ကြာဇံကြော်


ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း

မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြော်နိုင်ပြီး ကျွန်မက တော့ ကြက်သား၊

ကြက်မြစ်၊ကြက်သည်းနဲ့ ကြက်အူချောင်းကို သုံးထားပါတယ်။

ဆန်ကြာဇံကို ရေအေးနဲ့ (၁၅)မီးနစ်ခန့် စိမ်ထားပါ။ ၁၅ မီးနစ်လောက်ရေစိမ်ပြီး ပျော့လာတဲ့ကြာဇံကို

အနေတော် ကတ်ကြေးဖြင့် ညှပ်ပါ။ ရေအေးများသွန်လိုက်ပါ။

ရေနွေးကို ပွက်ပွက်ဆူအောင် တည်ပြီး ရေအေးစိမ်ထားလို့ ပျော့လာတဲ့ ကြာဇံကို

ကျက်အောင် မီးဖိုပေါ်မတင်ဘဲ ဇလုံကြီးကြီး တစ်ခုထဲထည့်ပြီး ရေနွေးဖျောလိုက်ပါတယ်။

ဇလုံကို တစ်ခုခုနဲ့ ဖုံးထားပါ။

ကြာဇံပေါ်မူတည်ပြီး (၃) မီးနစ် (သို့) ၅ မီးနစ်ခန့် ရေနွေးဖျောပြီးတဲ့အခါမှာ

ကြာဇံကိုမြည်းကြည့်လိုက်တဲ့အခါမှာ လုံးဝ ဆတ်တောက်တောက်မဖြစ်တော့ဘဲ ကျက်နေပါပြီ။

ရေအေး အလုံအလောက်ဆေးပြီး ဇကာနဲ့ ရေခြောက်အောင် စစ်ထားပါ။

ရေခြောက်ပြီဆိုတာနဲ့  ကြာဇံကို ပဲငံပြာရည်အနောက် (မိမိလိုချင်တဲ့ အရောင်ပေါ်မူတည်ပြီး

အနည်းအများချင်ထည့်ပါ။)၊

ကြက်သားမှုန့်၊ဆား ၊ငံပြာရည် သင့်ရုံထည့်ပြီး နယ်ထားပါ။ကြာဇံကို ရေအေးစိမ်ပြီး

မီးဖိုပေါ်ရောက်မှ ရေတောက်တောက်ပြီး ကြော်တဲ့အခါမှာ တစ်ခါတစ်လေ အိုးကပ်ပြီး

မလှဖြစ်တတ်လို့ ဒီနည်းကိုသုံးထားတာပါ။ ခုတော့ ဒီနည်းနဲ့အဆင်ပြေလို့

ဆက်သုံးဖြစ်နေပါတယ် Jကြက်သား၊အမြစ်အသည်းကို ရေသေချာဆေး ပြီး

ဆား၊ ငံပြာရည်နယ်ပြီး နှပ်ထားပါ။ နောက် ကြက်သားကို ဂျင်းနည်းနည်း၊ ကြက်သွန်ဖြူနည်းနည်း

ထုထည့်ပြီး ရေနည်းနည်းချင်းထည့်ပြီး ရေခမ်းပြုတ်ပါတယ်။

ကြက်မြစ်ကို လည်း ကြက်အသားကို ပြုတ်သလိုဘဲပြုတ်ပါတယ်။

ကြက်အသည်းကိုတော့ လှီးလို့ ကောင်းရုံ မာလာအောင် ရေနည်းနည်းထည့်ပြီး ပြုတ်ပါတယ်။

နောက်အသားများကို အအေးခံထားပြီး ခပ်ပါးပါးလှီးပြီး တစ်စောင်စီ

ပန်းကန်ထဲထည့်ထားပါ။ ကြက်အူချောင်းကိုလည်းရေနည်းနည်းထည့်ပြီး

မီးဖိုပေါ်မှာ ကျက်အောင်လှိမ့်ပြီး အရှည်လိုက် လှီးထားပါ။

ကြာဇံကြော်ထဲကိုထည့်မဲ့ အသီးအရွက်ကတော့ မုံလာဥနီ၊ ရွှေပဲသီး၊ ဂေါ်ဖီထုတ်၊

ပန်းမုံလာ နှင့် မိမိနှစ်သက်သလိုထည့်နိုင်ပါတယ်ရှင်။

ရွှေပဲသီးကို ထိပ်နှစ်ဖက်ကိုတိပြီး ဘေးက အကြောလေး ပါအောင် သင်ပြီး

တစ်စောင်းလေးတွေ မထူမပါးလှီးပါတယ်။

မုန်လာဥနီကိုလည်း နှစ်သက်ရာပုံစံကို အနေတော်လှီးထားပါမယ်။

ဂေါ်ဖီ၊ ပန်းမုံလာတို့ကိုလည်း အနေတော်လှီးပါ။

လှီးပြီး အသီးအရွက်များကို ရေစင်စင်ဆေးပြီး ရေစစ်ထားပါ။

ဒယ်အိုးတစ်လုံးထဲကို ဆီနည်းနည်းထည့်ပြီး ကြက်ဥ (၃)လုံးလောက်ကို

ဆားထည့်ခေါက်ပြီး ပါးပါးလေးတွေရအောင် နည်းနည်းချင်းကြော်ပါ။

နောက် အအေးခံပြီး ပါးပါးလှီးပါ။ ဒယ်အိုးထဲကို ဆီ ထပ်ထည့်ပြီး တည်ထားပါ။

အသီးအရွက်နဲ့ ကြာဇံ မှန်းပြီး ဆီကိုထည့်လိုက်ပါ။ များလွန်း နည်းလွန်း လျှင်စားမကောင်းပါ။

ဆီကျက်လျှင် ကြက်သွန်ဖြူ မညက်တညက်ထောင်း (သို့) ဓါးပြားရိုက်ပြီး

ပြန်လှီးထားတာကို ထည့်ပါ။နောက်အသား၊အသည်းအမြစ်လှီးထားတာတွေထည့်မွှေပါ။

အသီးအရွက်တွေထည့်ပါ။ အရသာအတွက် တရုတ်မဆလာ၊ ငရုတ်ကောင်းမှုန့် နည်းနည်း၊

ဆား၊ ကြက်သားမှုန့် ၊ ငံပြာရည် နည်းနည်းချင်းစီ ထည့် ပြီး ရေ နည်းနည်းချင်းစီ

လက်နဲ့ တောက်ပြီး အသီးအရွက်ကျက်အောင်တည်ပါ။

ကျက်ခါနီး စိမ်းဆတ်ဆတ်လေး ဖြစ်လာပြီဆိုရင် အရသာနယ်ထားသော ကြာဇံကို ထည့်လိုက်ပါ။

ကြာဇံ ရဲ့အရသာနဲ့ အသားအရွက်ကြော်အရသာရောသွားအောင် မီးဖိုပေါ်မှာ ၄မိနစ်

၅မိနစ်လောက်ဆက်မွှေပြီး ကြော်လိုက်ပါ။

ကြာဇံကြော်နံ့ လေးလည်းထွက်လာပါပြီ။

ဒါဆိုရင်တော့ ကြာဇံဖတ်တွေပြတ်မသွားတဲ့ ကြာဇံကြော်လှလှလေးရပါပြီနော်။

ကြက်ဥကြော် ၊ ကြက်အူချောင်းနဲ့ တရုတ်နံနံကိုတော့ အပေါ်ကနေဖြူးလိုက်ပါတယ်။

ကြွက်နားရွက်မှိုကို ပြုတ်ပြီး ပါးပါးလှီးပြီးလည်းဖြူးထားသေးတယ်။

ကြာဇံကြော်နဲ့ လိုက်ဖက်တဲ့အချဉ်ကတော့ ကြက်သွန်နီကို ပါးပါးလှီးပြီး ငရုတ်သီးစိမ်းပါးပါးလှီး

ဆားထည့်ပြီး သံပုရာ ရွှဲရွှဲညှစ်ထားတဲ့ အချဉ်နဲ့ပါ။

မန်ကျီးရည်နဲ့ကြိုက်သောသူများလည်း မန်ကျီးသီးကို ရေနွေးလေးနဲ့  စိမ်ပြီး

အနှစ်ယူ ဆား၊သကြား ထည့်ပြီး ငရုတ်သီးစိမ်း၊နံနံပင်ညှပ်ထည့်ထားတဲ့ 

အချဉ်နဲ့လည်း စားသုံးနိုင်ပါတယ်။

ဟင်းရည်ကိုတော့ အရိုးပြုတ်ကို ငရုတ်ကောင်း၊ကြက်သွန်မြိတ်ခပ်ပြီး ဖြစ်စေ

ကြက်သားမှုန့်ကို သုံးပြီးဖြစ်စေ စားသုံးနိုင်ပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

7 comments:

စူးနွယ်လေး said...

အကြိုက်ပဲ...ဟင်းမစားချင်ရင် ကြာဆံကြော် ခဏခဏ ကြော်စားဖြစ်တယ်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ကြာဇံကြော်ကတော့ မနက်တိုင်းလိုလို စားဖြစ်တဲ့ အစားအစာ တစ်ခုပါ။ ကြိုက်လဲကြိုက်တယ်။ ဆိုင်မှာ ၀ယ်စားတာကို သိပ်မကြိုက်ဘူးလေ။ ကိုယ်တိုင်ကြော်တာ။

မန်ကျည်းသီး အချဉ်ရည်လေးနဲ့.. ငါးရုပ်သီးစပ်စပ်လေးနဲ့ ထည့်ပြီး တရှုးရှုး တရှဲရှဲနဲ့ ..တခါစားရင် အများကြီး စားပစ်တာ။

အခုတော့ သေချာကြော်တဲ့နည်းလေး ဝေမျှပေးလို့ အတိုင်းမသိ ၀မ်းသာမိပါ၏ ဗျာ..

ခင်မင်စွာဖြင့်
ကိုမျိုး

စန္ဒကူး said...

စောစောစီးစီးကြာဇံကြော်လေးစားလိုက်ရရင်ကောင်းမယ်။
စုဘူးရေ.ကူးလေ ကြာဇံမကြော်တတ်ဘူးသိလား..
ကြော်တိုင်းပျက်တာ...
စုဘူးကြာဇံလေးဘဲငမ်းသွားတယ်...
တစ်ခေါက်တော့ထပ်စမ်းကြည့်အုံးမယ်..
စုဘူးရေးထားတဲ့နည်းအတိုင်း

လုလု said...

စုဘူးရေ့
မမလုလည်း ကြာဆံကြော်ဆိုရင် အရမ်းအရမ်းကို ကြိုက်တာ။ ခေါက်ဆွဲကြော်မကြိုက်ဘူး၊ ကြာဆံကြော်ဆိုရင်တော့ အရမ်းကြိုက်တယ်။ စုဘူးကြော်ထားတာကြည့်ပြီး စားချင်စိတ်ကို မနည်းမျိုသိပ်ပြီး ပြန်သွားပါအိ။
ချစ်ခင်စွာဖြင့်
လုလု

Shinlay said...

ဒီနည်းလေးနဲ့ ကြော်ကြည့်အုံးမယ်။ အရင်ကတော့
ရေစိမ်ထားတာကို ကြော်တာ။ မလှဘူး..
ကျေးဇူးပါ။

rose of sharon said...

ကြိုက်တယ်... ကြိုက်တယ်... လုပ်စားမယ် :)

ThuHninSee said...

:) သိပ်ကြိုက်... အဲဒီနည်းလေး သုံးမယ်။ အရောင်ကဘယ်တော့မှ မညိုဘူး..ပဲငန်ပြာရည် အများကြီးထည့်ပြန်တော့ ငန်ရော..

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online