ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။
မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊
ငံပြာရည် ကောင်းကောင်းဖြစ်ပါတယ်။
မုန့်တီဖတ်အတွက်ကတော့ singapore
မှာသုံးတဲ့ laksa မုန့်ဖတ်ကတော့ နန်းလတ်အဖြစ်သုံးရတာအဆင်ပြေပါတယ်။
မုန့်တီဖတ်တုတ်တုတ်လေးနဲ့ မှ သုတ်စားချင်သူတွေအတွက် Udon မုန့်ဖတ်ကို သုံးလို့ရပါတယ်ရှင်။
ဒီမှာတော့ Laksa မုန့်ဖတ်ကို သုံးထားပါတယ်။
မုန့်တီဖတ်ကို ရေနွေးနဲ့ ခဏပြုတ်ပါတယ်။
မုန့်ဖတ်အနေတော်ဖြစ်တဲ့အခါမှာ မီးဖိုပေါ်မှချပြီး ရေအေးအေးနဲ့ နှံ့အောင်ဆေးချပြီး ရေစစ်ထားပါတယ်။
ကြက်သားအဖီနဲ့တောင်ပံရိုး၊ခြေထောက်ရိုးများကို ဆား၊ ငံပြာရည်၊ နနွင်းမှုန့် နယ်ပြီး
ရေနည်းနည်းချင်းစီထည့်ပြီး ပြုတ်ပါတယ်။
ကြက်သားနူးတဲ့အခါ ဆယ်ယူ အအေးခံထားပါ။
ပြုတ်ထားသောကြက်သားကို အမျှင်အရှည်လေးတွေရအောင် ဖဲ့ယူထားပါ။
ဟင်းရည်အတွက် တောင်ပံရိုးနဲ့ခြေထောက်ရိုးကြက်ပြုတ်ရည်ထဲကို ဂျင်း ၊ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။ ငံပြာရည်၊ကြက်သားမှုန့်လေးထပ်ထည့်ပြီး မီးအေးအေး နဲ့ ဆက်တည်ထားပါ။
အသုတ်နဲ့တွဲဖက်စားခါနီးမှ ကြက်သွန်မြိတ်အနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့်ခပ်သုံးဆောင်ပါ။
ဆီချက်ဝါချက်ဖို့အတွက်ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်ဖြူလေးကို
မညက်တညက်လေးထောင်းပါတယ်။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာလျှင်နနွင်းမှုန့် လေးထည့်ပြီး ကြက်သွန်နီ အရင်ထည့်ပါတယ်။
ခဏနေမှ ကြက်သွန်ဖြူ ထည့်ပါတယ်။
ဆီအပူရှိန်နှင့်ကြက်သွန်ကျက်မဲ့အချိန်မှန်းပြီး မီးဖိုပေါ်မှ ချပြီး အိုးကို ဆက်တိုက်မွှေပေးရပါတယ်။
ငရုတ်သီးဆီချက်အတွက်ကတော့ ဆီပူအောင်တည်ပြီး ဆီပူလျှင်မီးဖိုပေါ်မှချပြီး
ငရုတ်အရောင်တင်ထည့်ပြီး မွှေပေးပါတယ်။
ကြက်သားချက်ဖို့အတွက်ကတော့ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း တို့ကို
ပုံမှန်ထက်ဆီနည်းနည်းများထည့်ပြီး အနံ့မွှေးလာတဲ့အထိ ဆီသတ်ပါ။
ခရမ်းချဉ်သီးတစ်လုံးကို ခပ်နုတ်နုတ်လှီးထည့်ပြီး အနှစ်လုပ်ပါ။
ဆား၊အရောင်တင်နှင့် ကြက်သားမှုန့်ထည့်ပြီး ကြက်သားမျှင်လေးများထည့်ပါ။
အရသာမြည်းကြည့်ပြီး ဆီပြန်လျှင် မုန့်တီအတွက် ကြက်သားဟင်းရပါပြီရှင်။
အချို့ကတော့ ကြက်သားကို ပြုတ်ရုံဘဲပြုတ်ပြီး နွှင်ထားတဲ့ အရသာကိုယူပါတယ်။
ကျွန်မကတော့ ကြက်သားကို ဟင်းလေးချက်ပြီး သုတ်တဲ့မုန့်တီသုတ်အရသာလေးကို
ကြိုက်တာမို့ အမြဲ ကြက်သားကို ချက်ပါတယ်။
ဒီလောက်ဆိုရင်တော့ မုန့်တီသုတ်အတွက် အခြေခံလိုအပ်ချက်လေးတွေပြည့်စုံပါပြီနော်။
ပန်းကန်ထဲမှာ မုန့်တီဖတ်၊ ပဲမှုန့်များများ ငရုတ်သီးမှုန့်၊ငံပြာရည်၊ ကြက်သား၊ ဆီချက်ဝါ၊
ဆီချက်နီ တို့ ထည့်ပြီး သုတ်စားလို့ရပါပြီနော်။
အချဉ်ကြိုက်တတ်သူများအနေဖြင့်ကြက်သွန်နီ ပါးပါးလှီးပြီး သံပုရာညှစ်ကာ တွဲဖက်စားသုံးနိုင်ပါတယ်ရှင်။ ပဲပင်ပေါက်ရေနွေးဖျော၊ ဂေါ်ဖီထုတ် ရိတ်ရိတ်လှီးပြီးလည်း ထည့်သုတ်စားလို့ရပါတယ်ရှင်။
နံနံပင်၊ ကြက်သွန်မြိတ်တို့လည်း ကြိုက်တတ်သောသူများထည့်စားကြပါတယ်။
ကြက်ဥပြုတ်၊ ငါးဖယ်ပြုတ်၊မုန့်ကြွတ်ခြောက်တို့နှင့်လည်း
တွဲဖက်သုံးဆောင်နိုင်ပါတယ်ရှင်။
Online Persona
1 week ago
12 comments:
စောစောစီးစီး လာကြည့်မိတာမှားပြီ.. စားချင်လိုက်တာနော်..
တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာလဲ င်္ဒီနေ့ညနေ မုန့်တီသုတ်ပဲ။ အိမ်ဆေးသုတ်တဲ့ အလုပ်သမားလေးတွေ ကျွေးချင်လို့ဆို သုတ်ရင်းနဲ့ တစ်အိမ်လုံးစာ လုပ်လိုက်တာ။
အခုပြထားတဲ့ပုံလေးတွေက ကိုယ်သုတ်နေကျထက် ပိုစားချင်စဖွယ်ကောင်းနေသလိုပဲ။ စုဘူးအိမ်က မန်းသူလားတော့ မသိဘူးနော်။ ပုံကတော့ မန္တလေးမုန့်တီ လက်ရာ အတိုင်းပဲ။ မုန့်တီမှာတော့ ရန်ကုန်က မန်းလေးကို လုံးဝမမှီပါဗျား။
ညနေကျရင် သုတ်စားမယ်။ အပေါ်ကပုံလေးအတိုင်းတူအောင်။
(အပေါ်ကကွန်မန့်က စုဘူးနာမည်ရေးတာ ၀တ်စပေါက်ကျန်ခဲ့လို့ ဖျက်လိုက်တာ :)sorry)
မြူးမြူးရေ ကြုံရင် သုတ်ကျွေးချင်ပါတယ်။ :)
တီဆွီ လာအားပေးတာ ကျေးဇူးတင်ပါတယ်ရှင်။ စုဘူးအိမ်က မန်းသူ ဟုတ်ပါတယ်ရှင်။
မုန့်တီစားဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ အလွန်ဆာလောင်နေတဲ့ ဗိုက်နဲ့ ငတ်ကြီးကျတဲ ပါးစပ်ဖြစ်ပါတယ်။ စားချင်လိုက်တာ။
စားချင်စရာကောင်းလိုက်တာ။ သုပ်စားဦးမယ်။
သုတ်ထားတာ ကျကျနနနဲ့ စားချင်စရာကောင်းလိုက်တာ
အိမ်မှာတော့ ဟင်းကိုအရည်ပိုများအောင်ချက်ပြီးတမင်ဆီနည်းထည့် သုတ်တော့ သိပ်မလှဘူး.......
ပဲပင်ပေါက်လေးထည့်စားတာလဲကြိုက်တယ်
စားချင်စရာလေး...း))
စုဘူးရေ.. စားချင်တယ် ညီမ.. ငရုတ်သီးစပ်စပ်လေးနဲ့ကို စားချင်တာ.. အသုပ်ကို စားလို့ မဖြစ်သေးဘူးကွယ်.. :(((
အစ်မစုဗူး စားကောင်းမယ့်ပုံပဲ... ၁ ပွဲလောက်... ဆီတော့နဲနဲလျော့ထည့်ပေးပါနော်... ညီမက ဆီကြောက်လို့ပါ အစ်မ......
:)
အခုမှ အလုပ်ကပြန်ရောက်တာ...ဆာလိုက်တာ။။။
တစ်ချို့ comment တွေ ဘာမှမလုပ်ပါဘဲနဲ့ ပျောက်ကုန်တယ်။Sorry ပါနော်
Post a Comment