Showing posts with label အကြော်များ. Show all posts
Showing posts with label အကြော်များ. Show all posts






ငါးဖယ်ကြော်

ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့
 ကြော်တာပါ။
ကျွန်မ အမျိုးသားက ငါးဖယ်ကြော်ပလိန်း၊ ငါးဖယ်ချက်  မကြိုက်ပါဘူး။
ကျွန်မက ငါးဖယ်ဆို ချက်စားတာထက် ကြော်ထားပြီး တစွတ်စွတ် နှိုက်စားရတာကို ကြိုက်တာပါ။
ခုတော့ နှစ်ယောက်လုံး စားလို့ရအောင် စတိုလ်ပြောင်း ကြော်ကြည့်တော့ သူလည်းကြိုက်တာကြောင့် ခဏခဏကြော်စားဖြစ်ပါတယ်။ ထမင်းဖြူပူပူလေးနဲ့ စားလို့လည်းကောင်း ၊ ဒီအတိုင်း စားလို့လည်း အရမ်း အရသာရှိပါတယ်။

ငါးဖယ်ကို ပုံမှန်တော့ ဂျင်း၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းနဲ့ စေးပိုင်နေအောင် ရောထောင်းပြီးမှ သေးသေးလေးတွေ ပြားပြီး ကြော်တာပါ။

ခု ငါးဖယ်ကို ပုံမှန်ထောင်းနေကြအတိုင်း ထောင်းပါတယ်။
ဆား၊ ကြက်သားမှုန့်၊ နနွင်းပါလေကာ၊ အရောင်တင်မှုန့် နည်းနည်း၊ ကြက်သွန်နီ ပါးပါးလှီး၊ ငရုတ်သီးစိမ်း (စားနိုင်သလောက်) တောက်တောက်စင်း၊ ပဲသီးလှီးထည့်၊မုန်ညင်းထုတ် ကြိုက်တတ်ရင် တောက်တောက်စင်းပြီးထည့်ပါ။  ရှောက်ရွက်နည်းနည်းလှီးပြီး  အနံ့ မွှေးအောင်ထည့် သေချာနယ်ပြီး လက်ကိုဆီစွတ် အပြားလေးတွေ လုပ်ပြီး မီးအေးအေးလေးနဲ့ ကြော်ထားတာပါ။ မွှေးပြီး ငရုတ်သီးအရသာ ရှိန်းရှိန်းလေးနဲ့ စားလို့ကောင်းလှပါတယ်။ သုံးဆောင်ကြည့်ပါနော်။ :)

ဘလော့လေးကို တန့်မသွားအောင် တစ်လ ကို အသစ်တစ်ခုတော့ တင်နိုင်အောင် ကြိုးစားနေပါတယ်နော်။ ဟင်းအသစ်အထူးအဆန်းလည်း မချက်ဖြစ်တာရယ်။ သိပ်မအားတာရယ်ကြောင့်ပါနော်။ လာရောက်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုရစ်ကြော်



သီတင်းကျွတ်လရဲ့ ရာသီစာ ပုရစ်ကြော်လေးပါ။
ဒီအတိုင်းလေးဘဲ စားစား ။ ထမင်းဆီဆမ်းလေးနဲ့ဘဲ စားစား အကြောတက်ပေမဲ့ စားလို့ကောင်းလှပါတယ်။
ဗိုက်ထဲက ဖောက်စရာရှိတာလေးတွေ ဖောက်ထုတ်ပြီး ဂျင်း၊ ကြက်သွန်ဖြူ နိုင်နိုင်နဲ့ ကြော်ပါတယ်။
ပုရစ်အမတွေက ဗိုက်ထဲမှာ ဥလေးတွေပါပြီး စားလို့ပိုကောင်းပါတယ်။
ကျွန်မကတော့ ဆိုင်က ကြော်ပြီးသားဘဲ ဝယ်စားပါတယ်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးခူ ဒုက္ခကြော်




ငါးခူ အကောင်ကြီးကြီး တွေရလို့ ငါးဒုက္ခ ဟင်း လုပ်စားဖြစ်ပါတယ်။ ငါးခူ ဗိုက်ထဲကို အစာပလာ တွေ သွပ်ပြီး ငါးခူကို နှီးနဲ့ ခါးကနေတစ်ဝက်စည်းပြီး သေချာတုတ် ကြော်တဲ့ သာမန် မခက်ခဲတဲ့ ဟင်းအမယ်ပါ။ ငါးနေရထိုင်ရ ခက်တာမို့ ငါးဒုက္ခ ခေါ်ဟန်တူပါရဲ့.....

ပထမဦးစွာ ငါးခူကို မန်ကျီးမှည့်နှင့်ပွတ် ရေသေချာစွာဆေးပြီး ဆား၊ နနွင်းနယ်ပြီး နှပ်ထားပါတယ်။

အစာပလာအတွက် ကတော့ မိမိနှစ်သက်ရာပါ။ ငရုတ်သီးတော့ စပ်ရပါမယ်။ ဒါမှလည်း ပိုစားကောင်းပါတယ်။

ကျွန်မကတော့ golden mile ကဝယ်လာတဲ့ မျှစ်နုနုလေးတွေကို ရေနဲ့ နှစ်ထပ်လောက်ပြုတ်ပါတယ်။ ပြီးတော့ ဒယ်အိုးထဲကို ဆီပါလေရုံထည့်ပြီး ကြက်သွန်ဖြူ၊ နီ ထောင်း ငရုတ်သီးစိမ်းထောင်း ပုစွန်ခြောက် မှုန့်၊ဆား တို့နဲ့အတူ မျှစ်ကို သေချာလုံးပါတယ်။

နောက် အဲဒီအစာတွေကို ငါးဗိုက်ထဲကို သွပ်ပြီး ငါးကို နှီးနဲ့ စည်းပြီး ကြော်ပါတယ်။

နည်းစနစ်အမှန်ကတော့ ကြော်ပြီး နှီးတွေကို ဖြုတ်လိုက်ရင် ငါးလေးက ကွေးကွေးလေး ဖြစ်နေပါတယ်။

ကျွန်မမှာ စည်းစရာ ကြိုးကောင်းကောင်းမရှိလို့ ငါးလေးက သိပ်မကွေးရှာပါဘူး။

သုံးဆောင်ကြည့်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တစ်ပတ်အတွင်း စားစရာအချို့




အုန်းစိမ်းဂျယ်လီ လေးပါ။ ပုံမှာ ပြထားတဲ့ ဂျယ်လီထုတ်ကို သူ့အညွှန်းအတိုင်း ရေ (သို့) အုန်းစိမ်းရည် ထည့်ပြီး ပွက်လာသည်အထိကျို ပြီး ပုံစံခွက်ထဲထည့်ပြီး အုန်းသီးဖတ်လေးတွေ ခြစ်ထည့်အအေးခံပါ။ သကြားထည့်စရာမလိုပါဘူး။
ရေခဲသေတ္တာရှင်းထားတဲ့ အကြော်ပါ။ ပုစွန်အစိမ်းအနည်းငယ်ကျန်တာကို တောက်တောက်စင်းပြီး ပြောင်းဖူး၊ နံနံပင်တောက်တောက်စင်း၊ အကြော်မှုန့်၊ ကြက်ဥတစ်လုံးခေါက် အရသာလေးစွက်ပြီး ကြော်ထားတာပါ။
ငါးကျီးအစိုကို ဆား၊ နနွင်းနယ်ပြီး ကြွတ်ကြွတ်လေး ကြော်ထားတာပါ။

မန္တလေး ကောက်ညှင်းပဲကြော်လေးပါ။ kidney bean ပဲဘူးကို အကြော်မှုန့်နဲ့ရောပြီး ကြော်ထားတာပါ။
ဆီထမင်းလေးပါ။ ဒီမှာရေးဖူးပါတယ်နော်။ ဒယ်အိုးထဲမှာ ချက်တာကတော့ အကောင်းဆုံးပါဘဲ။
ဒီတစ်ပတ်အတွင်း ချက်စားဖြစ်တာလေးတွေထဲက အချို့ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆိတ်သားခြောက်ကြော် မွှေးမွှေးလေး





ဆိတ်သားခြောက် ကို ရေနာရီဝက်လောက် စိမ်ပြီး ခပ်သေးသေးလေးတွေ တုံးပါတယ်။
ဆား၊ ကြက်သားမှုန့်နယ်ပြီး မီးအေးအေးလေးနဲ့ ကျွတ်ကျွတ် ကြော်ပါတယ်။
ပြီးမှ ကြက်သွန်ဖြူ နဲ့ ဂျင်း မညက်တညက်ထောင်းတာလေးရယ် ပျင်းတော်သိမ်ရွက်လေးရယ်ကို
ကြော်ပါတယ်။
ဆိတ်သားခြောက်ကြော်လေးပေါ်ကို ဖြူးလိုက်ပါတယ်။

ထမင်းဖြူလေးနဲ့ဘဲစားစား ၊ အမြည်းအနေနဲ့ဘဲ စားစား အလွန်ကောင်းပါတယ်။ :D

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မျှစ်ချဉ်ကြော်


နုတ်နုတ်လေးတွေစိပ်ထားတဲ့မျှစ်ချဉ်လေးတွေကို
ပုစွန်ခြောက်မှုန့်များများနဲ့ ခြောက်ခြောက်လေး ကြော်စားတဲ့ ဟင်းရံ တစ်မျိုး ဖြစ်ပါတယ်။

ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုခပ်နုတ်နုတ်လှီးပြီးဆီသတ်ပါတယ်။
ပုစွန်ခြောက်မှုန့်၊ငါးပိ၊ ကြက်သားမှုန့်၊ဆား၊ စတာတွေကို( မျှစ်ချဉ် အနည်းအများပေါ်မူတည်) ထည့်ပါ။


မီးဖိုပေါ်မှာ ခဏမွှေပြီးမှ မျှစ်ချဉ်ထည့်ပါ။ ခြောက်ခြောက်လေး စားချင်ရင် ကြာကြာ ကြော်ပါနော်။

အစပ်ကြော်မယ်ဆို ဟင်းအိုးချခါနီးမှ ငရုတ်သီးကြမ်းမှုန့်ထည့်ပြီးနှံ့အောင်မွှေပါနော်။

အသားဟင်းတစ်မျိုးမျိုး၊ ပဲနီလေး ဟင်းချိုတို့ နှင့်လိုက်ဖက် ပြီးမျှစ်ချဉ်ဖတ်လေးတွေက
ဝါးလိုက်ရင် ထုတ်ထုတ်... ထုတ်ထုတ်နဲ့အလွန်အရသာ ရှိပါတယ်။
သုံးဆောင်ကြည့်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပိတ်စွယ်ချဉ်ကြော်


မန္တလေးဘက်က ကြာဇံဟင်းခါးချက်ရင် ထည့်လေ့ရှိတဲ့ ပိတ်စွယ်အချောင်းလေးတွေကို အချဉ်တည်ထားတာပါ။
မြန်မာနိုင်ငံကနေ တစ်ကူးတစ်က သယ်လာတဲ့ အဖိုးတန် အစားအသောက်ကလေးဖြစ်ပါတယ်။
သူ့ရဲ့အရသာဟာ မှိုဖတ်လေးတွေ ဝါးရသလို နုဖတ်ဖတ် အရသာလေးရှိပါတယ်။
ကြော်စားလို့ကောင်းသလို ကြက်သား၊ဆိတ်သားတို့ နှင့်ရောပြီး ရေချိုလေးချက်စားလို့လည်း ကောင်းလှပါတယ်။
ဆီနည်းနည်းထဲမှာ ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသတ်ပါတယ်။
ပိတ်စွယ်ချဉ်ကို ရေဆေးပြီး အနေတော်လှီးဖြတ်ပါတယ်။
ပုစွန်ခြောက်မှုန့် ၊ ကြက်သားမှုန့်၊ဆားအနည်းငယ်တို့နှင့်အတူ ရေလေးနည်းနည်းတောက်ပြီး ကြော်ပါတယ်။
ငရုတ်သီးစိမ်းလေးအုပ်ပြီး သုံးဆောင်နိုင်ပါပြီရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုစွန်ကို အမျိုးမျိုး လုပ်စားကြမယ်..


နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။
ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမှည့်ရည်နဲ့ သုတ်တာမျိုးလေးပါ။ အပြောင်းအလဲအရသာလေးရချင်ရင်တော့ သုတ်စားကြည့်ပါနော်။
မန်ကျီးသီးမှည့်ကို ရေဆေးပြီးရေနွေးနွေးနဲ့ အနှစ်လုပ်ယူပါ။
ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းပါ။
ကြက်သွန်နီ၊နံနံ ပါးပါးလှီးထားပါ။
ပုစွန်နဲ့ အထက်ပါအစာပလာများရောနယ်လိုက်ပါ။ဆား၊ငံပြာရည် ၊ကြက်သားမှုန့်တို့ဖြင့် အရသာဖြည့်စွက်ပါ။
ဆီမပါတဲ့  အသုတ်တစ်မျိုးပါနော်။

နောက်တစ်မျိုးကတော့ ပုစွန်ကို မန်ကျီးသီးစိမ်းနဲ့ကြော်စားတာပါ။
မန်ကျီးသီးစိမ်းကို ထိပ်နှစ်ဘက်စိပ်ပြီးတော့မှ ဆားထည့်ပြီးညက်ညက်ထောင်းပါ။
ပုစွန်ကို သန့်ရှင်းပြီး ဆား၊နနွင်းနယ်ပြီး နည်းနည်းလှီးလိုက်ပါတယ်။
အကောင်လိုက်ထည့်ချင်လည်းရပါတယ်နော်။
ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသတ်ပြီးအနံ့မွှေးလာလျှင် မန်ကျီးသီးထောင်း၊ပုစွန်ခြောက်မှုန့်၊ငါးပိအနည်းငယ်၊ဆား၊ငရုတ်သီးအကြမ်းမှုန့်၊ကြက်သားမှုန့်ထည့်ပါ။
ပုစွန်ရောထည့်မွှေပြီး ပုစွန်ကျက်လျှင် သုံးဆောင်နိုင်ပါပြီနော်။

ပုစွန်ငါးဆုပ်ဟင်းကတော့ ဓါတ်ပုံတော်တော်မကောင်းဖြစ်သွားလို့နောက်တစ်ခေါက်ချက်စားမှ တင်ပါ့မယ်နော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပဲပြားအစာသွတ်


ပေါ်မလာအတော်ကြာနေရာကနေ နေ့ လည်နေ့ခင်းအစာပြေ ရေနွေးကြမ်းလေးနဲ့ 
တွဲစားဖို့ ပဲပြားအစာသွတ်လေးနဲ့ အတူ ပြန်ပေါ်လာပါပြီ။:)
ပဲပြားကို တြိဂံပုံလေး လှီးပြီး အစာသွတ်ရန်ဓါးရာလေး ပေးပါ။
ပဲပြားကိုဆားအနည်းငယ်၊ ကြက်သားမှုန့် အနည်းငယ်ထည့်နယ်ပြီးကြော်ပါ။
အစာသွတ်တာကတော့ မိမိအကြိုက်ကိုလိုက်ပြီး လုပ်ပုံလုပ်နည်းကွဲပြားနိုင်ပါတယ်။
ကျွန်မကတော့ ပထမဦးစွာ ကြက်သွန်နီကြက်သွန်ဖြူကို ပါးပါးလှီးပြီးကြော်ပါတယ်။
ပုစွန် ၅ ကောင်လောက်ကို ရေဆေးအခွံခွှာပြီး လှော်လိုက်ပါတယ်။
ပြီးတော့တောက်တောက်စင်းပစ်ပါတယ်။
အချဉ်အရသာအတွက် မန်ကျီးနှစ်ပျစ်ပျစ်ဖျော်ထားပါတယ်။
ပြီးရင်ဖျော်ထားတဲ့မန်ကျီးနှစ်ပျစ်ပျစ်ထဲကို ကြက်သွန်ဖြူ၊နီကြော်၊ ပုစွန်တောက်တောက်စင်း၊ငရုတ်သီးပါးပါးလှီး၊ပုစွန်ခြောက်မှုန့်၊ကြက်သားမှုန့်၊ဆားတို့နဲ့ အရသာပြင်ဆင်ပြီး ခပ်ပျစ်ပျစ်အနှစ်ကို ပဲပြားထဲကို အစာသွပ်နိုင်ပါပြီနော်... :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြက်မြစ်ကြော်


ကြက်အမြစ် (သို့) ဘဲအမြစ်ကို ရေဖြင့် စင်စင်ဆေးပါ။
အတုံးသေးသေးတုံးပြီး ဆား၊နနွင်း၊ ငံပြာရည်နယ်ပြီး ခဏထားပါ။
ကြက်သွန်ဖြူများများကို မညက်တညက်လေးထောင်းပြီး ဆီသတ်ပါ။
အရသာနယ်ထားသောအမြစ်များထည့်ပြီး ရေနည်းနည်းချင်းထည့်ပြီး နူးအောင်ထည်ပါ။
အမြစ်နူးခါနီးမှ ကြက်ဥတစ်လုံးခေါက်ထည့်ပြီးမွှေပါ။
ကြက်သားမှုန့်လေးထည့် အပေါ့အငံမြည်းပြီး ဟင်းအိုးချကာနီးမှ ငရုတ်သီးစိမ်း အပွတောင့် ထက်ခြမ်းခွဲလေးအုပ်လိုက်ပါ။ ဆီပြန်ဟင်းမစားချင်တဲ့နေ့တွေမှာ ထမင်းမြိန်ဆေးလေးပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြာဇံကြော်


့

ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း

မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြော်နိုင်ပြီး ကျွန်မက တော့ ကြက်သား၊

ကြက်မြစ်၊ကြက်သည်းနဲ့ ကြက်အူချောင်းကို သုံးထားပါတယ်။

ဆန်ကြာဇံကို ရေအေးနဲ့ (၁၅)မီးနစ်ခန့် စိမ်ထားပါ။ ၁၅ မီးနစ်လောက်ရေစိမ်ပြီး ပျော့လာတဲ့ကြာဇံကို

အနေတော် ကတ်ကြေးဖြင့် ညှပ်ပါ။ ရေအေးများသွန်လိုက်ပါ။

ရေနွေးကို ပွက်ပွက်ဆူအောင် တည်ပြီး ရေအေးစိမ်ထားလို့ ပျော့လာတဲ့ ကြာဇံကို

ကျက်အောင် မီးဖိုပေါ်မတင်ဘဲ ဇလုံကြီးကြီး တစ်ခုထဲထည့်ပြီး ရေနွေးဖျောလိုက်ပါတယ်။

ဇလုံကို တစ်ခုခုနဲ့ ဖုံးထားပါ။

ကြာဇံပေါ်မူတည်ပြီး (၃) မီးနစ် (သို့) ၅ မီးနစ်ခန့် ရေနွေးဖျောပြီးတဲ့အခါမှာ

ကြာဇံကိုမြည်းကြည့်လိုက်တဲ့အခါမှာ လုံးဝ ဆတ်တောက်တောက်မဖြစ်တော့ဘဲ ကျက်နေပါပြီ။

ရေအေး အလုံအလောက်ဆေးပြီး ဇကာနဲ့ ရေခြောက်အောင် စစ်ထားပါ။

ရေခြောက်ပြီဆိုတာနဲ့  ကြာဇံကို ပဲငံပြာရည်အနောက် (မိမိလိုချင်တဲ့ အရောင်ပေါ်မူတည်ပြီး

အနည်းအများချင်ထည့်ပါ။)၊

ကြက်သားမှုန့်၊ဆား ၊ငံပြာရည် သင့်ရုံထည့်ပြီး နယ်ထားပါ။ကြာဇံကို ရေအေးစိမ်ပြီး

မီးဖိုပေါ်ရောက်မှ ရေတောက်တောက်ပြီး ကြော်တဲ့အခါမှာ တစ်ခါတစ်လေ အိုးကပ်ပြီး

မလှဖြစ်တတ်လို့ ဒီနည်းကိုသုံးထားတာပါ။ ခုတော့ ဒီနည်းနဲ့အဆင်ပြေလို့

ဆက်သုံးဖြစ်နေပါတယ် Jကြက်သား၊အမြစ်အသည်းကို ရေသေချာဆေး ပြီး

ဆား၊ ငံပြာရည်နယ်ပြီး နှပ်ထားပါ။ နောက် ကြက်သားကို ဂျင်းနည်းနည်း၊ ကြက်သွန်ဖြူနည်းနည်း

ထုထည့်ပြီး ရေနည်းနည်းချင်းထည့်ပြီး ရေခမ်းပြုတ်ပါတယ်။

ကြက်မြစ်ကို လည်း ကြက်အသားကို ပြုတ်သလိုဘဲပြုတ်ပါတယ်။

ကြက်အသည်းကိုတော့ လှီးလို့ ကောင်းရုံ မာလာအောင် ရေနည်းနည်းထည့်ပြီး ပြုတ်ပါတယ်။

နောက်အသားများကို အအေးခံထားပြီး ခပ်ပါးပါးလှီးပြီး တစ်စောင်စီ

ပန်းကန်ထဲထည့်ထားပါ။ ကြက်အူချောင်းကိုလည်းရေနည်းနည်းထည့်ပြီး

မီးဖိုပေါ်မှာ ကျက်အောင်လှိမ့်ပြီး အရှည်လိုက် လှီးထားပါ။

ကြာဇံကြော်ထဲကိုထည့်မဲ့ အသီးအရွက်ကတော့ မုံလာဥနီ၊ ရွှေပဲသီး၊ ဂေါ်ဖီထုတ်၊

ပန်းမုံလာ နှင့် မိမိနှစ်သက်သလိုထည့်နိုင်ပါတယ်ရှင်။

ရွှေပဲသီးကို ထိပ်နှစ်ဖက်ကိုတိပြီး ဘေးက အကြောလေး ပါအောင် သင်ပြီး

တစ်စောင်းလေးတွေ မထူမပါးလှီးပါတယ်။

မုန်လာဥနီကိုလည်း နှစ်သက်ရာပုံစံကို အနေတော်လှီးထားပါမယ်။

ဂေါ်ဖီ၊ ပန်းမုံလာတို့ကိုလည်း အနေတော်လှီးပါ။

လှီးပြီး အသီးအရွက်များကို ရေစင်စင်ဆေးပြီး ရေစစ်ထားပါ။

ဒယ်အိုးတစ်လုံးထဲကို ဆီနည်းနည်းထည့်ပြီး ကြက်ဥ (၃)လုံးလောက်ကို

ဆားထည့်ခေါက်ပြီး ပါးပါးလေးတွေရအောင် နည်းနည်းချင်းကြော်ပါ။

နောက် အအေးခံပြီး ပါးပါးလှီးပါ။ ဒယ်အိုးထဲကို ဆီ ထပ်ထည့်ပြီး တည်ထားပါ။

အသီးအရွက်နဲ့ ကြာဇံ မှန်းပြီး ဆီကိုထည့်လိုက်ပါ။ များလွန်း နည်းလွန်း လျှင်စားမကောင်းပါ။

ဆီကျက်လျှင် ကြက်သွန်ဖြူ မညက်တညက်ထောင်း (သို့) ဓါးပြားရိုက်ပြီး

ပြန်လှီးထားတာကို ထည့်ပါ။နောက်အသား၊အသည်းအမြစ်လှီးထားတာတွေထည့်မွှေပါ။

အသီးအရွက်တွေထည့်ပါ။ အရသာအတွက် တရုတ်မဆလာ၊ ငရုတ်ကောင်းမှုန့် နည်းနည်း၊

ဆား၊ ကြက်သားမှုန့် ၊ ငံပြာရည် နည်းနည်းချင်းစီ ထည့် ပြီး ရေ နည်းနည်းချင်းစီ

လက်နဲ့ တောက်ပြီး အသီးအရွက်ကျက်အောင်တည်ပါ။

ကျက်ခါနီး စိမ်းဆတ်ဆတ်လေး ဖြစ်လာပြီဆိုရင် အရသာနယ်ထားသော ကြာဇံကို ထည့်လိုက်ပါ။

ကြာဇံ ရဲ့အရသာနဲ့ အသားအရွက်ကြော်အရသာရောသွားအောင် မီးဖိုပေါ်မှာ ၄မိနစ်

၅မိနစ်လောက်ဆက်မွှေပြီး ကြော်လိုက်ပါ။

ကြာဇံကြော်နံ့ လေးလည်းထွက်လာပါပြီ။

ဒါဆိုရင်တော့ ကြာဇံဖတ်တွေပြတ်မသွားတဲ့ ကြာဇံကြော်လှလှလေးရပါပြီနော်။

ကြက်ဥကြော် ၊ ကြက်အူချောင်းနဲ့ တရုတ်နံနံကိုတော့ အပေါ်ကနေဖြူးလိုက်ပါတယ်။

ကြွက်နားရွက်မှိုကို ပြုတ်ပြီး ပါးပါးလှီးပြီးလည်းဖြူးထားသေးတယ်။

ကြာဇံကြော်နဲ့ လိုက်ဖက်တဲ့အချဉ်ကတော့ ကြက်သွန်နီကို ပါးပါးလှီးပြီး ငရုတ်သီးစိမ်းပါးပါးလှီး

ဆားထည့်ပြီး သံပုရာ ရွှဲရွှဲညှစ်ထားတဲ့ အချဉ်နဲ့ပါ။

မန်ကျီးရည်နဲ့ကြိုက်သောသူများလည်း မန်ကျီးသီးကို ရေနွေးလေးနဲ့  စိမ်ပြီး

အနှစ်ယူ ဆား၊သကြား ထည့်ပြီး ငရုတ်သီးစိမ်း၊နံနံပင်ညှပ်ထည့်ထားတဲ့ 

အချဉ်နဲ့လည်း စားသုံးနိုင်ပါတယ်။

ဟင်းရည်ကိုတော့ အရိုးပြုတ်ကို ငရုတ်ကောင်း၊ကြက်သွန်မြိတ်ခပ်ပြီး ဖြစ်စေ

ကြက်သားမှုန့်ကို သုံးပြီးဖြစ်စေ စားသုံးနိုင်ပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးဖယ်ကြော်



ငါးဖယ်ကို ဂျင်း၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာရယ်၊
ဆား၊ကြက်သားမှုန့် ရယ်ထည့်ပြီး စေးပိုင်နေအောင်နယ်ပါတယ်။
လက်ကို ဆီစွတ်ပြီး ပန်းကန်တစ်ခုထဲကို ငါးဖယ်လုံးကိုပစ်ပေါက်ပြီး မာအောင် အကြိမ်ကြိမ် လုပ်ပါတယ်။ ငရုတ်ဆုံရှိရင် ငရုတ်ဆုံထဲထည့်ထောင်းပြီး စေးအောင်လုပ်လည်းရပါတယ်နော်။
ဒယ်အိုးကိုဆီများများထည့်ပြီး မီးဖို ကို မီးပြင်းပြင်းတည်ထားပါတယ်။
ဆီကျက်မှ မီးအေးအေးနဲ့ ငါးဖယ်ကိုအရွယ်တော်လေးတွေဖြစ်အောင်
လက်နဲ့ ပြားပြီး ကြော်ပါတယ်။
နောက်ရက်ကျ အဲဒီငါးဖယ်ကို ချက်စားပါသေးတယ်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုစွန် tempura


ပုစွန်ကို ထုံးစံအတိုင်းရေဆေးပြီး အခွံချွတ်လိုက်ပါတယ်။အမြီးနားလေးက အခွံမာလေးကို ချန်ထားပါတယ်။
နောက်ကျောက အစာဟောင်းလမ်းကြောင်းလေးဖယ်ပြီး ဆား၊နနွင်းနယ်ပြီး ခဏထားပါတယ်။
အကြော်မှုန့်ထဲကို ရေသင့်ရုံထည့်ပြီး၊ဆား၊ကြက်သားမှုန့် နဲ့ကြက်ဥပါခေါက်ထည့်ပြီး ဖျော်ပါတယ်။ နောက်ပုစွန်လေးတွေကို အနှစ်လူးပြီး ကြော်ထားတာပါရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးချဉ်သုတ်& ငါးချဉ်ကြော်



အဲဒီနေ့က ငါးချဉ်ကို သုတ်စားဖြစ်ပါတယ်။ :)
မြန်မာနိုင်ငံက ငါးချဉ်ဆိုရင်တော့ ကောလင်းဘက်ကလာတဲ့ ငါးကြီးချဉ်ကို
ချက်စားရတာကြိုက်ပါတယ်။ ဒါလေးကတော့ ယိုးဒယားဈေးက ဝယ်ထားတာပါ။
sour fish လို့ဘဲရေးထားတော့ ဘာငါးချဉ်လဲဆိုတာတော့ မသိပါဘူး။ :)
ကြက်သွန်နီပါးပါးလှီး၊ ငါးချဉ်လေးတွေကို သင့်တော်ရုံလှီးပြီး ငရုတ်သီးစိမ်းပါးပါးလှီးလေးတွေနဲ့
သုတ်ပါတယ်။ ပဲတောင့်ရှည်နုနုလေးတွေရလို့ လှီးထည့်ထားပါတယ်။
နံနံပင်လေးရရင် ထည့်သုတ်လို့မွှေးပါတယ်။
အရသာအတွက် ဆားအနည်းငယ်နဲ့ ကြက်သားမှုန့် ထည့်ပြီး ဆီစိမ်းစမ်းပြီး သုတ်ပါတယ်ရှင်။

သုတ်မစားချင်တဲ့သူများကတော့ ကြော်စားလို့ရပါတယ်ရှင်။
ကြက်သွန်နီဆီသတ်ပြီး ငါးချဉ်တွေလှီးထားတာထည့်ပါမယ်။
အရသာအတွက် ဆား၊ကြက်သားမှုန့်ထည့်ပြီး အရောင်လှရုံ အရောင်တင်နည်းနည်းထည့်ပါတယ်။
ငရုတ်သီးခြမ်းထားတာလေးထည့်ပြီး နံနံပင်လေး၊ကြက်သွန်ဖြူလေးအုပ်ပြီး စားသုံးနိုင်ပါပြီနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပဲထမင်း ++








ပဲထမင်းကို ကျွန်မချက်တဲ့နည်းအတိုင်းမျှဝေလိုက်ပါတယ်။

ကုလားပဲကို တစ်ညကြိုတင်ပြီးရေစိမ်ထားပါမယ်။ မနက်ချက်မယ်ဆိုညကတည်းက

ရေစိမ်ထားမယ်ဆိုရင် ချက်ခါနီးမနက်မှာ ပဲကနူးနေပါပြီ။ ထမင်းအိုးထဲမှာ

သစ်ကျပိုးခေါက်၊ကရဝေးရွက်၊နာနတ်ပွင့်စတာတွေကို ဆီသတ်ပါတယ်။ ပြီးရင်ဆန်ထည့်

ရေကိုထမင်းချက်တဲ့အချိန်ဆအတိုင်း ရေလက်နှစ်ဆစ်ထည့်ပြီး ထည်ပါတယ်။

ထမင်းအိုးစတင်ပွက်လာရင်ပဲထည့်ပြီး အိုးကိုမွှေပေးပါတယ်။

ဆားသင့်ရုံထည့်ပါတယ်။ထမင်းအိုးပွက်လာတဲ့အချိန်မှာ မွှေပေးပါတယ်။ ထမင်းမာတယ်ထင်ရင်တော့

ရေနွေးနည်းနည်းထပ်ထည့်ပြီးတည်နိုင်ပါတယ် ရှင်။


ကြက်သားဟင်းရိုးရိုး

ပဲထမင်းနဲ့ တွဲဖက်စားသုံးဖို့ကတော့ ကြက်သားဟင်းပါ။

ကြက်သွန်နီ၊ ဖြူ၊ဂျင်းဆီသတ်ပါတယ်။ ဆား၊နနွင်းနယ်ထားတဲ့ကြက်သားထည့်ပါတယ်။

အရောင်တင်ထည့်ပြီးသူ့ရေနဲ့သူကုန်အောင် လုံးပါတယ်။ ပြီးမှ ရေထပ်ထည့်ပြီး

မီးအေးအေးလေးနဲ့ ကြက်သားနူးအောင်တည်ထားပါ။

အချဉ်သုတ်

အချဉ်အတွက်ကတော့ သခွားသီးကိုဘဲ စီမံလိုက်ပါတယ်။

သခွားသီးကို အတုံးလေးတွေလှီးပြီး ကြက်သွန်နီ၊ငရုတ်သီးတောင့်လှီးထည့်၊သံပုရာရည်ရွှဲရွှဲညှစ်ပြီး

ဆားထည့်နယ်ထားပါတယ်။


ငါးပိအစိုကြော်

ကြက်သွန်နီကိုပါးပါးလှီးပြီး ဆီသတ်ပါတယ်။

ကြက်သွန်ဖြူပါးပါးလှီးပြီးထည့်ပါတယ်။

ကြက်သွန် နွမ်းရင် ငါးပိ၊ ငရုတ်ကြမ်းမှုန့်၊ပုစွန်ခြောက်မှုန့်ထည့်ပြီး ကြော်ပါတယ်။


ကြက်ရိုးဟင်းခါး


ကြက်ရိုးကို ဆား၊ငံပြာရည် နဲ့နယ်ပြီးပြုတ်ပါတယ်။

ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါတယ်။ ဂျင်းလှီးပြီးထည့်ပါတယ်။

ပြုတ်ရည်ကျလာရင် ကြက်သွန်မြိတ် နဲ့ ငရုတ်ကောင်းမှုန့်ခပ်ပြီးသုံးဆောင်နိုင်ပါပြီ။ (ဓါတ်ပုံမှာ

ကြက်သွန်မြိတ်မထည့်မိဘူး)

အတို့အတွက်ကတော့ ပူဒီနံလေးတွေပါဘဲ။

စိတ်ကူးရတဲ့အခါချက်စားကြည့်ပါနော်။ အချိန်လည်းအဲလောက်မကုန်ပါဘူး။ ပဲကို တစ်ညရေကြိုစိမ်ရုံလေးပါဘဲ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online