ကြာဇံကြော်


့

ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း

မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြော်နိုင်ပြီး ကျွန်မက တော့ ကြက်သား၊

ကြက်မြစ်၊ကြက်သည်းနဲ့ ကြက်အူချောင်းကို သုံးထားပါတယ်။

ဆန်ကြာဇံကို ရေအေးနဲ့ (၁၅)မီးနစ်ခန့် စိမ်ထားပါ။ ၁၅ မီးနစ်လောက်ရေစိမ်ပြီး ပျော့လာတဲ့ကြာဇံကို

အနေတော် ကတ်ကြေးဖြင့် ညှပ်ပါ။ ရေအေးများသွန်လိုက်ပါ။

ရေနွေးကို ပွက်ပွက်ဆူအောင် တည်ပြီး ရေအေးစိမ်ထားလို့ ပျော့လာတဲ့ ကြာဇံကို

ကျက်အောင် မီးဖိုပေါ်မတင်ဘဲ ဇလုံကြီးကြီး တစ်ခုထဲထည့်ပြီး ရေနွေးဖျောလိုက်ပါတယ်။

ဇလုံကို တစ်ခုခုနဲ့ ဖုံးထားပါ။

ကြာဇံပေါ်မူတည်ပြီး (၃) မီးနစ် (သို့) ၅ မီးနစ်ခန့် ရေနွေးဖျောပြီးတဲ့အခါမှာ

ကြာဇံကိုမြည်းကြည့်လိုက်တဲ့အခါမှာ လုံးဝ ဆတ်တောက်တောက်မဖြစ်တော့ဘဲ ကျက်နေပါပြီ။

ရေအေး အလုံအလောက်ဆေးပြီး ဇကာနဲ့ ရေခြောက်အောင် စစ်ထားပါ။

ရေခြောက်ပြီဆိုတာနဲ့  ကြာဇံကို ပဲငံပြာရည်အနောက် (မိမိလိုချင်တဲ့ အရောင်ပေါ်မူတည်ပြီး

အနည်းအများချင်ထည့်ပါ။)၊

ကြက်သားမှုန့်၊ဆား ၊ငံပြာရည် သင့်ရုံထည့်ပြီး နယ်ထားပါ။ကြာဇံကို ရေအေးစိမ်ပြီး

မီးဖိုပေါ်ရောက်မှ ရေတောက်တောက်ပြီး ကြော်တဲ့အခါမှာ တစ်ခါတစ်လေ အိုးကပ်ပြီး

မလှဖြစ်တတ်လို့ ဒီနည်းကိုသုံးထားတာပါ။ ခုတော့ ဒီနည်းနဲ့အဆင်ပြေလို့

ဆက်သုံးဖြစ်နေပါတယ် Jကြက်သား၊အမြစ်အသည်းကို ရေသေချာဆေး ပြီး

ဆား၊ ငံပြာရည်နယ်ပြီး နှပ်ထားပါ။ နောက် ကြက်သားကို ဂျင်းနည်းနည်း၊ ကြက်သွန်ဖြူနည်းနည်း

ထုထည့်ပြီး ရေနည်းနည်းချင်းထည့်ပြီး ရေခမ်းပြုတ်ပါတယ်။

ကြက်မြစ်ကို လည်း ကြက်အသားကို ပြုတ်သလိုဘဲပြုတ်ပါတယ်။

ကြက်အသည်းကိုတော့ လှီးလို့ ကောင်းရုံ မာလာအောင် ရေနည်းနည်းထည့်ပြီး ပြုတ်ပါတယ်။

နောက်အသားများကို အအေးခံထားပြီး ခပ်ပါးပါးလှီးပြီး တစ်စောင်စီ

ပန်းကန်ထဲထည့်ထားပါ။ ကြက်အူချောင်းကိုလည်းရေနည်းနည်းထည့်ပြီး

မီးဖိုပေါ်မှာ ကျက်အောင်လှိမ့်ပြီး အရှည်လိုက် လှီးထားပါ။

ကြာဇံကြော်ထဲကိုထည့်မဲ့ အသီးအရွက်ကတော့ မုံလာဥနီ၊ ရွှေပဲသီး၊ ဂေါ်ဖီထုတ်၊

ပန်းမုံလာ နှင့် မိမိနှစ်သက်သလိုထည့်နိုင်ပါတယ်ရှင်။

ရွှေပဲသီးကို ထိပ်နှစ်ဖက်ကိုတိပြီး ဘေးက အကြောလေး ပါအောင် သင်ပြီး

တစ်စောင်းလေးတွေ မထူမပါးလှီးပါတယ်။

မုန်လာဥနီကိုလည်း နှစ်သက်ရာပုံစံကို အနေတော်လှီးထားပါမယ်။

ဂေါ်ဖီ၊ ပန်းမုံလာတို့ကိုလည်း အနေတော်လှီးပါ။

လှီးပြီး အသီးအရွက်များကို ရေစင်စင်ဆေးပြီး ရေစစ်ထားပါ။

ဒယ်အိုးတစ်လုံးထဲကို ဆီနည်းနည်းထည့်ပြီး ကြက်ဥ (၃)လုံးလောက်ကို

ဆားထည့်ခေါက်ပြီး ပါးပါးလေးတွေရအောင် နည်းနည်းချင်းကြော်ပါ။

နောက် အအေးခံပြီး ပါးပါးလှီးပါ။ ဒယ်အိုးထဲကို ဆီ ထပ်ထည့်ပြီး တည်ထားပါ။

အသီးအရွက်နဲ့ ကြာဇံ မှန်းပြီး ဆီကိုထည့်လိုက်ပါ။ များလွန်း နည်းလွန်း လျှင်စားမကောင်းပါ။

ဆီကျက်လျှင် ကြက်သွန်ဖြူ မညက်တညက်ထောင်း (သို့) ဓါးပြားရိုက်ပြီး

ပြန်လှီးထားတာကို ထည့်ပါ။နောက်အသား၊အသည်းအမြစ်လှီးထားတာတွေထည့်မွှေပါ။

အသီးအရွက်တွေထည့်ပါ။ အရသာအတွက် တရုတ်မဆလာ၊ ငရုတ်ကောင်းမှုန့် နည်းနည်း၊

ဆား၊ ကြက်သားမှုန့် ၊ ငံပြာရည် နည်းနည်းချင်းစီ ထည့် ပြီး ရေ နည်းနည်းချင်းစီ

လက်နဲ့ တောက်ပြီး အသီးအရွက်ကျက်အောင်တည်ပါ။

ကျက်ခါနီး စိမ်းဆတ်ဆတ်လေး ဖြစ်လာပြီဆိုရင် အရသာနယ်ထားသော ကြာဇံကို ထည့်လိုက်ပါ။

ကြာဇံ ရဲ့အရသာနဲ့ အသားအရွက်ကြော်အရသာရောသွားအောင် မီးဖိုပေါ်မှာ ၄မိနစ်

၅မိနစ်လောက်ဆက်မွှေပြီး ကြော်လိုက်ပါ။

ကြာဇံကြော်နံ့ လေးလည်းထွက်လာပါပြီ။

ဒါဆိုရင်တော့ ကြာဇံဖတ်တွေပြတ်မသွားတဲ့ ကြာဇံကြော်လှလှလေးရပါပြီနော်။

ကြက်ဥကြော် ၊ ကြက်အူချောင်းနဲ့ တရုတ်နံနံကိုတော့ အပေါ်ကနေဖြူးလိုက်ပါတယ်။

ကြွက်နားရွက်မှိုကို ပြုတ်ပြီး ပါးပါးလှီးပြီးလည်းဖြူးထားသေးတယ်။

ကြာဇံကြော်နဲ့ လိုက်ဖက်တဲ့အချဉ်ကတော့ ကြက်သွန်နီကို ပါးပါးလှီးပြီး ငရုတ်သီးစိမ်းပါးပါးလှီး

ဆားထည့်ပြီး သံပုရာ ရွှဲရွှဲညှစ်ထားတဲ့ အချဉ်နဲ့ပါ။

မန်ကျီးရည်နဲ့ကြိုက်သောသူများလည်း မန်ကျီးသီးကို ရေနွေးလေးနဲ့  စိမ်ပြီး

အနှစ်ယူ ဆား၊သကြား ထည့်ပြီး ငရုတ်သီးစိမ်း၊နံနံပင်ညှပ်ထည့်ထားတဲ့ 

အချဉ်နဲ့လည်း စားသုံးနိုင်ပါတယ်။

ဟင်းရည်ကိုတော့ အရိုးပြုတ်ကို ငရုတ်ကောင်း၊ကြက်သွန်မြိတ်ခပ်ပြီး ဖြစ်စေ

ကြက်သားမှုန့်ကို သုံးပြီးဖြစ်စေ စားသုံးနိုင်ပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂျင်းထောင်း





ခုတလော ရာသီဥတု ကပြောင်းကပြန်ဖြစ်ပြီး မိုးရွာလိုက်နေပူလိုက်မို့ ဖျားကြ နာကြတဲ့ သူတွေအများကြီးပါ။
မိုးအေးပြီး စိမ့်နေတဲ့ ရက်တွေမှာ လူက အုံ့ မှိုင်းနေမယ်ဆိုရင် လုပ်စားဖို့ ဂျင်းထောင်း လေးကို မျှဝေလိုက်ပါတယ်။
လိုအပ်သောပစ္စည်းများကတော့
ဂျင်းနု (young ginger)
ငရုတ်သီးစိမ်း၊(အစပ်စားနိုင်သလောက်)
ကြက်သွန်ဖြူ ၂တက်
ပဲပုတ်(၁)ပြား(အရသာပါပြီး မွှေးရုံ)
တို့ ဖြစ်ပါတယ်။
ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါ။
ညက်ခါနီး အနေအထားမှာ ဂျင်းနုကို အခွံခွာပြီး ပါးပါးလှီးထည့်ထောင်းပါ။
ပဲပုတ်ကတော့ အရသာလေးဖို့ အနံ့ မွှေးဖို့ ထည့်တာပါ။ ပါလေရုံပါ။
နို့ မို့ဆို အိပ်ပျော်သွားလိမ့်မယ်။ :) ကင်ပြီးထောင်းထည့်ပါ။
အရသာပါရုံဆိုရပါတယ်။ ဆားလေး၊ကြက်သားမှုန့်လေးထည့်ပြီး ဆီစိမ်းဆမ်း စားရုံပါဘဲ။
ပဲပုတ်ကင်နံ့ မွှေးရုံလေးနဲ့ ဂျင်းထာင်းပူစပ်စပ်လေးက ချွေးထွက်ပြီး အခိုးပွင့်ကာ ခံတွင်းလိုက်စေပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးဖယ်ကြော်



ငါးဖယ်ကို ဂျင်း၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာရယ်၊
ဆား၊ကြက်သားမှုန့် ရယ်ထည့်ပြီး စေးပိုင်နေအောင်နယ်ပါတယ်။
လက်ကို ဆီစွတ်ပြီး ပန်းကန်တစ်ခုထဲကို ငါးဖယ်လုံးကိုပစ်ပေါက်ပြီး မာအောင် အကြိမ်ကြိမ် လုပ်ပါတယ်။ ငရုတ်ဆုံရှိရင် ငရုတ်ဆုံထဲထည့်ထောင်းပြီး စေးအောင်လုပ်လည်းရပါတယ်နော်။
ဒယ်အိုးကိုဆီများများထည့်ပြီး မီးဖို ကို မီးပြင်းပြင်းတည်ထားပါတယ်။
ဆီကျက်မှ မီးအေးအေးနဲ့ ငါးဖယ်ကိုအရွယ်တော်လေးတွေဖြစ်အောင်
လက်နဲ့ ပြားပြီး ကြော်ပါတယ်။
နောက်ရက်ကျ အဲဒီငါးဖယ်ကို ချက်စားပါသေးတယ်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုစွန် tempura


ပုစွန်ကို ထုံးစံအတိုင်းရေဆေးပြီး အခွံချွတ်လိုက်ပါတယ်။အမြီးနားလေးက အခွံမာလေးကို ချန်ထားပါတယ်။
နောက်ကျောက အစာဟောင်းလမ်းကြောင်းလေးဖယ်ပြီး ဆား၊နနွင်းနယ်ပြီး ခဏထားပါတယ်။
အကြော်မှုန့်ထဲကို ရေသင့်ရုံထည့်ပြီး၊ဆား၊ကြက်သားမှုန့် နဲ့ကြက်ဥပါခေါက်ထည့်ပြီး ဖျော်ပါတယ်။ နောက်ပုစွန်လေးတွေကို အနှစ်လူးပြီး ကြော်ထားတာပါရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြေးအိုး





ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။
ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :)
ကြေးအိုးစားရင် ဝက်သားနဲ့မှ အင်္ဂါစုံတယ်ထင်လို့ ဝက်သားနဲ့လုပ်ဖြစ်ပါတယ်။
ဝက်ရိုးကို ရေစင်စင်ဆေးပါတယ်။ ပြီးတော့ အိုးကြီးကြီး တစ်လုံးထဲမှာ ရေထည့်ပြီး ပြုတ်ပါတယ်။ ဆီတွေတက်လာတိုင်းခပ်ထုတ်ပြစ်မှာမလို့ ဝက်သားကို အရသာနယ်မထားပါဘူး။
ဆီတွေဝေ့တက်လာတိုင်း ခပ်ပြစ်ပြီး နောက်ဆုံး ဆီမဝေ့တော့တဲ့ထိ အကြာကြီး ဝက်ရိုးကိုပြုတ်ပါတယ်။ နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့အရည်အနေအထားရောက်ပြီဆိုမှ ဟင်းရည်အိုးထဲကို ဆား၊သကြား၊ငံပြာရည်၊ကြက်သားမှုန့်၊ ငရုတ်ကောင်း၊တရုတ်မဆလာ ထည့်ပါတယ်။
ဂျင်းကို လွှာပြီး အနည်းငယ်ထည့်ပါတယ်။ ကြက်သွန်ဖြူ ၃မွှာလောက် ထုထည့်လိုက်ပါတယ်။
မီးမျှင်းမျှင်းလေးနဲ့တည်ထားပါတယ်။
ဝက်သားကြိတ်သားကို ဆား၊ ဂျင်းကြက်သွန်ဖြူထောင်းထားတာနဲ့နယ်ပါတယ်။
နောက်အဲဒီထဲကို ကော်မှုန့် ရောထည့်နယ်ပါတယ်။
အသားလုံးလို့ကောင်းတဲ့ထိ ကော်မှုန့် ထည့်ပါတယ်။
နောက်အသားလုံးလေးတွေကို အနေတော်လုံးပြီး ဟင်းရည်အိုးထဲထည့်ပြုတ်ပါတယ်။
နောက် မိမိထည့်မဲ့ ဝက်အဆာပလာတွေကို ပြင်ဆင်ပါမယ်။
ဝက်သည်း၊ ဝက်အူချို စသည်ဖြင့်ထည့်ကြပါတယ်။
ရေသေချာဆေးပြီး ဆား၊ ဂျင်းရည်တို့နဲ့ နယ်ပြီး ပြုတ်ပါမယ်။
ပြီးရင် မထူမပါးလှီးပြီး ပန်းကန်ထဲထည့်ထားပါမယ်။
ငုံးဥလေးလည်းပါမှ ဆိုတော့ ငုံးဥကို အခွံချွတ်ရလွယ်အောင် ဆားလေးအနည်းငယ်ထည့်ပြုတ်ပြီး ကျက်ရင် အခွံခွှာ ပန်းကန်တစ်ခုထဲထည့်ထားပါ။
ပဲပြားကိုလည်း အနေတော်တုံးထားပါတယ်။
မုံညင်းရွက်ကို ရေဆေးပြီး အဆင်သင့်ထားပါ။
ကျူဆိုင်လေးပါမှ ကြေးအိုးနံ့ လေးရတာမလို့ ကျူဆိုင်လေးကိုလည်း ရေဆေးပြီး ဖြတ်ထားပါတယ်။
ဆန်ပြားကြာဇံ ရောရာလေးကို ကြိုက်သော်လည်း ကြာဇံပဲအလွယ်တကူရတာမို့ ဆန်ကြာဇံကို (၁၅) မီးနစ်လောက်ရေအေးစိမ်ထားပါတယ်။ ကြာဇံကို အနေတော်ဖြတ်ထားပါ။ နောက်မှ ရေအေးသွန်ပြီး ရေနွေးပွက်ပွက်ဆူကို မီးဖိုပေါ်မတင်ဘဲ ဇလုံထဲမှာဘဲ ကြာဇံကျက်အောင် အချိန်မှန်းပြီး ဖျော လိုက်ပါတယ်။ ကျက်ပြီးသားကြာဇံကို ဇကာတစ်ခုထဲထည့်ထားပါတယ်။
ကြာဇံဖတ်ကို ပျော့ပြဲမှာ စိုးတဲ့အတွက် အပြင်မှာဘဲ တစ်ခါတည်းကျက်အောင်လုပ်လိုက်တာပါ။
စားတော့မယ်ဆိုမှ အိုးအသေးထဲကို ဟင်းရည်ထည့်၊ ငုံးဥ၊ကျူဆိုင်၊ပဲပြား၊မုံညင်း၊ ဝက်အဆာပလာများထည့်ပြီး ဟင်းရည်ပွက်အောင်ထည်၊ ကြာဇံရောပြီး စားသုံးနိုင်ပါတယ်ရှင်။ အရသာအတွက်ငံပြာရည်နဲ့ ကြက်သားမှုန့်ကို သုံးပြီး ဖြည့်စွက်ပါတယ်။ ငရုတ်ကောင်းမှုန့်လေးလဲ ဖြူးပါတယ်။
အချဉ်အတွက်ကတော့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ရေနွေးလေးနဲ့ပြုတ်၊ကြိတ်ပြီး ရေနွေးလေးလောင်းထားတဲ့ အချဉ်လေးလုပ်ပါတယ်။ နောက် tomato sauce ရယ် ထည့်စားပါတယ်။ ဖက်ထုတ်ကြော်လေးနဲ့ တွဲစားလို့ လိုက်ဖက်ပါတယ်နော် :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးသံပုရာ ချဉ်စပ်


ငါးသံပုရာချဉ်စပ်အတွက် တိလားပီးယားငါး (tilapia) ကိုသုံးထားပါတယ်ရှင်။
ငါးတစ်ကောင်လုံးကို ဗိုက်ဖောက် သန့်ရှင်းပြီး အပေါ်အောက် ဓါးဖြင့်သုံးချက်စီလောက် မွှန်းပေးပါ။
ငါးကို ဆား၊ နနွင်း၊ကြက်သားမှုန့် တို့ဖြင့်နယ်ပြီး ခဏ နှပ်ထားပေးပါ။ ငါးကို ဒယ်အိုးပြားထဲမှာ ရေနည်းနည်းချင်းဆီထည့်ပြီး ပြုတ်ပါတယ်။ ရေကို အများကြီးတစ်ခါထည်းမထည့်ပါဘူး။
ပြုတ်တဲ့အချိန်မှာ အညှီနံ့ ပျောက်စေရန်အတွက် ဂျင်းကို အချောင်းလေးတွေလုပ်ပြီး ထည့်ပြုတ်ပါတယ်။
ငါးကျက်မဲ့အချိန်ကိုမှန်းပြီး ရေခမ်းလေးရအောင် ရေကို နည်းနည်းစီထည့်ပါမယ်။
ငါးကျက်လျှင် သတ်သတ်ဖယ်ထားပါ။
သံပုရာသီး အရည်ညှစ်ထားပါ။
ကော်ရည်ကို ရေအေးဖြင့် ဆား၊သကြား၊ ငရုတ်ကောင်း၊ သံပုရာရည် ထည့်ဖျော်ပြီး ကျဲကျဲလေးရအောင် မီးဖိုပေါ်တွင်ကျိုထားပါ။ချို ချဉ်ငန်စပ်အရသာအား မိမိစိတ်ကြိုက်ပြင်ဆင်ပါ။
ကော်ရည်အိုးချခါနီးတွင် နံနံပင် ရိတ်ရိတ်လှီးလေးများ၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ ကြိတ်ထားသည်ကို ထည့်ပါ။
အရည်အရသာအပေါ့အငန်အတွက်ကြက်သားမှုန့်၊ ဆားတို့ဖြင့် ပြင်ဆင်နိုင်ပါတယ်။
ဒီဟင်းမှာ အငန်အရသာအတွက် ငံပြာရည်ကို မသုံးထားပါဘူးရှင်။
ဟင်းပွဲပြင်ဆင်ရန်အတွက်ပန်းကန်ပြားထဲမှာ အရည်နည်းနည်းခံပြီး ငါးကိုထည့်ပါ။ ပြီးမှ အပေါ်မှ အရည်လောင်းချလိုက်ပါ။
အရည်အရသာဟာ ငါးရဲ့နောက်ကျောဘက်ကိုပါဝင်ပြီး စားလို့အင်မတန်ကောင်းပါတယ်။
အမြည်းအနေနဲ့ဘဲဖြစ်ဖြစ်၊ ထမင်းနဲ့ဘဲ ဖြစ်ဖြစ် ခံတွင်းလိုက်စေပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးချဉ်သုတ်& ငါးချဉ်ကြော်



အဲဒီနေ့က ငါးချဉ်ကို သုတ်စားဖြစ်ပါတယ်။ :)
မြန်မာနိုင်ငံက ငါးချဉ်ဆိုရင်တော့ ကောလင်းဘက်ကလာတဲ့ ငါးကြီးချဉ်ကို
ချက်စားရတာကြိုက်ပါတယ်။ ဒါလေးကတော့ ယိုးဒယားဈေးက ဝယ်ထားတာပါ။
sour fish လို့ဘဲရေးထားတော့ ဘာငါးချဉ်လဲဆိုတာတော့ မသိပါဘူး။ :)
ကြက်သွန်နီပါးပါးလှီး၊ ငါးချဉ်လေးတွေကို သင့်တော်ရုံလှီးပြီး ငရုတ်သီးစိမ်းပါးပါးလှီးလေးတွေနဲ့
သုတ်ပါတယ်။ ပဲတောင့်ရှည်နုနုလေးတွေရလို့ လှီးထည့်ထားပါတယ်။
နံနံပင်လေးရရင် ထည့်သုတ်လို့မွှေးပါတယ်။
အရသာအတွက် ဆားအနည်းငယ်နဲ့ ကြက်သားမှုန့် ထည့်ပြီး ဆီစိမ်းစမ်းပြီး သုတ်ပါတယ်ရှင်။

သုတ်မစားချင်တဲ့သူများကတော့ ကြော်စားလို့ရပါတယ်ရှင်။
ကြက်သွန်နီဆီသတ်ပြီး ငါးချဉ်တွေလှီးထားတာထည့်ပါမယ်။
အရသာအတွက် ဆား၊ကြက်သားမှုန့်ထည့်ပြီး အရောင်လှရုံ အရောင်တင်နည်းနည်းထည့်ပါတယ်။
ငရုတ်သီးခြမ်းထားတာလေးထည့်ပြီး နံနံပင်လေး၊ကြက်သွန်ဖြူလေးအုပ်ပြီး စားသုံးနိုင်ပါပြီနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online