မာလာဟင်း






မာလာဟင်းချက်တော့မယ်ဆိုရင် တွဲဖက်စားဖို့ အလိုက်ဖက်ဆုံးကတော့ အသားကင်ပဲဖြစ်ပါတယ်။ကျွန်မတို့ မန္တလေးမှာမာလာဟင်း နှင့် အကင်ဆိုင်တွေအရမ်းပေါပါတယ်။(ဘီယာဆိုင်ပေါတယ်ဆိုတဲ့သဘောပေါ့နော်)။ :)
ဘီယာဆိုင်ဆိုပေမဲ့ မိသားစု၊သူငယ်ချင်းတွေသွားစားလည်း ကျယ်ဝန်းပြီးအဆင်ပြေတဲ့ဆိုင်တွေအများကြီးရှိပါတယ်။
မာလာဟင်း နှင့် အကင် ၊ ဂဏန်းချက်ကိုတွဲရောင်းကြတယ်။
ထမင်းဆီဆမ်းနဲ့ စားကြတယ်။ညနေဆို (၃၅)လမ်းနှင့်လမ်း(၃၀)အကင်ဆိုင်တွေမှာ အရမ်းစည်တာဘဲ။မယုံမရှိနဲ့ နော်..မန္တလေးကရပ်ကွက်တိုင်းမှာမာလာဟင်းဆိုင်ရှိတယ်။တကယ်ပြောတာ။ဆိုင်ကြီး၊ဆိုင်လေး၊ရပ်ကွက်လမ်းဘေးဆိုင် ဒါလေးပဲကွာတယ်။မန္တလေးကသူတွေ မာလာဟင်းကြိုက်ကြတယ်နဲ့ တူပါတယ်။

အဲဒီမာလာဟင်းကို အိမ်မှာလုပ်စားကြည့်ပါတယ်။ အသီးအရွက်ကိုမိမိနှစ်သက်ရာကို ရွေးချယ်ပြီးထည့်နိုင်ပါတယ်။ စုံလေကောင်းလေဆိုပေမဲ့ တစ်ခါတစ်လေလည်း အစုံမရပါဘူး။ စင်္ကာပူမှာလုပ်စားရင်ဆိုပိုဆိုးပါတယ်။ အရွက်စုံရင် ပိုက်ဆံကုန်ပါတယ်။မိမိအကြိုက်ဖြစ်သောကြောင့်ဆိုင်မှချက်နည်းများ၊
အခြားနည်းများနဲ့ အနည်းအများကွာနိုင်ပါတယ်ရှင်။

မာလာဟင်းအနှစ်အတွက် လိုအပ်သော ပစ္စည်းများကတော့ လူ(၅)ယောက်စာအတွက်
မာလာဟင်းအနှစ် ready made တစ်ထုတ်၊
မြေပဲဆံ (၅)ကျပ်သားခန့် ၊
နှမ်း(၂) ကျပ်သားခန့်  ၊
ငရုတ်သီးအကြမ်းမှုန့် (၅) ကျပ်သားခန့် ၊
(ကျွန်မကတော့အလေးချိန်တွေကို မှန်းပြီးထည့်လိုက်ပါတယ်။နည်းတော့ထပ်ထည့်ပေါ့။အနှစ်များသွားရင် အရွက်ပိုထည့်လိုက်။လွယ်လွယ်လေးပါ။) :)
ကြက်သွန်နီအနေတော် (၃)လုံး၊
ကြက်သွန်ဖြူ နှင့် ဂျင်းတို့ ဖြစ်ပါတယ်။
ပါဝင်သော အသီးအရွက်များကတော့ မိမိအကြိုက်ကိုလိုက်ပြီး အဆင်ပြေသလိုထည့်နိုင်ပါတယ်။
များသောအားဖြင့်…
ကန်စွန်းရွက်၊
ကိုက်လန်၊
မုန်ညင်းဖြူ၊
ဘရိုကိုလီ၊
မုန်လာဥနီ၊
ကြာစွယ်၊
ပဲပင်ပေါက်၊
အာလူး၊
ဘေဘီကွန်း၊
ပဲကြာဇံ အနည်းငယ်၊
ကြွက်နားရွက်မှို၊
ကြက်သွန်မြိတ်၊
ကန်စွန်းဥချောင်း(မျှော့ချောင်း ၊ခေါက်ဆွဲ)စသည်ဖြင့်အမျိုးမျိုးခေါ်ကြတယ်။ အညိုရောင် နှင့် အစိမ်းရောင်ရှိပါတယ်။
ပဲပြား(၃)တုံး၊
ဆီ (၂၀)သားခန့် 
နဲ့ ခနောကြက်သားမှုန့် တို့ ဖြစ်ပါတယ်။
ကြိုတင်ပြီးပြုလုပ်ထားရမည့်အရာများ
မြေပဲဆံ ကိုညက်နေအောင်ထောင်း(သို့ )ကြိတ်ပေးထားပါ။
ကန်စွန်းဥချောင်းကို ကြိုတင်ပြီး ရေစိမ်ပေးထားပါ။ ဥပမာ ။ ။ မနက်စောစောချက်မယ်ဆိုရင် ညအိပ်ရာမဝင်ခင်ကြိုပြီး ရေစိမ်ပေးထားပါ။ တချို့ ကန်စွန်းဥချောင်းတွေက
အရမ်းမာလို့ ပြုတ်ရတာသက်သာအောင်လို့ ပါ။
ကျန်တာတွေကတော့ မာလာဟင်းအနှစ်မလုပ်ခင် စိမ်ရင် ရပါတယ်။
ကြွက်နားရွက်မှို ရေစိမ်ပေးထားပါ။
ပဲကြာဇံ ရေစိမ်ပေးထားပါ။
အသီးအရွက်များကို အနေတော် ဖြတ်တောက်ထားပြီး ရေဆေးပြီး စစ်ထားပေးပါ။
ပဲပြား(၃)တုံး ကိုအနေတော် အတုံးလေးတွေတုံးပေးပါ။

မာလာဟင်းအနှစ်လုပ်ဖို့ အတွက် ကြက်သွန်နီ ဆီသတ်ပါတယ်။
ထို့ နောက် ကြက်သွန်နီနွမ်းသွားရင်
ကြက်သွန်ဖြူ၊ဂျင်း ထောင်းထားတာတို့ ကိုရောပြီးဆီသတ်တဲ့ထဲထည့်ပါတယ်။
ပဲပြား(၃)တုံး ကိုအနေတော် အတုံးလေးတွေတုံးထားတာထည့်ပါမယ်။မြေပဲဆံ ကိုညက်နေအောင်ထောင်းထားတာကို ရောထည့်ပါတယ်။ ငရုတ်ကြမ်းမှုန့် ထည့်ပါတယ်။ မာလာဟင်းအနှစ်ထုတ်ထည့်ပါမယ်။နှမ်းထည့်ပါတယ်။
အပေါ့အငန်အတွက်ဆားနှင့်ခနောကြက်သားမှုန့့်ထည့်ပါတယ်။ အကုန်ရောပြီး ဆီသတ်ပြီးတဲ့အခါမှာ
အနံ့ မွှေးပြီးတက်လာပါလိမ့်မယ်။ ဒါဆိုရင် စပ်စပ်မွှေးမွှေးလေးနဲ့ မာလာဟင်းအနှစ်ရပါပြီ။
မာလာဟင်းအနှစ်ရပြီဆိုရင် အဝကျယ်ကျယ်ဒန်အိုးတစ်လုံးထဲမှာ ရေနွေးပွက်ပွက်ဆူအောင်တည်ထားပေးပါ။ ရေနွေးပွက်ပွက်ထဲကို ကန်စွန်းဥချောင်းထည့်ပြုတ်ပါ။
ကန်စွန်းဥချောင်းနူးပြီဆိုရင် ရေအေးဆေးပြီး စစ်ထားပေးပါ။ကြွက်နားရွက်မှို နှင့်ပဲကြာဇံ ထည့်ပြုတ်ပါ။
ရေအေးဆေးပြီး စစ်ထားပေးပါ။ အသီးအရွက်များပြုတ်ဖို့ အတွက်ကတော့ အနူးကြာမည့် အမယ်များကိုအရင်ပြုတ်ပေးပါ။ကြာစွယ် တို့ အာလူးတို့ ကနူးဖို့ အချိန်ပေးရပါတယ်။
တစ်မျိုးချင်းစီထည့်ပြုတ်ပြီး ရေအေးအေးဆေးပြီး ဇကာနှင့် စစ်ပေးထားပါ။
အားလုံးပြီးပြီဆိုရင် အသီးအရွက်များနဲ့ ကန်စွန်းဥချောင်း၊ကြွက်နားရွက်မှို၊
ပဲကြာဇံတို့ ကိုမာလာဟင်းအနှစ်နှင့်ရောပြီးတူလေးနှင့်သမအောင်
နယ်ပေးပါ။ ဒါဆို အဆင်သင့် သုံးဆောင်နိုင်ပါပြီရှင်။
အချဉ်ကြိုက်ရင် မကျီးမှည့်ရေနွေးနွေးစိမ်ပြီး ငရုတ်သီးစိမ်းကိုက်ထည့်၊
နံနံပင်ကိုက်ထည့်၊ဆား၊သကြား နဲနဲထည့်ပြီး အချဉ်ရေ လေးလုပ်လိုက်ပါနော်။

မာလာဟင်းနှင့် တွဲဖက်စားသုံးရန် အကင်ကိုတော့နောက်အပတ်မှ ရေးပါတော့မယ်နော်။
..................................................................................................................................................................

မာလာဟင်းအနှစ်ထုတ်အလွယ်တကူမရနိုင်တဲ့ သူများအတွက်


မာလာဟင်းအနှစ်ထုတ်အလွယ်တကူမရနိုင်တဲ့ သူများအနေဖြင့် ဆီများများတွင် ကြက်သွန်နီပါးပါးလှီးပြီးကြော်ပါ။ ကြက်သွန်ဖြူ ပါးပါးလှီးထည့်ပါ။
ကြက်သွန်ဖြူ၊နီ ကြော်တာအဝါရောင်သမ်းလာလျှင် သတ်သတ်ဖယ်ထားပါ။
ထိုဆီထဲတွင် ဆက်ပြီး ဂျင်းအနည်းငယ်ထောင်းထည့်၊ မြေပဲဆံမညက်တညက်ကြိတ်
(မှုန့်မှုန့်ကြိုက်တတ်ရင် မှုန့်မှုန့်ထည့်ပါ) ၊ နှမ်း၊ ငရုတ်သီးအကြမ်းမှုန့် ၊ တရုတ်မဆလာ၊ ပဲငါးပိ အချို ၊အရသာအလေးအပင်အတွက် ဆား၊ ကြက်သားမှုန့် တို့ထည့်ပါ။
ထိုအနှစ်နှင့် ကြော်ထားသော ကြက်သွန်ဖြူ၊နီ ရောလိုက်လျှင် မာလာဟင်းအနှစ်ရပါပြီနော်။

ဒါကတော့ မာလာဟင်းအနှစ်ထုတ်ပုံလေး ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးသလောက် နှင့် ပဲပင်ချဉ် သုတ်




ငါးသလောက် နှင့် ပဲပင်ချဉ် သုတ်ကတော့  မြန်မာနိုင်ငံပြန်တုန်းကစားဖြစ်ခဲ့တဲ့ ဟင်းလေးပါ။
ကျွန်မတို့ အိမ်မှာ ငါးသလောက်ဟင်း မချက်ဖြစ်တာ တော်တော်လေးကြာပါပြီ။
အဖေနဲ့မတဲ့တော့အိမ်မှာမချက်ဖြစ်တာပါ။ ငါးသလောက်ပေါင်းစားချင်ရင် ဆိုင်ကဝယ်ပြီး ခိုးပြီးစားရတာပါ။ အဲဒီနေ့ကဈေးသွားရင်း ပဲပင်ချဉ်လေးတွေရောင်းနေတာတွေ့ တော့ လက်တည်ချဉ်မစားရတာကြာတော့ တော်တော်လေးစားချင်လာတာနဲ့  ပဲပင်ချဉ်လေးတွေ ရေနွေးပန်းကန်လေးနဲ့ တစ်လုံး(၅၀ လား ၁၀၀ လားမသိဘူးပေးရတယ်)ဝယ်လာပါတယ်။
ဆိုင်ကနေ ငါးသလောက်ပေါင်း တစ်ပွဲဝယ်လိုက်ပါတယ်။
အမှန်အတိုင်းပြောရရင်ကျွန်မ ငါးသလောက်ပေါင်းကို
တစ်ခါမှ မချက်ဖူးပါဘူး။အိမ်မှာချက်စားလို့ အနံ့ ရရင် fatherကြီး စားချင်နေဦးမှာလေ။
အဲဒါနဲ့  အသုတ်သုတ်ဖို့ အတွက်ကတော့
ဝယ်လာတဲ့ ပဲပင်ချဉ်လေးကိုရေဆေး၊ ရေညှစ်ပြီး ပါးပါးပြန်လှီးလိုက်တယ်။
ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ၊ရှေက်ရွက် ၊ ပါးပါးလှီး ထားပါတယ်။ဝယ်လာတဲ့ ငါးသလောက်ပေါင်းကိုအသားလေးတွေ ဖဲ့လိုက်တယ်။ ပြီးရင် အဲဒါတွေရောပြီး
ငံပြာရည်နဲ့ အပေါ့အငန်လိုအပ်သလိုပြင်ဆင်ပြီး ဆီချက်ဆမ်းပြီး သုတ်စားနိုင်ပါပြီရှင်။
ခိုးစားခဲ့ရလို့လားမသိဘူးတော်တော်လေးစားလို့ကောင်းပါတယ်။ မရမ်းသီးစိမ်းလေးတွေ
နဲ့ ငါးသလောက်ရောပြီး သုတ်လည်းစားလို့ ကောင်းပါတယ်။ ငါးသလောက်ကလည်း မအီတော့ဘူးလေ။ စားကြည့် ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခရမ်းချဉ်သီး ပန်ထွေဖျော် နှင့် ဆိတ်သားခြောက်ကင်






ခရမ်းချဉ်သီးပန်ထွေဖျော်လုပ်ဖို့ အတွက်လိုအပ်သောပစ္စည်းများကတော့
ခရမ်းချဉ်သီး ။ (အရွယ်အနေတော်(၃)လုံးဆို ဟင်းစားပန်းကန်(၁)လုံးနဲ့ အပြည့်ရပါတယ်။)
ငရုတ်သီးစိမ်းတောင့်။
ကြက်သွန်ဖြူ။
ကြက်သွန်နီ။
ကြက်သွန်မြိတ်။
နံနံပင်။
ဆီ။
ဆား။
ငံပြာရည်။
ခနောဟင်းခတ်မှုန့် တို့ ဖြစ်ပါတယ်။
ခရမ်းချဉ်သီးကို မီးဖုတ်ထားပါ။ မြန်မာနိုင်ငံမှာလို မီးသွေးမီးဖိုထဲ ထည့်ဖုတ် စရာမရှိရင် ကင်တဲ့ဇကာပြားလေးကို gas မီးဖိုပေါ်တင်ပြီး ကင်လိုက်ပါ။
ကင်ဖို့ အဆင်မပြေဘူးဆိုရင် နောက်တစ်နည်းကတော့ ခရမ်းချဉ်သီးကို အိုးထဲမှာ ငံပြာရည် နည်းနည်းထည့်ပြီး ရေခမ်းပြုတ်ပေးပါ။ မီးကင်တာကတော့ပိုပြီးစားလို့ ကောင်းပါတယ်။
ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို အိုးထဲထည့်ပြီးလှော်လိုက်ပါ။
ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူကိုထောင်းလိုက်ပါ။
မလှော်ချင်လို့အစိမ်းထောင်းထည့်လည်းရပါတယ်။
ပြီးရင်ကင်ထားတဲ့ ခရမ်းချဉ်သီးကိုအခွံနွှာပြီး ရောထောင်းပါ။
ပြီးရင် ဆား၊ငံပြာရည်၊ ခနောဟင်းခတ်မှုန့် တို့ နဲ့ အပေါ့အငန်ပြင်ဆင်လိုက်ပါ။
ထောင်းထားတဲ့ခရမ်းချဉ်သီးကိုပန်းကန်တစ်လုံးထဲထည့်ပြီးဆီဆမ်းပါ။နောက်ပြီးကြက်သွန်နီပါးပါးလှီးတာရယ်၊ ကြက်သွန်မြိတ်၊နံနံပင်ရယ်ရောပြီး သုံးဆောင်လို့ ရပါပြီရှင်။
ကျွန်မဓါတ်ပုံထဲမှာတော့ ကြက်သွန်နီ ပါးပါးလှီးတာရယ်၊ ကြက်သွန်မြိတ်၊နံနံပင်ရယ်မပါ ပါဘူး။
ကြက်သွန်မြိတ်၊နံနံပင်အဆင်သင့်မရှိလို့ ပါ။
ခရမ်းချဉ်သီး ပန်ထွေဖျော်ကို မုန့် ပျားသလက်နှင့်တွဲစားရင်
တော်တော်လေးစားလို့ ကောင်းပါတယ်။
ဆိတ်သားခြောက်ကင်
ဆိတ်သားခြောက်ကင်အတွက်ကတော့ မြန်မာနိုင်ငံပြန်တုန်းကယူလာတဲ့ အသားခြောက်ကို ရေခဏစိမ်ထားပါတယ်။နောက်စဉ်းတုံးပေါ်ကိုတင်ပြီး ငရုတ်ကျည်ပွေ့ နဲ့ ထုပေးပါတယ်။ နောက်ပြီးgasဖိုပေါ်တင်ပြီး ကင်ပါတယ်။ ဆိတ်သားခြောက်ကင်မွမွလေးရအောင် ထုလိုက်ကင်လိုက်လုပ်ပေးရပါတယ်။
ပြီးရင် ပန်းကန်ထဲထည့်ပြီး ဆီဆမ်းလိုက်ပါနော်။
ဆိတ်သားခြောက်ကင်မွမွလေးကို ခရမ်းချဉ်သီးပန်ထွေဖျော်နဲ့ တွဲဖက်ပြီး
ထမင်းပူပူလေးနဲ့စားလိုက်ကြရအောင်နော်။
တွတ်ပီကာတွန်း ထဲကလို သစ်ပင်ရိပ်အောက်က ကွပ်ပစ်မှာ
အဖန်ရည်တစ်အိုးနဲ့ ဆတ်သားခြောက်ဖုတ်လေးနဲ့  မြည်းချင်ရင်လည်း ရပါသေးတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခရမ်းသီးမီးဖုတ်သုတ်


ခရမ်းသီးမီးဖုတ်သုတ် လုပ်ဖို့ အတွက်လိုအပ်သောပစ္စည်းများကတော့
ခရမ်းသီး (၁)လုံး (ထောပတ်ခရမ်းသီး)လို့ လည်းခေါ်ကြပါတယ်။
မြေပဲဆံထောင်း။
နံနံပင်။
ကြက်သွန်မြိတ်။
ဆား။
ငံပြာရည်။
ဟင်းခတ်မှုန့် ။
ဆီချက် တို့ ဖြစ်ပါတယ်။
ကြက်သွန်နီ ကိုလည်း ပါးပါးလှီးထားပေးပါ။

ပထမဦးစွာ ခရမ်းသီးမီးဖုတ်ထားပါ။ gas မီးဖိုပေါ်တင်ပြီးကင်လည်း ရပါတယ်။ အရည်
တော့ နည်းနည်းကျပြီး ညစ်ပတ်မှာပေါ့။ ခရမ်းသီးရပြီဆိုရင် ဓါးနဲ့ ခွဲပြီး ဇလုံထဲထည့် ပြီး အအေးခံထားပေးပါ။ အဲဒါဆိုရင် ခရမ်းသီးထဲက အစပ်ရည်တွေထွက်သွားပါလိမ့်မယ်။
ပြီးရင် ခရမ်းသီးအသားကို ဇွန်းနှင့်ခြစ်ယူပြီး ကြက်သွန်နီ၊ မြေပဲဆံထောင်း၊ နံနံပင်၊ ကြက်သွန်မြိတ်၊
ဆား၊ငံပြာရည်၊ ဟင်းခတ်မှုန့် ၊ ဆီချက် တို့ နှင့် သုတ်စားနိုင်ပါတယ်။
ထမင်းမြိန်စေတဲ့ဟင်းကောင်းတစ်မျိုးဖြစ်ပါတယ်။
ခရမ်းသီးမီးဖုတ်ထားတာကို ကြက်ဥနဲ့ ရောပြီး ကြော်စားရင်လည်း စိမ့်စိမ့်လေး
စားလို့ ကောင်းပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငရုတ်သီးကြော်


ဝက်သားဒညင်းသီးနှပ်နဲ့ တွဲဖက်စားသုံးရန်အတွက် ငရုတ်သီးကြော် ကြော်လိုက်ပါတယ်။ ဆီနည်းနည်းထဲကို ငရုတ်သီးအကြမ်းမှုန့် ရယ် ပုစွန်ခြောက်မှုန့် ရယ်ရောပြီး ခြောက်ခြောက်လေးကြော်လိုက်တာပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝက်သားဒညင်းသီးနှပ်


မြန်မာနိုင်ငံအလည်ပြန်သွားပြီးပြန်လာတော့လည်းအလုပ်တွေ ဆက်တိုက်ရှုပ်နေတာမို့ ဟင်း အသစ် မချက်ဖြစ်တာ တော်တော်ကြာပါပြီ။ ဒါကြောင့်မို့ မြန်မာနိုင်ငံ ပြန်သွားတုန်းက ချက်စားဖြစ်ခဲ့တဲ့ ဝက်သားနဲ့ ဒညင်းသီးနှပ်ကိုပဲ postအသစ်တင်လိုက်ပါတယ်။ ဝက်သား ပေါင်သား(သို့ )သုံးထပ်သား(၅၀)သားလောက်ဆိုရင် ဒညင်းသီး (၁၅)လုံးလောက်နဲ့  ရောရင် အဆင်ပြေပါတယ်။ မိမိအကြိုက် ကိုလိုက်ပြီး အတိုးအလျှော့လုပ်လို့ ရပါတယ်။
ဒညင်းသီးကိုပြုတ်ထားပါ။ ဓါးဖျားလေးနဲ့ ထိုးကြည့်လို့ ရပြီဆိုရင် ဒညင်းသီးကို ပြုတ်ထားတဲ့ရေကို သွန်ပြစ်ပြီး ထန်းလျှက်(၃)လုံးလောက်နဲ့ ရေကိုဒညင်းသီး မြုပ်ရုံ ထည့်ပြီးရေခမ်းအောင်တည်လိုက်ပါ။ ပြီးရင် ရေအေးဆေး၊ အခွံနွှာပြီး အခြမ်းလေးတွေခြမ်းလိုက်ပါ။
ဒညင်းသီးခြမ်းလေးတွေကို ငရုတ်ဆုံထဲကို မှောက်ထည့် ပြီး၊ ပြားပြားလေး ရအောင်ထောင်းပေးပါ။
ဒညင်းသီးကိုထောင်းပြီးချက်တာက ဝက်သားနဲ့ ရောလိုက်တဲ့ အခါမှာပိုပြီးစား လို့ ကောင်း ပါတယ်။
ဝက်သားကို ဆား၊ငံပြာရည်၊ ပဲငံပြာရည်အကြည် တို့ နဲ့ ရောနယ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ဂျင်းနဲ့အရောင်တင်တို့ ရောပြီးဆီသတ်ပါ။ ပြီးရင် နယ်ထားတဲ့ ဝက်သားထည့်ပြီး နူးအောင်တည်ပါ။
ဝက်သားနူးပြီး ဆီပြန်ခါနီးပြီဆိုရင် ထောင်းထားတဲ့ဒညင်းသီးရောပြီး ဆီပြန်ရင် ဝက်သားဒညင်းသီးနှပ်
ကို သုံးဆောင်လို့ ရပါပြီရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြက်တောင်ပံကြော်


အခုရက်ပိုင်း အလုပ်အရမ်းရှုပ်နေလို့ လွယ်တဲ့ မြန်တဲ့ ဟင်းလေးတွေပဲ ချက်စားနေရတယ်။ အိမ်မှာရှိတဲ့ ကြက်တောင်ပံကို ပဲကြော်စားလိုက်တော့မယ်။

အကြော်မှုန့်ထဲကို ဆား၊ အရောင်တင်မှုန့်၊ ဂျင်း၊ကြက်သွန်ဖြူထောင်း၊ ငရုတ်ကောင်းမှုန့် တို့နဲ့ ဖျော်ပြီး ကြက်သား ဆားဆနွင်းနယ်ထားတာကို နှစ်လိုက်ပါတယ်။ ပြီးမှ ဆီပူပူလေးထဲမှာ နှစ်ပြီး ရဲလာတဲ့ အထိကြော် လိုက်ပါတယ်။
မုန့်နှစ်နဲ့ကြော်တာ မနူးမှာစိုးလို့ ကြက်သားကို မကြော်ခင် microwave ထဲမှာ ခဏထည့်ထားလိုက် သေးတယ်။
မဆိုးပါဘူး။ စားလို့ကောင်းပါတယ်။
KFC ကကြက်ကြော်အမှတ်နဲ့ သုံးဆောင်ကြပါရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online