Saturday, October 17, 2009

ငါးနဲ့ ချဉ်ပေါင်


မင်္ဂလာပါရှင်။ ကျွန်မလည်း တော်တော်လေး အလုပ်ရှုတ်နေလို့ အချိန်အတော်ကြာ အသစ်မတင်နိုင်ဘူးဖြစ်နေပါတယ်။ လာလည်တဲ့ မိတ်ဆွေအပေါင်းကို ဟင်းအသစ်မရှိတော့
အားနာမိပါတယ်။ ဒါကြောင့်အချိန်လုပြီး ဟင်းသစ်တင်လိုက်ပါတယ်ရှင်။ တစ်ဆက်တည်းမှာဘဲ တောင်းပန်ချင်တာကတော့ နောက်လကုန်မှဘဲ ပြန်လည်ဟင်းချက်ပါမယ်လို့ ဘလော့ပေါ်ကနေ ခွင့်တိုင်ပါတယ်ရှင်။

ဒီဟင်းလေးကတော့ ငါးမြင်းဗိုက်သားကဲ့သို့သော အဆီများသော ငါးအပိုင်းတစ်မျိုးကို
ချဉ်ပေါင်ဖြင့် ချက် ခြင်းဖြစ်ပါတယ်။ ငါးကို မန်ကျီးမှည့်အနှစ်ဖြင့် ပွတ်ဆေးပြီး ရေသန့်သန့်ပြန်ဆေးပါ။
အတုံးလှလှ တုံးထားပေးပါ။ဆားနဲ့ နနွင်းနယ်ပြီး ခဏ နှပ်ထားပါ။ ချဉ်ပေါင်ကို အရွက်လေးတွေခြွေပြီး ဆားနဲ့နယ်ပြီး နာနာဖျစ်ဆေးပါတယ်။ ပြီးရင်ရေစင်အောင်ပြန်ဆေးပြီး ဓါးနဲ့ ကြမ်းကြမ်းလေးပြန်လှီးထားပါတယ်။ ဒီက ချဉ်ပေါင်တွေက အရမ်းကြီးတော့ ဟင်းချက်ရင် ပေါလောကြီးတွေဖြစ်နေမှာစိုးလို့ပါ။
နောက်အနှစ်လုပ်ဖို့ အတွက် ကြက်သွန်နီအနေတော်(၂)လုံးလောက် ထောင်းထားတာကို ဆီသတ်ပါတယ်။ ကြက်သွန်နွမ်းလာရင် ဂျင်း၊ကြက်သွန်ဖြူထောင်းတာကို ထည့်ပါမယ်။
ခရမ်းချဉ်သီး (၁)လုံးကို ပါးပါးလှီးပြီးထည့်ပါမယ်။ အရောင်တင်မှုန့်၊ ဆား၊
ငါးပိအနည်းငယ်နဲ့ကြက်သားမှုန့်တို့ ထည့်ပြီး အနှစ်ကို လိပ်လိပ်လေးရအောင်ချက်ပါတယ်။ ပြီးရင် ငါးကိုထည့်ပါတယ်။ သူ့အရည်လေးနဲ့သူ လုံးသားကျမှ ချဉ်ပေါင်ရွက်ထည့်ပြီး ရေထပ်ထည့်ပါတယ်။ ငါးကလည်းခဏနဲ့ကျက်တာ
မို့ ဆီပြန်ကြိုက်ရင် ဆီပြန်၊ အရည်စပ်စပ်လေးကြိုက်ရင် အရည်စပ်စပ်လေးနဲ့ ဟင်းအိုးချလိုက်ပါနော်။ ငရုတ်သီးတောထောင်းလေးနဲ့ဆို ရှယ်ပါဘဲနော်။

Tuesday, September 15, 2009

ဝက်နားရွက်သုတ်


ဝက်နားရွက်ကို ရေသေချာဆေး၊ အပေါ်ယံကို ဓါးနဲ့ခြစ်ပြီး သန့်ရှင်းရေးလုပ်ပါတယ်။
ဆား၊ဂျင်းရည်၊ ပဲငံပြာရည်အကြည်နဲ့နယ်ပြီး ပြုပ်ပါတယ်။
နူးတဲ့အခါ ပါးပါးလှီးပါတယ်။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးပါးပါးလှီးပါတယ်။
ငရုတ်သီးစိမ်းလှီးထည့်ပြီး Chilli garlic sauce ထည့်ပါတယ်။ အလွယ်တကူရမယ်ဆိုရင် ပဲပင်ချဉ်လေး ထည့်သုတ်ရင် ပိုကောင်းပါတယ်။ ဆီ၊ ဆား ၊ငံပြာရည် သင့်ရုံထည့်၊ သံပုရာရည်ညှစ်၊ နယ်ပြီးတဲ့အခါ သုံးဆောင်နိုင်ပါပြီရှင်။ ဝက်သားမစားသူများ sorry ပါနော် :)

Tuesday, September 8, 2009

ဆိတ်သားခြောက်ခရမ်းသီးချက်


ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ဟင်းတွေထဲက အသားခြောက်ကို ခရမ်းသီးနဲ့ရောချက်တဲ့ အညာဟင်းတစ်မျိုးကို မျှဝေလိုက်ပါတယ်ရှင်။ အသားခြောက်ကိုတော့ အမဲသားမစားတဲ့အတွက် ဆိတ်သားခြောက်ကို အသုံးပြုထားပါတယ်။ ခရမ်းသီးကို အရှည်လိုက် အပိုင်းလေးတွေပိုင်းပြီး ရေဆေးထားပါတယ်။ ဆိတ်သားခြောက်ကို အနူးလွယ်စေဖို့ ရေကြာကြာ စိမ်ထားပါတယ်။ ပြီးရင် ငရုတ်ကျဉ်ပွေ့ နဲ့ နည်းနည်းထုပြီး အတုံးလေးတွေတုံးထားပါမယ်။ ကြက်သွန်နီအလုံးကြီး ၁လုံးခွဲလောက်ကို ပါးပါးလှီးပြီးဆီသတ်ပါတယ်။ ဂျင်းနဲ့ကြက်သွန်ဖြူ ရောထည့်ပါတယ်။ ကြက်သွန်နီလေးတွေခြောက်လာလျှင် ခရမ်းချဉ်သီး ၂လုံး ကို ခပ်နုတ်နုတ်လှီးပြီး ထည့်ပါတယ်။ အရောင်တင်၊ဆား၊ငါးပိ အနည်းငယ်ထည့်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီးလေးတွေ လိပ်လာပြီဆိုရင် အတုံးလေးတွေ တုံးထားတဲ့ အသားခြောက်ကို ထည့်ပါမယ်။ သူ့ အရည်လေးနဲ့သူ အရင်ကျက်စေပြီးမှ ရေနွေးလေးထည့်ပြီး ဆက်တည်ပါတယ်။ အသားခြောက်နူးခါနီးပြီဆိုမှ အချိန်မှန်းပြီး ခရမ်းသီးကို ထည့်ပါတယ်။ အသားလည်းနူး ခရမ်းသီးလည်းအိ အချိန်ကိုက်ပါဘဲနော်။ သုံးဆောင်ကြည့်ပါရှင်။

Monday, August 24, 2009

ဝက်သားချဉ်


ဒီဝက်သားချဉ်ကလည်း golden mile ကပါဘဲ။တစ်ခုကို S$ 1.50 ပါ။ ကျွန်မအနေနဲ့ကတော့ တောင်ကြီးက ဝက်သားချဉ်ကို ပိုကြိုက်ပါတယ်။ ဒါလေးက အနည်းငယ်လေးတဲ့အရသာရှိပါတယ်။ ပေါင်းပြီး စားလိုက်ပါတယ်။ ပါးပါးလှီးပြီး ကြော်စားရင်လည်းကောင်းမယ်ထင်ပါတယ်။ အိမ်မှာတော့ ဝက်သားချဉ်ဆို ငရုတ်သီးဆီချက်လေးနဲ့ကြော်စားတယ်။ဂျူးမြစ်လေးနဲ့ ငရုတ်သီးတောင့်ကြော်လေးနဲ့ပေါ့။ ခုတော့ ရှိသလိုလေးစားလိုက်ရပါတယ်။ ကော်ဖီခါးခါးတစ်ခွက်နဲ့ကျွန်မရဲ့ နံနက်စာလေးပေါ့။

မျှစ်ကြော်


အဲဒီမျှစ် နုနုလေးတွေက သူငယ်ချင်းနဲ့ golden mile သွားတုန်းက ဝယ်လာတာပါ။
နည်းနည်းတော့ ကြာနေပြီ။ ခုမှ ရေးဖြစ်လို့ပါ။ တော်တော်များများပါတဲ့အထုတ်ကို တစ်ထုတ်မှ
s$1.5 ဘဲပေးရပါတယ်။
Pennisular ကမျှစ်ထက်စားလို့ကောင်းပါတယ်။နုတော့စားလို့အရမ်းကောင်းတယ်လေ။
golen mile မှာအဲဒီနေ့က ကြောင်လျှာသီးလည်းတွေ့ လို့ ဝယ်လာခဲ့တယ်။
၃တောင့်မှ s$2.90 ဘဲပေးရတယ်။ အတောင့်ကြီးတဲ့ဟာကလည်းနုတယ်။
အဲဒီတလောကတော့ ကြောင်လျှာသီးဘဲ ခဏခဏစားဖြစ်နေတယ်။
ဟင်းတွေထပ်နေတာကြောင့် post မတင်ဖြစ်တာပါ။
ခုတော့ရက်ပေါင်းအတော်ကြာက စားဖြစ်ခဲ့တဲ့မျှစ်ကို တင်လိုက်ပါတယ်။
ကြက်သွန်နီ ကို နနွင်းထည့်ပြီးဆီသတ်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါတယ်။ပုစွန်ခြောက်မှုန့် များများထည့်ပါတယ်။ ရေဆေးထားတဲ့မျှစ်ကိုထည့်ပါတယ်။ မျှစ်က ကျက်ပြီးသားလို့ဆိုတဲ့အတွက် ပြန်မပြုပ်တော့ပါဘူး။ဆား၊ကြက်သားမှုန့်ထည့်ပြီး ခြောက်ခြောက်လေးကြော်ထားတာပါ။ ဟင်းအိုးချခါနီးရင် ငရုတ်သီးစိမ်းကို စွေစွေလေးတွေလှီးထားတာ အုပ်ပါတယ်။ ပင်စိမ်းလေးလည်းအုပ်လိုက်ပါနော်။ ပုံမှာ ပင်စိမ်းပါ ပါတယ်နော်။ အရမ်းနည်းနည်းလေးဘဲရှိတာထည့်လိုက်တာမို့ မမြင်ရဘူးဖြစ်နေတယ်။ :D ။မျှစ်ကြော် ခြောက်ခြောက်စပ်စပ်လေးပါ။ သုံးဆောင်ကြည့်ပါနော်။

Monday, August 17, 2009

အပျင်းပြေ စားရအောင်.....


နေ့ လည်နေ့ ခင်း သူငယ်ချင်းတွေစုမိတဲ့အခါ ပျင်းပျင်းနဲ့ စကားပြောရင်း တရားဟောရင်း
စားတဲ့အစာတွေပါ။

သရက်သီးသုတ်

သရက်သီးကို ထိပ်တိပြီး ရေစိမ်ထားပါ။ နောက်ထက်ခြမ်းခြမ်းပြီး ပါးပါးအမြောင်းလေးတွေလှီးပါ။ ငါးပိကင်၊ပုစွန်ခြောက်မှုန့် ၊ ငရုတ်သီးကြမ်းမှုန့် ၊ နယ်လို့ကောင်းအောင် ငံပြာရည်နည်းနည်း
ထည့်ပြီးနယ်ပါတယ်။ သရက်သီးကိုခြစ်ပြီးသုတ်တဲ့ ထမင်းနဲ့စားတဲ့အသုတ်တော့မဟုတ်ဘူးပေါ့။
အပျင်းပြေ ဝိုင်းဖွဲ့ ပြီး စားလို့ ကောင်းပါတယ် ရှင်။

လက်ဖက်သုတ်

လက်ဖက်သုတ်မယ်ဆိုရင်တော့ အရင်ဆုံးလက်ဖက်ကို ကောင်းကောင်းလေးနှပ်ထားရပါမယ်။
လက်ဖက်ကို အရွက်ကြမ်းများဖယ်ပစ်ပြီး ဆားနဲ့ဖျစ်ကာရေဆေးပါတယ်။
အညွှန့် လေးချည်းကြိုက်ရင်တော့လက်ဖက်ရွက်ကို ဒီအတိုင်းထားပြီး ဆား၊ သံပုရာသီးးများများညှစ်၊ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ ကြက်သွန်ဖြူပါးပါးလှီးထည့်ပြီး ဆီဝအောင်စိမ်ထားပါတယ်။ လက်ဖက်ညွှန့် မကြိုက်ရင်တော့ လက်ဖက်ကို နည်းနည်းထောင်းလိုက်ပါတယ်။
တအားထောင်းလိုက်ရင်လည်း အရည်တွေထွက်သွားမှာစိုးလို့ ပါ။ ငရုတ်သီးစိမ်းကိုထောင်းထည့်၊ဆား၊
ကြက်သွန်ဖြူ ပါးပါးလှီးထည့်၊ သံပုရာရည်များများနဲ့ ဆီစိမ်ထားပါတယ်။ ကျွန်မကတော့ လက်ဖက်နှပ်ရင် ပုစွန်ခြောက်ကို တစ်ခါတည်းထည့်မနှပ်ပါဘူး။သတ်သတ်လွတ်စားတဲ့နေ့ဆိုရင်လည်း ယူစားနိုင်အောင်ပါ။ လက်ဖက်သုတ်လျှင်လည်း လက်ဖက်ညွှန့်နဲ့သုတ်တာ မကြိုက်ပါဘူး။ အသုတ်အရသာမဝင်ဘူးထင်လို့ပါ။ ခုတော့လက်ဖက်ညွှန့်နဲ့သုတ်ထားပါတယ်။ လက်ဖက်သုတ် သုတ်မယ်ဆိုရင် ဂေါ်ဖီထုတ်လေးကတော့ ပါမှဖြစ်မယ်နော်။ ဒါမှပိုအရသာပြည့်စုံသလိုဘဲ။ နှပ်ထားတဲ့ လက်ဖက်ကိုယူပြီး ပုစွန်ခြောက်မှုန့်၊ ခရမ်းချဉ်သီးမာမာလေးကိုပါးပါးလှီးထားတာလေးရယ်၊ဂေါ်ဖီပါးပါးရယ်၊မြေပဲဆံထောင်း၊
ပဲမှုန့် ၊ဆီသင့်ရုံ၊ဆား၊ငံပြာရည်တို့ နဲ့နယ်ပါတယ်။မြေပဲဆံထောင်း၊
ပဲမှုန့် ထည့်လိုက်တော့ လက်ဖက်သုတ်က စေးစေးလေးနဲ့ စားလို့ ပိုကောင်းပါတယ်။
မန္တလေးက ရွှေတုတ်နေ့ ချင်းစားလက်ဖက်သုတ်၊
အရီးတောင်းလက်ဖက်သုတ်တို့ သွားဝယ်ရင်းနဲ့
ကြည့်ပြီး အတုခိုးထားတာပါ။ လိုအပ်ရင် သံပုရာသီးထပ်ညှစ်ပါတယ်။ လက်ဖက်ကို အရသာတွေနဲ့ အကုန်နယ်ပြီးမှ နှစ်ပြန်ကြော်ထည့်နယ်ပါတယ်။ ဓညင်းသီးပြုတ်စေးစေးလေးတွေပါးပါးလှီး၊ ပြောင်းဖူးပြုတ်လေးပါ ပါရင် ပိုကောင်းပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းလေးကိုက်ပြီး ရေနွေးကြမ်းလေးနဲ့ စားကြရအောင်နော်။(လက်ဖက်ကတော့ လူတိုင်းသုတ်တတ်တာဘဲဟာနော် :D)

Tuesday, August 11, 2009

ပဲထမင်း ++








ပဲထမင်းကို ကျွန်မချက်တဲ့နည်းအတိုင်းမျှဝေလိုက်ပါတယ်။

ကုလားပဲကို တစ်ညကြိုတင်ပြီးရေစိမ်ထားပါမယ်။ မနက်ချက်မယ်ဆိုညကတည်းက

ရေစိမ်ထားမယ်ဆိုရင် ချက်ခါနီးမနက်မှာ ပဲကနူးနေပါပြီ။ ထမင်းအိုးထဲမှာ

သစ်ကျပိုးခေါက်၊ကရဝေးရွက်၊နာနတ်ပွင့်စတာတွေကို ဆီသတ်ပါတယ်။ ပြီးရင်ဆန်ထည့်

ရေကိုထမင်းချက်တဲ့အချိန်ဆအတိုင်း ရေလက်နှစ်ဆစ်ထည့်ပြီး ထည်ပါတယ်။

ထမင်းအိုးစတင်ပွက်လာရင်ပဲထည့်ပြီး အိုးကိုမွှေပေးပါတယ်။

ဆားသင့်ရုံထည့်ပါတယ်။ထမင်းအိုးပွက်လာတဲ့အချိန်မှာ မွှေပေးပါတယ်။ ထမင်းမာတယ်ထင်ရင်တော့

ရေနွေးနည်းနည်းထပ်ထည့်ပြီးတည်နိုင်ပါတယ် ရှင်။


ကြက်သားဟင်းရိုးရိုး

ပဲထမင်းနဲ့ တွဲဖက်စားသုံးဖို့ကတော့ ကြက်သားဟင်းပါ။

ကြက်သွန်နီ၊ ဖြူ၊ဂျင်းဆီသတ်ပါတယ်။ ဆား၊နနွင်းနယ်ထားတဲ့ကြက်သားထည့်ပါတယ်။

အရောင်တင်ထည့်ပြီးသူ့ရေနဲ့သူကုန်အောင် လုံးပါတယ်။ ပြီးမှ ရေထပ်ထည့်ပြီး

မီးအေးအေးလေးနဲ့ ကြက်သားနူးအောင်တည်ထားပါ။

အချဉ်သုတ်

အချဉ်အတွက်ကတော့ သခွားသီးကိုဘဲ စီမံလိုက်ပါတယ်။

သခွားသီးကို အတုံးလေးတွေလှီးပြီး ကြက်သွန်နီ၊ငရုတ်သီးတောင့်လှီးထည့်၊သံပုရာရည်ရွှဲရွှဲညှစ်ပြီး

ဆားထည့်နယ်ထားပါတယ်။


ငါးပိအစိုကြော်

ကြက်သွန်နီကိုပါးပါးလှီးပြီး ဆီသတ်ပါတယ်။

ကြက်သွန်ဖြူပါးပါးလှီးပြီးထည့်ပါတယ်။

ကြက်သွန် နွမ်းရင် ငါးပိ၊ ငရုတ်ကြမ်းမှုန့်၊ပုစွန်ခြောက်မှုန့်ထည့်ပြီး ကြော်ပါတယ်။


ကြက်ရိုးဟင်းခါး


ကြက်ရိုးကို ဆား၊ငံပြာရည် နဲ့နယ်ပြီးပြုတ်ပါတယ်။

ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါတယ်။ ဂျင်းလှီးပြီးထည့်ပါတယ်။

ပြုတ်ရည်ကျလာရင် ကြက်သွန်မြိတ် နဲ့ ငရုတ်ကောင်းမှုန့်ခပ်ပြီးသုံးဆောင်နိုင်ပါပြီ။ (ဓါတ်ပုံမှာ

ကြက်သွန်မြိတ်မထည့်မိဘူး)

အတို့အတွက်ကတော့ ပူဒီနံလေးတွေပါဘဲ။

စိတ်ကူးရတဲ့အခါချက်စားကြည့်ပါနော်။ အချိန်လည်းအဲလောက်မကုန်ပါဘူး။ ပဲကို တစ်ညရေကြိုစိမ်ရုံလေးပါဘဲ။