတဲ့ လက်တွေခြေတွေကို ငရုတ်ကျည်ပွေ့ နဲ့ကွဲအောင်ထုပါတယ်။
နှစ်ခြမ်းခွဲထားတဲ့ ဂဏန်းကိုယ်ထည်တွေကို ဆား၊ ကြက်သားမှုန့်နဲ့ နယ်ပါတယ်။
အိုးတစ်လုံးထဲကို ဂဏန်းကိုယ်ထည်တွေရယ်၊ထုထားတဲ့ လက်ခြေတွေရယ်၊ ကြက်သွန်ဖြူ အမွှာကြီး (၅)မွှာ၊ဂျင်းလက်တစ်ဆစ်လောက်လေးတွေ (၅)ဆစ်လောက် ဓါးပြားရိုက်ပြီး၊ဆား၊ငံပြာရည်နည်းနည်းထည့်ကာ ရေနည်းနည်းချင်းဖြည့်ပြီး ထည့်ပြုတ်ထားပါတယ်။

ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကို ညက်ညက်ထောင်းပြီး ဆီသတ်ပါ။
ဆီသတ်တဲ့ထဲကို စပါးလင်နုတဲ့အပိုင်းလေးတွေကို ညက်အောင်ထောင်းပြီး ထည့်ပါတယ်။
ဆီသတ်နံ့မွှေးလာရင် ဂဏန်းအဆီဥလေးတွေကို ထည့်ပါတယ်။ကြက်သားမှုန့်နည်းနည်း၊အရောင်တင်နည်းနည်းထည့်ပါတယ်။ ငရုတ်သီးအတောင့်လိုက်(၄)တောင့်လောက်ထည့်လိုက်ပါသေးတယ်။
မာလာဟင်းအနှစ်ထုတ်ထဲက အနှစ်ကို ဟင်းစားဇွန်းနဲ့(၃)ဇွန်းထည့်ပါတယ်။( ဂဏန်းအကောင်သေး (၅)ကောင်စာအတွက်အချိုးပါ။)
ရှမ်းနံနံ ထည့်ပါတယ်။ ဗမာနံနံ ပါနည်းနည်းထည့်လိုက်တယ်။ အဓိက ကတော့ ရှမ်းနံနံပါ။

ဆီသတ်ထားတဲ့အရာတွေကို ပြုတ်ထားတဲ့ ဂဏန်းအိုးထဲကို ရောထည့်ပြီး ဆူပွက်အောင် ပြန်တည်ပါတယ်။ အရသာမြည်းကြည့်ပြီး ကြက်သားမှုန့်နဲ့ငံပြာရည်နည်းနည်းစွက်ပြီး ငရုတ်ကောင်း နည်းနည်း အုပ်ပါတယ်။ ဟင်းအိုးပွက်ရင် စားလို့ရပါပြီနော်။

အရည်တွေအများကြီးနဲ့ အကင်ဆိုင်ကရောင်းတဲ့ ဂဏန်းဟင်းအရသာမျိုးပါ။ မြည်းဖို့လည်းကောင်းသလို အရည်လေးတွေက ပူပူစပ်စပ်နဲ့ ထမင်းနဲ့နယ်စားလည်း အရသာရှိလှပါတယ်။
သူငယ်ချင်းတွေ gathering လုပ်တဲ့ပွဲမျိုးဆိုလည်း ကျွေးလို့ကောင်းပါတယ်။ ဂဏန်းကိုက်နေတော့ တစ်ခြားဟင်းမထိတော့ဘူးပေါ့နော်။ :P သုံးဆောင်ကြည့်ပါနော်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

10 comments:

Shinlay said...

စားချင်နေတာပါ။ ဒီမှာတော့ ရေခဲစိမ်ထားတာပံရှိပါတယ်။
တယောက်ထဲဖြစ်နေလို့  မစားဖြစ်သေးပါဘူး။
အလွန်ကြိုက်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အား
သွားရေကျတယ်
ဂဏန်းတော့ တအားကြိုက်တယ်
ဝယ်တော့စားတယ် မချက်စားဖြစ်ဘူး
ဂဏန်းအရှင်တွေဘဲ ဒီမှာရောင်းတာဖြစ်လို့လေ
ကိုယ်တိုင်ကိုယ်ကျ ချက်စားချင်ပါသေးတယ်
ခုပုံထဲက ဂဏန်းဟင်းလေးက တကယ်ကို သွားရေကျချင်ဖွယ်ရာပါဘဲ။

Baby taster said...

ဂဏန်းကြိုက်ပေမဲ့ ခွါရတာ စိတ်မရှည်ဘူး
ချဉ်စပ်လေး စားချင်လိုက်တာ

nu-san said...

စားချင်ပါတယ် စုဘူးရယ်.. ဒီမှာက ပင်လယ်ဂဏန်းတွေဆိုတော့လေ အကောင်လည်း ကြီးတယ်.. အဲဒီလို ဟင်းချက်စားလို့ကောင်းပါ့မလားဆိုပြီး ချက်မစားဖြစ်ဘူး.. နောက်ပြီး အရှင်ဆိုတော့လည်း ဈေးကြီးတာနဲ့ ကိုယ်က မလုပ်တတ်တာနဲ့ဆိုတော့ တစ်ခါမှကို မ၀ယ်စားဖြစ်ဘူး.. ဂျပန်တွေကတော့ ရေနဲ့ပြုတ်ပြီးစားတယ်.. ပြီးတော့ လက်မကို မီးကင်စားကြတယ်.. အမကတော့ ညီမ ချက်သလိုမျိုးပဲ စားချင်တယ်.. :D

Unknown said...

ကျေးဇူးပါ မစုဘူးအိမ်

ကျွန်တော်က ဂဏန်းဟင်းကို ချောင်းသာမှာ စားခဲ့ပြီး တအားကြိုက်သွားခဲ့သူပါ။
စလုံးမှာ ဂဏန်းဟင်းကောင်းကောင်းချက်တဲ့ ဆိုင်တွေကို လိုက်မေးဝယ်စားဖူးပါတယ်။
ဗမာ အကြိုက်မတွေမိသေးဘူးဗျ...
အခု အမစုဘူးအိမ် ရဲချက်နည်းလေးကို တွေလိုက်တော့
စားချင်စိတ်ကို ချက်နည်းလေးပါ အလွန်သဘောကျမိပါတယ်
နောက် အလျင်သင့်သလို ပင်လယ်စာလေးတွေရေးပါ လို..
မြန်မာအများစုက ဗုဒ္ဓ ဘာသာတွေများတော့ အရှင်တော့ လုပ်မစားရဲဘူး ...
အသေလေးတွေတွေရင်ချက်စားမှာပါ..
ဟင်းခက်အမွေးအကြိုင်တွေကို ဘယ်နေရာ မှာဝယ်ရတယ်..ဆိုတာလေးကိုတော့ ပြောစေချင်ပါတယ်
ကျွန်တော်တိုက ဟင်းချက်တာတော့ ဒီနိုင်ငံရောက်မှ ၀ါသနာပါလာတာပါ..
ဘယ်လိုဟင်းခက်အမွေးအကြိုင်တွေက ကောင်းသလဲဆိုတော့ မသိသေးပါ..
ကျေးဇူးတင်ပါတယ်
ဒီထက်မက အောင်မြင်ပါစေ ...

စန္ဒကူး said...

ကူးလဲတစ်ခါစားဖူးတယ်..ဆိုင်မှာ..
အိမ်ကမသိအောင်ခိုးစားတာ..
ချိုချိုလေး.. ရန်ကုန်ပြန်မှ ထပ်သွားခိုးစားအုံးမယ်..စုဘူးချက်ထားတာစားချင်စိတ် တွေပေါက်လာပီ..

subuueain said...

မမရှင်လေး၊မချော၊baby taster၊မနုစံ၊ကူးကူး။ bo လာလည်တာကျေးဇူးပါ။
bo မေးထားတဲ့ ဟင်းခပ်အမွှေးအကြိုင် ကတော့ ကျွန်မ ထူးထူးထွေထွေ မသုံးပါဘူး။မာလာဟင်းအနှစ်ထုတ် ကလည်း pennisular မှာအလွယ်တကူဝယ်လို့ရပါတယ်။ ငါးပုံလေးနဲ့ အထုတ်က အရသာအပူအစပ်အတော်ပါဘဲ။ နောက်ဟင်းတွေကျရင် သုံးတဲ့ပစ္စည်းလေးတွေပါ ပုံထည့်ပေးပါ့မယ်ရှင် :)

T T Sweet said...

စားချင်စဖွယ် ဂဏန်းဟင်း။ တစ်ခါမှ ချက်မစားဖူးဘူး။ ဟိုနေ့က wet market မှာတွေ့တာ။ ချက်ရင်မကောင်းမှာ စိုးလို့ မ၀ယ်ရဲဘူး။ တစ်ခါလောက်တော့ စမ်းချက်ဦးမယ်။ ရှယ်ပေးတာကျေးဇူးနော်။

သိင်္ဂါကျော် said...

ကိုယ့်ဟာကိုယ် ချက်စားဖို့တော့ စိတ်ကူးကို မရှိဘူး.. ချက်ပြီးသားဆိုရင်တော့ စားချင်တယ်.. ဟီးး

Ei Thet said...

အစ်မ မာလာဟင်းအနှစ်မရှိရင် မထည့်ဘဲချက်လို့ရလား ဒါမှမဟုတ် တခြား ဘာထည့် သုံးရမလဲဟင်

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online