ဘဲဥ နဲ့ ဒန့်သလွန်သီးကို ငါးခြောက်နဲ့ ချက်တဲ့နယ်စားဟင်းတစ်မျိုးဖြစ်ပါတယ်ရှင်။
ပထမဦးစွာ ဘဲဥ (သို့ ) ကြက်ဥကို ပြုတ်ပါ။
အအေးခံပြီးနောက် အခွံခွာပြီး အလုံးလိုက်ကို အဆာဝင်စေရန် ဓါးဖြင့်မွှန်းပါ။
ငါးခြောက်ကို အရိုး (သို့ ) အသား အဆင်ပြေရာကို ဟင်းမချက်ခင်
နာရီဝက်ခန့်ရေကြိုစိမ်ထားပြီး ခပ်သေးသေးတုံးပါ။
ငါးရံ့ခြောက်ရိုးနဲ့ဆိုပိုစားကောင်းပြီး ဒီဟင်းမှာတော့ ငါးဖောင်ရိုးနဲ့ ချက်ထားပါတယ်ရှင်။
ဒန့်သလွန်သီးကို အပေါ်ခွံကို ဓါးဖြင့်ခြစ်ပြီး လက်တစ်ဆစ်စာလောက်လေးတွေပိုင်းပါ။ ရေဆေးပြီး စစ်ထားပေးပါ။
မန်ကျီးမှည့်ကိုရေဆေးပြီး ရေနွေးနွေးလေးဖြင့်စိမ်ပြီး အနှစ်ရအောင်ယူထားပေးပါ။
ကြက်သွန်နီဖြူ၊ဂျင်းကို အနံ့မွှေးသည်ထိဆီသတ်ပေးပြီး ခရမ်းချဉ်သီးလှီးထားသည်များကိုထည့်ပါ။ အရောင်တင်၊ဆားနည်းနည်းထည့်ပါ။ ငါးခြောက်ထည့်မှာ ဆိုတော့ ဆားကို နည်းနည်းပဲထည့်ပေးပြီး အရသာလိုမှ ကြက်သားမှုန့်နှင့်ဆား နည်းနည်းထပ်ထည့်ပြီးအရသာဖြည့်စွက်ပါ။ အနှစ်လေးက ကြက်သွန်၊ခရမ်းချဉ်သီး လိပ်လာပြီဆိုရင် ငါးခြောက်ထည့်ပါ။ ရေဖြည်းဖြည်းခြင်းထည့်ပြီး ငါးခြောက်နူးခါနီးရင် ဒန့်သလွန်သီး၊ဘဲဥထည့်ပါ။ မန်ကျီးနှစ်လေးထည့်ပြီး မဆလာလေးအုပ်ကာ ဆီပြန်ရေကျန်လေး စားသုံးနိုင်ပါတယ်ရှင်။
Online Persona
2 weeks ago
4 comments:
ကြိုက်တယ်...မချက်စားရတာကြာပြီ
ရွှေဂေါင်းပြောင်ဟင်းကွ..
ကြိုက်တယ်.. ကြိုက်တယ်..
စုဘူးရေ.. ဘဲဥအချဉ်ဟင်းလိုမျိုးကို သိပ်ကြိုက်တာ.. အဲလို ဟင်းမျိုးနဲ့ဆို ထမင်းစားလို့ကောင်းမှကောင်းပဲ.. ဒန့်ဒလွန်သီးနဲ့ဆိုတော့ စားချင်တယ် ညီမရေ.. ဒန့်ဒလွန်သီးကို မမြင်ရ မစားရတာ နှစ်ပေါက်နေပြီ..း)
မင်္ဂလာပါ...
ဒန့်သလွန်သီး နဲ့ အာလူး ရယ်..ငါးခြောက်ရယ် ချက်တာ စားလို့ အလွန်ကောင်း။
ဘဲဥထည့်ပြီးချက်တာ မစားဘူးသေး။
ဝေမျှပေးတာ ကျေးဇူး။
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
Post a Comment