

ပုစွန်ထုတ်ဆီပြန် ရာဇဝင်လေးက တော့ မင်းဒင်ရဲ့ သက်ခိုင် ဖတ်တုန်းက ချက်စားဖြစ်ခဲ့တာပါ။
ပုစွန်ထုတ်ချက်ရင် ကျွန်မက ဘယ်တော့မှ ခရမ်းချဉ်သီးနဲ့ ဂျင်းမထည့်ပါဘူး။ သက်ခိုင်ထဲမှာ ပုစွန်ထုတ်ကို ခရမ်းချဉ်သီး အကွင်းလိုက် ၊ ကြက်သွန်ဖြူ အဝိုင်းလေးတွေကပ်ပြီး ဆီပြန်ချက်ထားတာကို ဖတ်ရင်းနဲ့ စားချင်စိတ်ဖြစ်လာလို့ ချက်စားဖြစ်တာပါ။
ပုစွန်ထုတ်ကို ထုံးစံအတိုင်း ချေးကြောင်းထုတ်၊ ခေါင်းဖြုတ်ပြီး ဆား၊ နနွင်းနယ်ထားပါတယ်။
ကြက်သွန်နီကို ဆီများများ ထည့်ပြီး ခြောက်နေအောင် ကြော်ပါတယ်။ ကြက်သွန်ဖြူကို ပါးပါးလှီးထည့် ၊အရောင်တင်မှုန့်ထည့်ပြီး ပုစွန်ထည့်ပါတယ်။
ဟင်းအိုးချခါနီး ပုစွန်လေးကွေးမှ ခရမ်းချဉ်သီး အကွင်းလိုက်လှီးတာလေးနဲ့ နံနံပင် အုပ် ၊ အပေါ့အငန်လေး မြည်းပြီး ကြက်သားမှုန့်လေးနည်းနည်းထည့်ပါတယ်။ yummy...
ပုစွန်ထုတ်ဆီပြန်
ကြက်ခြေထောက်ရိုး ကုလားသုတ်
ပြီးခဲ့တဲ့အပတ်က လုပ်စားဖြစ်ခဲ့တဲ့ ကြက်ခြေထောက်သုတ်လေးပါ။
ကျွန်မက ကြက်သားဆို အရိုးဘဲ ကြိုက်တတ်လို့ ကြက်သားဝယ်ရင် ခြေထောက်ရိုး၊ တောင်ပံရိုး ဝယ်တာများပါတယ်။
ဒီတစ်ခေါက်တော့ဟင်းရည်ချက်ဖို့ဝယ်လာတဲ့ကြက်ခြေထောက်ရိုးကိုရုတ်တရက်သုတ်စားဖို့ စိတ်ကူးရတာကြောင့်ရေဆေး၊ ခြေညည်းလေးတွေညှပ်ပေးပြီး ဆား၊ ငံပြာရည်၊ နနွင်း
( သာမန်ထက်များထည့်ပေးပါ. ဝါထိန်ထိန်လေး ဖြစ်နေအောင်လို့ပါ)
နယ်ပြီး ရေခမ်း ပြုတ်ပါတယ်။
အသုတ်သုတ်ဖို့အတွက် ပန်းကန်တစ်ခုထဲမှာ ကြက်သွန်ပါးပါးလှီး ၊ ဂေါ်ဖီပါးပါးလှီး၊ ပူဒီနာလေး တွေခြွေထည့်၊ ငရုတ်သီးစိမ်း ပါးပါးလှီးထည့်ထားပါ။ ကြက်ရိုးကိုလည်း အဆင်ပြေသလို ဖဲ့ထည့်ထားပါ။
ပဲမှုန့်အစိမ်းကို ရေအေးလေးနဲ့ အခဲမကျန်အောင် ဖျော်ပေးထားပါ။ ဒယ်အိုးထဲမှာ ဆီပါလေကာ လေးထည့်ပြီး ကြက်သွန်ဖြူထောင်းလေး နည်းနည်းထည့် နနွင်းလေးထည့်ပြီး ဆီသတ်ပါတယ်။ ပြီးမှ ရေဖျော်ထားတဲ့ ပဲမှုန့် ထည့်ပါတယ်။ ( ကျွန်မက ပဲအစိမ်းနံ့ နံမှာဆိုးတဲ့အတွက် ဆီသတ်တဲ့ နည်းကိုဘဲ သုံးပါတယ်။ ) ပဲရည်ကို ကျဲကျဲလေးပဲ ဖျော်ပါတယ်။
ပွက်ရင် ကြက်သားသုတ်ဖို့ လုပ်ထားတဲ့ပန်းကန်ထဲကို လောင်းထည့်၊ မဆလာလေး များများထည့်၊ သံပုရာရည်လေးညှစ်၊ ငရုတ်သီး ကြမ်းမှုန့်၊ငံပြာရည်လေး ကြက်သားမှုန့်လေးကို အပေါ့အငန် မြည်းပြီးထည့် ၊ သမအောင် နယ်လိုက်ပါလေ။ ရေနွေးကြမ်းလေးနဲ့ဆို ကောင်းမှကောင်း ... :)
ငါးခူ ဒုက္ခကြော်



ငါးခူ အကောင်ကြီးကြီး တွေရလို့ ငါးဒုက္ခ ဟင်း လုပ်စားဖြစ်ပါတယ်။ ငါးခူ ဗိုက်ထဲကို အစာပလာ တွေ သွပ်ပြီး ငါးခူကို နှီးနဲ့ ခါးကနေတစ်ဝက်စည်းပြီး သေချာတုတ် ကြော်တဲ့ သာမန် မခက်ခဲတဲ့ ဟင်းအမယ်ပါ။ ငါးနေရထိုင်ရ ခက်တာမို့ ငါးဒုက္ခ ခေါ်ဟန်တူပါရဲ့.....
ပထမဦးစွာ ငါးခူကို မန်ကျီးမှည့်နှင့်ပွတ် ရေသေချာစွာဆေးပြီး ဆား၊ နနွင်းနယ်ပြီး နှပ်ထားပါတယ်။
အစာပလာအတွက် ကတော့ မိမိနှစ်သက်ရာပါ။ ငရုတ်သီးတော့ စပ်ရပါမယ်။ ဒါမှလည်း ပိုစားကောင်းပါတယ်။
ကျွန်မကတော့ golden mile ကဝယ်လာတဲ့ မျှစ်နုနုလေးတွေကို ရေနဲ့ နှစ်ထပ်လောက်ပြုတ်ပါတယ်။ ပြီးတော့ ဒယ်အိုးထဲကို ဆီပါလေရုံထည့်ပြီး ကြက်သွန်ဖြူ၊ နီ ထောင်း ငရုတ်သီးစိမ်းထောင်း ပုစွန်ခြောက် မှုန့်၊ဆား တို့နဲ့အတူ မျှစ်ကို သေချာလုံးပါတယ်။
နောက် အဲဒီအစာတွေကို ငါးဗိုက်ထဲကို သွပ်ပြီး ငါးကို နှီးနဲ့ စည်းပြီး ကြော်ပါတယ်။
နည်းစနစ်အမှန်ကတော့ ကြော်ပြီး နှီးတွေကို ဖြုတ်လိုက်ရင် ငါးလေးက ကွေးကွေးလေး ဖြစ်နေပါတယ်။
ကျွန်မမှာ စည်းစရာ ကြိုးကောင်းကောင်းမရှိလို့ ငါးလေးက သိပ်မကွေးရှာပါဘူး။
သုံးဆောင်ကြည့်ပါနော်။
ဆိတ်သားခြောက်ကြော် မွှေးမွှေးလေး


ဆိတ်သားခြောက် ကို ရေနာရီဝက်လောက် စိမ်ပြီး ခပ်သေးသေးလေးတွေ တုံးပါတယ်။
ဆား၊ ကြက်သားမှုန့်နယ်ပြီး မီးအေးအေးလေးနဲ့ ကျွတ်ကျွတ် ကြော်ပါတယ်။
ပြီးမှ ကြက်သွန်ဖြူ နဲ့ ဂျင်း မညက်တညက်ထောင်းတာလေးရယ် ပျင်းတော်သိမ်ရွက်လေးရယ်ကို
ကြော်ပါတယ်။
ဆိတ်သားခြောက်ကြော်လေးပေါ်ကို ဖြူးလိုက်ပါတယ်။
ထမင်းဖြူလေးနဲ့ဘဲစားစား ၊ အမြည်းအနေနဲ့ဘဲ စားစား အလွန်ကောင်းပါတယ်။ :D
ဆိတ်သားဒိန်ချဉ်နှပ် နဲ့ ကြက်ဟင်းခါးသီး ဘာလချောင်ကြော်



ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့ဖျော်ပြီး ဆိတ်သားကို သေချာဆေးပါတယ်။
ရေသေချာဆေးပြီးတဲ့ ဆိတ်သားကို ဆား၊ နနွင်း၊ ပဲငံပြာရည်အကြည်၊ကြက်သားမှုန့်၊ဂျင်းထောင်းရည်တို့နဲ့ အရသာဝင်အောင်သေချာနယ်ပါတယ်။
အသီးအရသာမပါဝင်တဲ့ နို့ချည်းသက်သက်ဒိန်ချဉ် တစ်ခါစားဘူးထဲက တစ်ဝက်ကျော်ကျော် ကို ထည့်ပြီး သေချာပြန်နယ်ပြီး နာရီဝက်လောက် နှပ်ထားပါတယ်။
ဒိန်ချဉ်နဲ့ နှပ်လိုက်တဲ့အခါမှာ အရသာအင်မတန်ကောင်းပြီး အသားအတော်နူးညံ့ပါတယ်။ အသားက ပင်ကိုယ်နုပြီးသားဆိုရင် ရေတောင် သိပ်ထည့်စရာမလိုပါဘူး။ အင်မတန်ရင့်တဲ့ ဆိတ်ထီးကြီးတွေရဲ့အသားဆိုရင်တော့ ကျက် ကို မကျက်နိုင်ပါဘူး။ ဒီပုံစံအတိုင်း ကြက်သားကို နှပ်လည်းကောင်းပါတယ်။
ကြက်သွန်နီ အနေတော်(၃/၄)လုံးလောက်ကို ပါးပါးလှီးပြီး ဆီသတ်ပါတယ်။ ဆိတ်သားနှပ်က ဆီများမှ အိပြီး စားကောင်းပါတယ်။ ကြက်သွန်ဖြူ၊ ဂျင်းထောင်းထည့် ဆီရောသတ်ပါတယ်။ အရောင်တင်ထည့်မွှေပြီး အရသာနယ်ထားတဲ့ဆိတ်သား ထည့်ပြီး တည်ပါတယ်။ သူ့အရည်နဲ့သူလုံးပြီး အရည်ကုန်မှ ရေ နည်းနည်းချင်းထည့်ပြီး နူးအိနေအောင် တည်လိုက်တဲ့ အခါမှာ ဆိတ်သားနှပ် ရပါပြီနော်။ ဆိတ်သားနှပ်ကို ဒီမှာ လည်း ရေးဘူးပါတယ်နော်။
ကြက်ဟင်းခါးသီး ဘာလချောင်ကြော်ကတော့ ကျွန်မတို့ မိသားစုရဲ့ favorite ဟင်းပါ။ ထမင်းလည်း မြိန်ပါတယ်။ ကြော်ရတာဘဲ ပျင်းစရာကောင်းတာပါ :P
ကြက်ဟင်းခါးသီးကို အခွံနွှာ ပါးပါးလှီးပါ။အစေ့တွေ ကုန်အောင်ထုတ်ဖို့လည်း မမေ့ပါနဲ့နော်။
ပြီးရင်ဆားနဲ့သေချာ ဖျစ်နယ် ဆေးပါ။
ကြက်သွန်နီ ပါးပါးလှီးပြီး ရွှေဝါရောင် သန်းအောင် ကြော်ပြီး ဖယ်ထားပါ။ ကြက်ဟင်းခါးသီးကို ကြက်သားမှုန့်နယ်ပြီး မီးအေးအေးနဲ့ ခြောက်အောင် ကြော်ပါ။ သတ်သတ်ဖယ်ထားပါ။ ကြက်သွန်ဖြူ ဓါးပြားရိုက် ၊ ပုစွန်ခြောက်မှုန့်၊ ငါးပိ ၊ ငရုတ်ကြမ်းမှုန့်၊ဆား( အားလုံးကို ကြက်ဟင်းခါးသီး ပမာဏ ပေါ်မူတည်ပြီး ထည့်ပါ။) အားလုံးကို ဆီပူထဲထည့်ပြီး ငါးပိကြော်သလို လုံးလိုက်ပါ။ ပြီးမှ သတ်သတ်ဖယ်ထားတဲ့ ကြက်ဟင်းခါးသီးရော၊ ကြက်သွန်ကို နောက်ဆုံးမှ ထည့်ရောလိုက်ပါ။ ဘူးထဲထည့်ထားရင် ကြာကြာအထားခံပြီး ကြက်ဟင်းခါးသီး ကြိုက်သူများအတွက် ထမင်းမြိန်ဆေးပါ။ ကြက်ဟင်းခါးသီး ခြောက်အောင် ကြော်ရတာ တစ်ခါတစ်လေ စိတ်မရှည်ဘူး။ ဒါကြောင့် ပုံထဲက ကြက်ဟင်းခါးသီးက သိပ်မခြောက်ပါဘူး ။ အစေ့လေးတွေလည်း ဖယ်စားသွားနော်။ ဒီတစ်ပတ်အတော်ပျင်းပါတယ်။ :P
ပူပူစပ်စပ် ဂဏန်းဟင်းတစ်ခွက်
ဈေးချထားတာတွေ့ လို့ ဝယ်ချက်စားဖြစ်ပါတယ်။
ဂဏန်းအခွံခွာနည်းကိုတော့ youtube ကနေကြည့်ပြီး သေချာခွာရပါတယ်။
ရေစင်စင်ဆေးရပါတယ်။ ဂဏန်းကိုယ်ထည်ထဲက အဆီအဥလေးတွေကို ဖယ်ထုတ်ပြီးပန်းကန်ထဲတည့်ထားပါတယ်။
ဖြတ်ထားတဲ့ လက်တွေခြေတွေကို ငရုတ်ကျည်ပွေ့ နဲ့ကွဲအောင်ထုပါတယ်။
နှစ်ခြမ်းခွဲထားတဲ့ ဂဏန်းကိုယ်ထည်တွေကို ဆား၊ ကြက်သားမှုန့်နဲ့ နယ်ပါတယ်။
အိုးတစ်လုံးထဲကို ဂဏန်းကိုယ်ထည်တွေရယ်၊ထုထားတဲ့ လက်ခြေတွေရယ်၊ ကြက်သွန်ဖြူ အမွှာကြီး (၅)မွှာ၊ဂျင်းလက်တစ်ဆစ်လောက်လေးတွေ (၅)ဆစ်လောက် ဓါးပြားရိုက်ပြီး၊ဆား၊ငံပြာရည်နည်းနည်းထည့်ကာ ရေနည်းနည်းချင်းဖြည့်ပြီး ထည့်ပြုတ်ထားပါတယ်။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကို ညက်ညက်ထောင်းပြီး ဆီသတ်ပါ။
ဆီသတ်တဲ့ထဲကို စပါးလင်နုတဲ့အပိုင်းလေးတွေကို ညက်အောင်ထောင်းပြီး ထည့်ပါတယ်။
ဆီသတ်နံ့မွှေးလာရင် ဂဏန်းအဆီဥလေးတွေကို ထည့်ပါတယ်။ကြက်သားမှုန့်နည်းနည်း၊အရောင်တင်နည်းနည်းထည့်ပါတယ်။ ငရုတ်သီးအတောင့်လိုက်(၄)တောင့်လောက်ထည့်လိုက်ပါသေးတယ်။
မာလာဟင်းအနှစ်ထုတ်ထဲက အနှစ်ကို ဟင်းစားဇွန်းနဲ့(၃)ဇွန်းထည့်ပါတယ်။( ဂဏန်းအကောင်သေး (၅)ကောင်စာအတွက်အချိုးပါ။)
ရှမ်းနံနံ ထည့်ပါတယ်။ ဗမာနံနံ ပါနည်းနည်းထည့်လိုက်တယ်။ အဓိက ကတော့ ရှမ်းနံနံပါ။
ဆီသတ်ထားတဲ့အရာတွေကို ပြုတ်ထားတဲ့ ဂဏန်းအိုးထဲကို ရောထည့်ပြီး ဆူပွက်အောင် ပြန်တည်ပါတယ်။ အရသာမြည်းကြည့်ပြီး ကြက်သားမှုန့်နဲ့ငံပြာရည်နည်းနည်းစွက်ပြီး ငရုတ်ကောင်း နည်းနည်း အုပ်ပါတယ်။ ဟင်းအိုးပွက်ရင် စားလို့ရပါပြီနော်။
အရည်တွေအများကြီးနဲ့ အကင်ဆိုင်ကရောင်းတဲ့ ဂဏန်းဟင်းအရသာမျိုးပါ။ မြည်းဖို့လည်းကောင်းသလို အရည်လေးတွေက ပူပူစပ်စပ်နဲ့ ထမင်းနဲ့နယ်စားလည်း အရသာရှိလှပါတယ်။
သူငယ်ချင်းတွေ gathering လုပ်တဲ့ပွဲမျိုးဆိုလည်း ကျွေးလို့ကောင်းပါတယ်။ ဂဏန်းကိုက်နေတော့ တစ်ခြားဟင်းမထိတော့ဘူးပေါ့နော်။ :P သုံးဆောင်ကြည့်ပါနော်။ :)
ကြက်သားဂွေးတောက်အရည်သောက်ဟင်း

အရက်ချိုး၊ ကွမ်းချိုး ချတဲ့ဟင်းလေးပါ။
ကိုယ့်ဘာသာကိုယ်တော့ အပျင်းချိုးတွေချဖို့ ချက်စားဖြစ်ပါတယ်။ :)
ကြက်သားရဲ့ ဒူးဆစ်နဲ့တောင်ပံရိုးလေးတွေကို ရေဆေးပြီး
ဆား၊နနွင်းနည်းနည်း၊ပဲငံပြာရည် အကြည်၊
ကြက်သားမှုန့် နဲ့နယ်ပြီး ခဏနှပ်ထားပါ။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း တို့ကို တောက်တောက်စင်းပြီး
အရသာနယ်ထားသောကြက်သားနဲ့ လုံးပြီးတည်ရုံပါဘဲ။
ကြက်သားကို သူ့ရေနဲ့သူအရင်လုံးပြီးမှ ရေဖြည်းဖြည်းထပ်ထည့်ပြီး ဆူပွက်အောင်တည်ပါ။
အပေါ့အငန်လိုရင် ငံပြာရည်လေး စွက်ပါ။
ဈေးကြီးပေးဝယ်ထားရတဲ့ ဂွေးတောက်ရွက်ကို အရွက်ခြွေပြီး ရေဆေးထားပါတယ်။
အရွက်ရင့်တွေကို လွှတ်မပစ်ရက်လို့ ပါးပါးလှီးထည့်ပါတယ်။
စားတော့မယ်ဆိုမှပန်းကန်ထဲ ဂွေးတောက်ရွက်ထည့်ပြီး ဟင်းရည်ပွက်ပွက်ဆူ လောင်းထည့်ပါတယ်။
ဂွေးတောက်ရွက်ကိုပါ မီးဖိုပေါ်အကြာကြီးတည်ရင် တစ်ခါတစ်ရံ အရည်သောက်ရတာ ခါးသွားတတ်လို့ပါ။
ဆိတ်ပုဆိုးကြမ်းဟင်း



ပြီးခဲ့တဲ့ပိတ်ရက်က ချက်စားဖြစ်ခဲ့တာကတော့ ဆိတ်ပုဆိုးကြမ်းလို့ခေါ်တဲ့
ဲ့ဆိတ်ဝမ်းတွင်းသားဟင်းဖြစ်ပါတယ်။
မန္တလေးမှာတော့ ဟင်းအမယ်တစ်မျိုးအဖြစ်ချက်စားလေ့ရှိတဲ့အပြင်
ဘုရားပွဲဈေးတွေမှာ သွားရည်စာပါအဖြစ် ရောင်းချလေ့ရှိကြပါတယ်။
နယ်စားဟင်းအဖြစ်တစ်မျိုး၊ဟင်းရည်သောက်အဖြစ်တစ်ဖုံ၊အသုတ်အဖြစ်တစ်သွယ် အမျိုးမျိုးစားလေ့ရှိကြပါတယ်။wet market ကနေ ဆိတ်ပုဆိုးကြမ်း
သန့်ပြီးသားဝယ်လာတာကို ညှီနံ့ပျောက်စေရန်အတွက် ဆားများများ
နဲ့နာနာပွတ်ဆေးပါတယ်။ပြီးရင် ဆားတွေကုန်အောင်ရေစင်စင်ပြန်ဆေးပါတယ်။
မန်ကျီးသီးမှည့်ကိုလည်း အနှစ်ပျစ်ပျစ်လုပ်ပြီး ဆိတ်ဝမ်းတွင်းသားက
ိုမန်ကျီးမှည့်နဲ့ ထပ်ြပီးပွတ်ဆေးပါတယ်။မန်ကျီးမှည့်တွေပြောင်သွားအောင် ရေဖြင့်ပြန်ဆေးပေးရပါတယ်။
နှစ်ထပ်သန့်ပြီးသားဆိတ်ပုဆိုးကြမ်းကို အနေတော်လှီးပြီး
နနွင်း၊ဆား၊ငံပြာရည်၊ ဂျင်းရည်တို့ ဖြင့်နယ်ပြီးခဏနှပ်ထားပါတယ်။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကို တောက်တောက်စင်းပါ။
ခရမ်းချဉ်သီးတစ်လုံးကို ခပ်သေးသေးလှီးပါ။ တစ်ချို့ကလည်း စပါးလင်ထည့်ချက်လေ့ရှိကြပါတယ်။
ဆိတ်ဝမ်းတွင်းသားဟာနူးရန်ကြာတဲ့အတွက်ပေါင်းအိုးနှင့် ချက်မှာဖြစ်ပါတယ်။
ရိုးရိုးအိုးနဲ့ချက်မယ်ဆိုလည်း မီးမျှင်းမျှင်းနဲ့ အချိန်ကြာကြာချက်ရမှာဖြစ်ပါတယ်။
ပေါင်းအိုးထဲမှာဆိတ်ဝမ်းတွင်းသား၊ကြက်သွန်ဖြူ၊နီ၊ဂျင်း၊ခရမ်းချဉ်သီးတို့နှင့်အတူ ဆား၊အရောင်လှစေဖို့အရောင်တင်နည်းနည်း၊ကြက်သားမှုန့် ၊ငံပြာရည်တို့နှင့်အတူ
ဆီနည်းနည်းထည့်၊ ရေမြုပ်အောင်ထည့်ပြီး ထည်ပါ။
ဆူသံပေးပြီး (၄၅)မီးနစ်၊ (၁)နာရီလောက်ဆို အသားကောင်းကောင်းနူးပါပြီ။
အရည်သောက်စားမယ်ဆိုပါက အရသာဖြည့်စွက်ပြီး ရေထပ်ထည့်ပြီး တည်ပါ။
အဖြူထည်ဟင်းရည်သောက်လေး စားမယ်ဆို ခရမ်းချဉ်သီးနဲ့အရောင်တင
်မထည့်ချင်လည်း ရပါတယ်ရှင်။ရှောက်ရွက်ခပ်ပြီး သုံးဆောင်နိုင်ပါတယ်ရှင်။
ချဉ်ငန်စပ်လေး စားမယ်ဆိုပါက ကြက်သွန်နီပါးပါးလှီး၊ဂေါ်ဖီပါးပါးလှီး၊ရှောက်ရွက်ပါးပါးလှီး၊
သံပုရာရည်ညှစ်ပြီး ငရုတ်သီးမှုန့်ဖြူးကာ ရှူးရှဲလေး စားနိုင်ပါတယ်။
သုတ်စားမယ်ဆိုရင်လည်းငရုတ်သီးစိမ်းပါးပါးလှီး၊ကြက်သွန်နီ၊ဂေါ်ဖီ၊ရှောက်ရွက်
ငရုတ်အချဉ်ရည်၊ငံပြာရည်တို့နှင့် ဆီစိမ်း ဆမ်းကာ သုတ်စားနိုင်ပါတယ်ရှင်။
သုံးဆောင်ကြည့်ပါနော်။ :)
ပုစွန်ကို အမျိုးမျိုး လုပ်စားကြမယ်..

နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။
ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမှည့်ရည်နဲ့ သုတ်တာမျိုးလေးပါ။ အပြောင်းအလဲအရသာလေးရချင်ရင်တော့ သုတ်စားကြည့်ပါနော်။
မန်ကျီးသီးမှည့်ကို ရေဆေးပြီးရေနွေးနွေးနဲ့ အနှစ်လုပ်ယူပါ။
ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းပါ။
ကြက်သွန်နီ၊နံနံ ပါးပါးလှီးထားပါ။
ပုစွန်နဲ့ အထက်ပါအစာပလာများရောနယ်လိုက်ပါ။ဆား၊ငံပြာရည် ၊ကြက်သားမှုန့်တို့ဖြင့် အရသာဖြည့်စွက်ပါ။
ဆီမပါတဲ့  အသုတ်တစ်မျိုးပါနော်။
နောက်တစ်မျိုးကတော့ ပုစွန်ကို မန်ကျီးသီးစိမ်းနဲ့ကြော်စားတာပါ။
မန်ကျီးသီးစိမ်းကို ထိပ်နှစ်ဘက်စိပ်ပြီးတော့မှ ဆားထည့်ပြီးညက်ညက်ထောင်းပါ။
ပုစွန်ကို သန့်ရှင်းပြီး ဆား၊နနွင်းနယ်ပြီး နည်းနည်းလှီးလိုက်ပါတယ်။
အကောင်လိုက်ထည့်ချင်လည်းရပါတယ်နော်။
ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသတ်ပြီးအနံ့မွှေးလာလျှင် မန်ကျီးသီးထောင်း၊ပုစွန်ခြောက်မှုန့်၊ငါးပိအနည်းငယ်၊ဆား၊ငရုတ်သီးအကြမ်းမှုန့်၊ကြက်သားမှုန့်ထည့်ပါ။
ပုစွန်ရောထည့်မွှေပြီး ပုစွန်ကျက်လျှင် သုံးဆောင်နိုင်ပါပြီနော်။
ပုစွန်ငါးဆုပ်ဟင်းကတော့ ဓါတ်ပုံတော်တော်မကောင်းဖြစ်သွားလို့နောက်တစ်ခေါက်ချက်စားမှ တင်ပါ့မယ်နော်။
ပုစွန်ကို အမျိုးမျိုး လုပ်စားကြမယ်..

ဒီနေ့  Menu ကတော့ ပုစွန်သုတ်ပါ။
ပုစွန်ကို ချက်တာထက် သုတ်စားတာကို ကြိုက်တဲ့အတွက် ခဏခဏ သုတ်စားဖြစ်ပါတယ်။
ကျွန်မ သုတ်စားတဲ့ နည်းလေးကို share လိုက်ပါတယ်နော်။
ပုစွန်ကိုထုံးစံအတိုင်း သန့်ရှင်းရေးလုပ်ပြီးရင် ရေဆေးပြီး ဆား၊ နနွင်းနယ်ပါတယ်။
နောက် အိုးထဲထည့်ပြီး မီးအသင့်အတင့်ဖြင့်လှော်ပါတယ်။
ပုစွန်လေးတွေကွေးပြီး မွှေးပြီဆို မီးဖိုပေါ်မှချ အအေးခံပြီး မထူမပါးလှီးပါတယ်။
ပုစွန်ကို လှီးသုတ်မှ အစာပလာဝင်တယ်လို့ခံစားရလို့ပါ။
ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းပါးပါးလှီး၊ ငံပြာရည်နည်းနည်း၊ ကြက်သားမှုန့် အရသာနည်းနည်းနဲ ဖြည့်စွက်ပြီး သံပုရာရည် ရွှဲရွှဲညှစ်ပြီး ဆီဆိမ်း ဆမ်းကာ ရောနယ်သုတ်ပါတယ်။
နံနံပင်ကြိုက်တတ်ရင် ရောထည့်သုတ်ပါတယ်။
မုန်လာဥနီကိုအချောင်းလေးတွေလှီးပြီးနည်းနည်းထည့်လိုက်သေးတယ်။
ဆလတ်ရွက်ဝယ်ထားတဲ့အချိန်နဲ့
့တိုက်ဆိုင်လို့အသုတ်အောက်က ခင်းပြီး အလှဆင်ထားတာပါ။ သုံးဆောင်ကြည့်ပါနော်။
နောက်ရက်တွေကျမှ ပုစွန်ငါးဆုပ်ဟင်း၊ ပုစွန်တောသုတ်နဲ့
ပုစွန်မန်ကျီးသီးစိမ်းကြော်တို့ ဆက်ရေးပါဦးမယ်နော်။ :)
ကြက်မြစ်ကြော်
ကြက်အမြစ် (သို့) ဘဲအမြစ်ကို ရေဖြင့် စင်စင်ဆေးပါ။
အတုံးသေးသေးတုံးပြီး ဆား၊နနွင်း၊ ငံပြာရည်နယ်ပြီး ခဏထားပါ။
ကြက်သွန်ဖြူများများကို မညက်တညက်လေးထောင်းပြီး ဆီသတ်ပါ။
အရသာနယ်ထားသောအမြစ်များထည့်ပြီး ရေနည်းနည်းချင်းထည့်ပြီး နူးအောင်ထည်ပါ။
အမြစ်နူးခါနီးမှ ကြက်ဥတစ်လုံးခေါက်ထည့်ပြီးမွှေပါ။
ကြက်သားမှုန့်လေးထည့် အပေါ့အငံမြည်းပြီး ဟင်းအိုးချကာနီးမှ ငရုတ်သီးစိမ်း အပွတောင့် ထက်ခြမ်းခွဲလေးအုပ်လိုက်ပါ။ ဆီပြန်ဟင်းမစားချင်တဲ့နေ့တွေမှာ ထမင်းမြိန်ဆေးလေးပါနော်။
ငါးသလောက်ပေါင်း
ငါးသလောက်တစ်ကောင်ကို အကြေးထိုးပြီး ဗိုက်ထဲက ကလီစာတွေထုတ်ပါ။
မန်ကျီးမှည့်နဲ့ နယ်ပြီးရေသေချာဆေးပါ။
အတုံးလှလှတုံးပြီး ဆား၊နနွင်း၊ငံပြာရည်၊ ရှာလကာရည်တို့နှင့်နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါ။
စပါးလင်ကို အဖတ်လေးတွေခွာပြီး ပေါင်းအိုးကြမ်းပြင်မှာ ခင်းပါ။
နယ်ထားသောငါးကိုထည့်ပြီး ကြက်သွန်နီတောက်တောက်စင်းနှင့်တကွ
ဂျင်းနှင့်ကြက်သွန်ဖြူထောင်း၊ခရမ်းချဉ်သီးထည့်ပါ။
အရသာအတွက် ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊အရောင်တင်၊ငါးရိုးနူးစေဖို့ သံပုရာရည်(သို့)ရှာလကာရည်ကို ထည့်ပါ။
ဆီထည့်ပါ။ ငါးမြုပ်အောင်ရေထည့်ပြီးပေါင်းပါ။ ဆူသံပေးပြီး (၂၀)မီးနစ်ခန့်ကြာသောအခါမှာပေါင်းအိုးကို
ဖွင့်ကြည့်ပြီးမှ လိုအပ်သောအရသာများဖြည့်စွက်ပြီး အရိုးမနူးသေးလျှင် အဖုံးဖွင့်ပြီး မီးငွေ့ငွေ့ဖြင့်ဆက်တည်ထားပါ။
ရှောက်ရွက်ကြိုက်တတ်ရင် ဟင်းအိုးပိတ်ခါနီးမှာ ခပ်နိုင်ပါတယ်နော်။
ဘဲဥ အချဉ်ဟင်း
ဘဲဥ နဲ့ ဒန့်သလွန်သီးကို ငါးခြောက်နဲ့ ချက်တဲ့နယ်စားဟင်းတစ်မျိုးဖြစ်ပါတယ်ရှင်။
ပထမဦးစွာ ဘဲဥ (သို့ ) ကြက်ဥကို ပြုတ်ပါ။
အအေးခံပြီးနောက် အခွံခွာပြီး အလုံးလိုက်ကို အဆာဝင်စေရန် ဓါးဖြင့်မွှန်းပါ။
ငါးခြောက်ကို အရိုး (သို့ ) အသား အဆင်ပြေရာကို ဟင်းမချက်ခင်
နာရီဝက်ခန့်ရေကြိုစိမ်ထားပြီး ခပ်သေးသေးတုံးပါ။
ငါးရံ့ခြောက်ရိုးနဲ့ဆိုပိုစားကောင်းပြီး ဒီဟင်းမှာတော့ ငါးဖောင်ရိုးနဲ့ ချက်ထားပါတယ်ရှင်။
ဒန့်သလွန်သီးကို အပေါ်ခွံကို ဓါးဖြင့်ခြစ်ပြီး လက်တစ်ဆစ်စာလောက်လေးတွေပိုင်းပါ။ ရေဆေးပြီး စစ်ထားပေးပါ။
မန်ကျီးမှည့်ကိုရေဆေးပြီး ရေနွေးနွေးလေးဖြင့်စိမ်ပြီး အနှစ်ရအောင်ယူထားပေးပါ။
ကြက်သွန်နီဖြူ၊ဂျင်းကို အနံ့မွှေးသည်ထိဆီသတ်ပေးပြီး ခရမ်းချဉ်သီးလှီးထားသည်များကိုထည့်ပါ။ အရောင်တင်၊ဆားနည်းနည်းထည့်ပါ။ ငါးခြောက်ထည့်မှာ ဆိုတော့ ဆားကို နည်းနည်းပဲထည့်ပေးပြီး အရသာလိုမှ ကြက်သားမှုန့်နှင့်ဆား နည်းနည်းထပ်ထည့်ပြီးအရသာဖြည့်စွက်ပါ။ အနှစ်လေးက ကြက်သွန်၊ခရမ်းချဉ်သီး လိပ်လာပြီဆိုရင် ငါးခြောက်ထည့်ပါ။ ရေဖြည်းဖြည်းခြင်းထည့်ပြီး ငါးခြောက်နူးခါနီးရင် ဒန့်သလွန်သီး၊ဘဲဥထည့်ပါ။ မန်ကျီးနှစ်လေးထည့်ပြီး မဆလာလေးအုပ်ကာ ဆီပြန်ရေကျန်လေး စားသုံးနိုင်ပါတယ်ရှင်။
ငါးသံပုရာ ချဉ်စပ်
ငါးသံပုရာချဉ်စပ်အတွက် တိလားပီးယားငါး (tilapia) ကိုသုံးထားပါတယ်ရှင်။
ငါးတစ်ကောင်လုံးကို ဗိုက်ဖောက် သန့်ရှင်းပြီး အပေါ်အောက် ဓါးဖြင့်သုံးချက်စီလောက် မွှန်းပေးပါ။
ငါးကို ဆား၊ နနွင်း၊ကြက်သားမှုန့် တို့ဖြင့်နယ်ပြီး ခဏ နှပ်ထားပေးပါ။ ငါးကို ဒယ်အိုးပြားထဲမှာ ရေနည်းနည်းချင်းဆီထည့်ပြီး ပြုတ်ပါတယ်။ ရေကို အများကြီးတစ်ခါထည်းမထည့်ပါဘူး။
ပြုတ်တဲ့အချိန်မှာ အညှီနံ့ ပျောက်စေရန်အတွက် ဂျင်းကို အချောင်းလေးတွေလုပ်ပြီး ထည့်ပြုတ်ပါတယ်။
ငါးကျက်မဲ့အချိန်ကိုမှန်းပြီး ရေခမ်းလေးရအောင် ရေကို နည်းနည်းစီထည့်ပါမယ်။
ငါးကျက်လျှင် သတ်သတ်ဖယ်ထားပါ။
သံပုရာသီး အရည်ညှစ်ထားပါ။
ကော်ရည်ကို ရေအေးဖြင့် ဆား၊သကြား၊ ငရုတ်ကောင်း၊ သံပုရာရည် ထည့်ဖျော်ပြီး ကျဲကျဲလေးရအောင် မီးဖိုပေါ်တွင်ကျိုထားပါ။ချို ချဉ်ငန်စပ်အရသာအား မိမိစိတ်ကြိုက်ပြင်ဆင်ပါ။
ကော်ရည်အိုးချခါနီးတွင် နံနံပင် ရိတ်ရိတ်လှီးလေးများ၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ ကြိတ်ထားသည်ကို ထည့်ပါ။
အရည်အရသာအပေါ့အငန်အတွက်ကြက်သားမှုန့်၊ ဆားတို့ဖြင့် ပြင်ဆင်နိုင်ပါတယ်။
ဒီဟင်းမှာ အငန်အရသာအတွက် ငံပြာရည်ကို မသုံးထားပါဘူးရှင်။
ဟင်းပွဲပြင်ဆင်ရန်အတွက်ပန်းကန်ပြားထဲမှာ အရည်နည်းနည်းခံပြီး ငါးကိုထည့်ပါ။ ပြီးမှ အပေါ်မှ အရည်လောင်းချလိုက်ပါ။
အရည်အရသာဟာ ငါးရဲ့နောက်ကျောဘက်ကိုပါဝင်ပြီး စားလို့အင်မတန်ကောင်းပါတယ်။
အမြည်းအနေနဲ့ဘဲဖြစ်ဖြစ်၊ ထမင်းနဲ့ဘဲ ဖြစ်ဖြစ် ခံတွင်းလိုက်စေပါတယ်ရှင်။
မုန်လာဥနဲ့ငါး
မုန်လာဥနဲ့ငါးနဲ့ကို နယ်စားလေးချက်ထားတာပါ။
ဟင်းချိုသက်သက်တော့မဟုတ်ပါဘူး။ ရည်လည်ဆီလည်လေးပါ။
မုန်လာဥကို အခွံနွှာပြီး မိမိနှစ်သက်သလိုလှီးထားပါ။ရေဆေးပြီး စစ်ထားပါ။
ငါးအသားကို ရေဆေးပြီး သင့်တော်ရုံတုံးထားသော အတုံးလေးတွေကို ဆား၊နနွင်းနယ်ပြီး နှပ်ထားပါ။
ကြက်သွန်နီ ဆီနိုင်နိုင်သတ်ပြီး အနံ့မွှေးလာလျှင် ဂျင်းနဲ့ကြက်သွန်ဖြူထောင်းထားတာလေးကို များများလေးထည့်ပြီး မွှေပါ။ ဂျင်း၊ကြက်သွန်ဖြူနံ့ မွှေးလာလျှင်ဆား၊နနွင်း အရောင်တင်နှင့် ငါးထည့်ပါ။
ငါးကိုသူ့ရေလေးနှင့်သူ အရင်လုံးပြီးမှ ငါးပိလေးအနည်းငယ်ရေဖျော်ထည့်ပါ။ နောက်မုန်လာဥထည့် ရေနည်းနည်းချင်းထည့်ပြီးတည်ပါ။ ကြက်သားမှုန့်နှင့် ငံပြာရည်ကို အပေါ့အငန်အတွက်သုံးထားပါတယ်။
မုန်လာဥနူးခါနီးမှ ခရမ်းချဉ်သီးကို လေးစိတ်စိပ် (သို့) အကွင်းလေးတွေလှီးပြီးထည့်ပါ။ အချဉ်အရသာကြိုက်လျှင် ရှောက်သီးညှစ် (သို့) မန်ကျီးနှစ်ရေနွေးလေးဖျော်ပြီးထည့်နိုင်ပါတယ်ရှင်။
ဟင်းအိုးချခါနီးမှ နံနံပင်လေး အုပ်လိုက်ပါတယ်။
ကျွန်မဖေဖေရဲ့  favorite dish လေးပါ။
ငါးပိထောင်းလေးနဲ့ တွဲဖက်သုံးဆောင်ပါတယ်ရှင်။ :)
ပုစွန်ဆီပြန်
မြန်ဆန်ပြီး စားလို့ကောင်းတဲ့ ဟင်းလေးပါ။
အကောင်ကြီးရင် အခွံချွတ်ရတာလည်း မြန်တယ်လေ။
ပုစွန်ကို အခွံ မချွတ်ခင် ရေဆေးလိုက်ပြီးမှ အခွံချွတ်ပြီး
နောက်ကျောက အစာဟောင်းလမ်းကြောင်းလေးကို ထုတ်ပါတယ်။
ဆား၊နနွင်းလေးသင့်ရုံနယ်ပြီးနှပ်ထားပါ။
ကြက်သွန်နီကို ဆီနိုင်နိုင်နဲ့ဆီသတ်ပါတယ်။
ကြက်သွန်ဖြူထောင်းထားတာလေးထည့်ပြီးအနံ့မွှေးလာရင်
ဆားအနည်းငယ်နဲ့အရောင်တင်မှုန့်ထည့်ပါ။
ခဏနေတော့ ပုစွန်ထည့်လိုက်ပါ။
'ပုစွန်ကွေး' ဆိုတဲ့အတိုင်း ခဏလေးနဲ့ ကျက်ပါတယ်နော်။
ကျွန်မတို့အိမ်မှာတော့ ပုစွန်ထုပ်ဆီပြန်ချက်ရင်
ရှောက်သီးသုပ်၊ ကြာဇံဟင်းခါးနဲ့ ဟင်းစပ်ပါတယ် :-)။
သုံးဆောင်ကြည့်ပါနော်။
ဘဲတောင်ပံ အစပ်ချက်


ဘဲတောင်ပံလေးတွေကို Pressure cooker နဲ့ပေါင်းထားတာပါ။
ဘဲတောင်ပံတွေကို ရေစင်စင်ဆေးပြီး ပြန်ခုတ်ပါတယ်။
ဆား၊နနွင်း၊ငံပြာရည်လေးနယ်ပြီး နှပ်ထားပါတယ်။
ငရုတ်သီးအခြောက်တောင့်ကို ရေနွေးနဲ့ဆေးပြီး ထောင်းထားပါတယ်။
ကြက်သွန်နီအနေတော် (၃)ဥကို လှီးပြီး ကြက်သွန်ဖြူနဲ့ ဂျင်းကိုထောင်းထားပါတယ်။
Pressure cooker ထဲမှာ အရသာနယ်ထားတဲ့ဘဲတောင်ပံ၊ ကြက်သွန်နီ၊ဖြူ၊ဂျင်း၊ငရုတ်သီးထောင်း၊ဆီ၊ ရေအသားမြုပ်ရုံထက်နည်းနည်းပိုထည့်၊ဆား၊ငံပြာရည်၊ ကြက်သားမှုန့်တို့ထည့်ပြီး ထည်လိုက်ပါတယ်။ ဆူသံစကြားရပြီး ၁၅ မိနစ်လောက်နေရင် သုံးဆောင်နိုင်ပါပြီရှင်။
ကြက်ဥမွှေချက်
လွယ်လွယ်ကူကူနဲ့ စားလို့ရတဲ့ဟင်းတစ်မျိုးကို မျှဝေလိုက်ပါတယ်ရှင်။ :) ။
ကြက်သွန်နီ တစ်လုံးကို ဆီသတ်၊ ကြက်သွန်ဖြူထောင်းထားတာလေးထည့်
ခရမ်းချဉ်သီးလေး(၁)လုံးထည့်ပြီး အနှစ်လုပ်ပါတယ်။ဆားနဲ့ကြက်သားမှုန့်ထည့်ပါတယ်။
ပြီးရင် ကြက်ဥ(၃)လုံးလောက်ဖောက်ထည့်ပြီးမွှေလိုက်ပါ။
ကြက်ဥဖတ်လေးတွေကျက်လောက်ပြီဆိုမှ နံနံပင်လေး ငရုတ်သီးစိမ်းလေး အုပ်လိုက်ပါနော်။
ငါးမြင်း ငါးပိတစ်ချက်
ငါးမြင်းငါးပိတစ်ကို ရေဆေးပြီး အတုံးသေးသေးတုံးထားပါမယ်။
ကြက်သွန်နီကို ဆီသတ်ပါမယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းရောထောင်းထားတာလေးပါထည့်ပါမယ်။ အရောင်တင်လေးထည့်ပါမယ်။ကြက်သွန်လေးတွေခြောက်လာမှ ခရမ်းချဉ်သီး နုတ်နုတ်လှီးထည့်ပါမယ်။
ကြက်သွန်လေးတွေနဲ့ခရမ်းချဉ်သီးလေးတွေလိပ်သွားပြီဆိုရင်၊တုံးထားတဲ့ ငါးပိတစ်ကို ထည့်ပြီး
ချက်ပါမယ် ငါးပိတစ်က အငန်အရသာရှိပြီးသားဖြစ်တဲ့အတွက် ဆားထည့်မချက်ပါဘူးရှင်။
အနှစ်အရသာဝင်အောင် ခဏလေးမွှေပေးပြီးမှ ရေလေးနည်းနည်းထည့်ပါမယ်။
အရည်လေးနဲ့ကြိုက်ရင် အရည်လေးရှိတုန်း ဟင်းအိုးပိတ်လိုက်ပြီး ဆီပြန်လေးကြိုက်ရင်တော့ ဆီသံလေးပေးလာမှ ဟင်းအိုးချပါနော်။ ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းတောင့်လေးလှီးထားတာနဲ့ နံနံပင်လှီးထားတာလေး အုပ်လိုက်ပါဦး။ ထမင်းမြိန်စေတဲ့ မြန်မာဟင်းတစ်မယ်ပါနော။်
ငါးနဲ့ ချဉ်ပေါင်

မင်္ဂလာပါရှင်။ ကျွန်မလည်း တော်တော်လေး အလုပ်ရှုတ်နေလို့ အချိန်အတော်ကြာ အသစ်မတင်နိုင်ဘူးဖြစ်နေပါတယ်။ လာလည်တဲ့ မိတ်ဆွေအပေါင်းကို ဟင်းအသစ်မရှိတော့
အားနာမိပါတယ်။ ဒါကြောင့်အချိန်လုပြီး ဟင်းသစ်တင်လိုက်ပါတယ်ရှင်။ တစ်ဆက်တည်းမှာဘဲ တောင်းပန်ချင်တာကတော့ နောက်လကုန်မှဘဲ ပြန်လည်ဟင်းချက်ပါမယ်လို့ ဘလော့ပေါ်ကနေ ခွင့်တိုင်ပါတယ်ရှင်။
ဒီဟင်းလေးကတော့ ငါးမြင်းဗိုက်သားကဲ့သို့သော အဆီများသော ငါးအပိုင်းတစ်မျိုးကို
ချဉ်ပေါင်ဖြင့် ချက် ခြင်းဖြစ်ပါတယ်။ ငါးကို မန်ကျီးမှည့်အနှစ်ဖြင့် ပွတ်ဆေးပြီး ရေသန့်သန့်ပြန်ဆေးပါ။
အတုံးလှလှ တုံးထားပေးပါ။ဆားနဲ့ နနွင်းနယ်ပြီး ခဏ နှပ်ထားပါ။ ချဉ်ပေါင်ကို အရွက်လေးတွေခြွေပြီး ဆားနဲ့နယ်ပြီး နာနာဖျစ်ဆေးပါတယ်။ ပြီးရင်ရေစင်အောင်ပြန်ဆေးပြီး ဓါးနဲ့ ကြမ်းကြမ်းလေးပြန်လှီးထားပါတယ်။ ဒီက ချဉ်ပေါင်တွေက အရမ်းကြီးတော့ ဟင်းချက်ရင် ပေါလောကြီးတွေဖြစ်နေမှာစိုးလို့ပါ။
နောက်အနှစ်လုပ်ဖို့ အတွက် ကြက်သွန်နီအနေတော်(၂)လုံးလောက် ထောင်းထားတာကို ဆီသတ်ပါတယ်။ ကြက်သွန်နွမ်းလာရင် ဂျင်း၊ကြက်သွန်ဖြူထောင်းတာကို ထည့်ပါမယ်။
ခရမ်းချဉ်သီး (၁)လုံးကို ပါးပါးလှီးပြီးထည့်ပါမယ်။ အရောင်တင်မှုန့်၊ ဆား၊
ငါးပိအနည်းငယ်နဲ့ကြက်သားမှုန့်တို့ ထည့်ပြီး အနှစ်ကို လိပ်လိပ်လေးရအောင်ချက်ပါတယ်။ ပြီးရင် ငါးကိုထည့်ပါတယ်။ သူ့အရည်လေးနဲ့သူ လုံးသားကျမှ ချဉ်ပေါင်ရွက်ထည့်ပြီး ရေထပ်ထည့်ပါတယ်။ ငါးကလည်းခဏနဲ့ကျက်တာ
မို့ ဆီပြန်ကြိုက်ရင် ဆီပြန်၊ အရည်စပ်စပ်လေးကြိုက်ရင် အရည်စပ်စပ်လေးနဲ့ ဟင်းအိုးချလိုက်ပါနော်။ ငရုတ်သီးတောထောင်းလေးနဲ့ဆို ရှယ်ပါဘဲနော်။
My Blog List 1
-
My Life Bucketlist!3 months ago
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ4 months ago
-
-
၂၉၁၁၂၀၂၅10 months ago
-
-
Well, you get what you pay for7 years ago
-
-
khin8 years ago
-
Havana Blues10 years ago
-
ကားနံပါတ်တွေ အင်္ဂလိပ်လို ပြောင်းလဲသတ်မှတ်ပြီ13 years ago
-
စိတ်အချဉ်ပေါက်ခြင်း13 years ago
-
၂.၉.၂၀၁၂ တနင်္ဂနွေနေ့ ဆွမ်းလောင်းလှူခြင်း14 years ago
-
For “Harvest Thanksgiving Festival”15 years ago
-
ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)15 years ago
-
အမေစုနှင့် Exclusive Interview15 years ago
-
တူမလေးများနဲ့ တလတာ..15 years ago
-
-
-
-
My Blog List 2
-
02/04/20266 months ago
-
-
MY GIRL 211 years ago
-
အမှိုက်ပစ်ခြင်း အနုပညာ11 years ago
-
မောင်စိန်သောင်းရဲ့ မနှင်းရည် နောက်ဆက်တွဲ15 years ago
-
-
-
-
-
My Blog List 3
-
ကြာရိုးသုပ်5 days ago
-
-
ပဲပြုပ် Sprouted Yellow Pea7 years ago
-
ကမ္ဘာကြီးကို အလှူကြီး ပေးလိုက်ပါ။7 years ago
-
အလှနတ်သမီးလေး မလိခ...7 years ago
-
-
ငါးဥဘာလချောင်ကြော်လေး ကြော်စားကြဦးမလား8 years ago
-
-
Happy 20188 years ago
-
အချဉ်ပေါင်း (၁)8 years ago
-
Zuma Zen Blaster: Sang Game Legendaris10 years ago
-
ဒိုနောင်းမှာ တနေ့တာ(ညနေပိုင်း)11 years ago
-
၈နှစ်ပြည့် အမှတ်တရ11 years ago
-
'' အလွယ်ချက် အုန်းထောပတ်ထမင်း "12 years ago
-
ဂွေးသီး ငပိချက်12 years ago
-
-
ကျွန်တော့ အတွေ့အကြုံများ ၄12 years ago
-
မုန့်ဟင်းခါး12 years ago
-
စားကြမယ်ဟေ့ ကောင်းကောင်း - ၃၄13 years ago
-
နံနက်စာနှင့် နေ့လည်စာများ13 years ago
-
-
-
-
-
ဆိတ်ရိုးစွပ်ပြုတ်15 years ago
-
-
-
-
Popular Posts
-
ငါးဖယ်ကြော် ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့ ကြော်တာပါ။ ကျွန်မ အမျိုးသားက ငါးဖယ်ကြေ...
-
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :) ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :) ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းန...
-
ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။ ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :) ကြေ...
-
ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့...
-
့ ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြေ...
-
Happy New Year ပါ။ ရေမုန်ညင်း ကို ရေနွေးဖျော ပြီး ကြက်သွန်နီပါးပါးလှီး ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီချက်၊ သံပုရာ...
-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။ မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊ ငံပြာရ...
-
နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။ ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမ...
-
ဆီထမင်းဝါဝါလေးကို Rice Cooker နဲ့အလွယ်တကူချက်စားမဲ့နည်းလမ်းကတော့ ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ြ...
-
အိမ်မှာ အခုတလော ခရမ်းချဉ်သီးတွေပေါနေတာမို့  ခရမ်းချဉ်သီး ငါးပိချက် ချက်စားမလို့  စိတ်ကူးကြည့် လိုက်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီး လိတ်နေြ...






