ပုစွန်ကို အမျိုးမျိုး လုပ်စားကြမယ်..


နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။
ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမှည့်ရည်နဲ့ သုတ်တာမျိုးလေးပါ။ အပြောင်းအလဲအရသာလေးရချင်ရင်တော့ သုတ်စားကြည့်ပါနော်။
မန်ကျီးသီးမှည့်ကို ရေဆေးပြီးရေနွေးနွေးနဲ့ အနှစ်လုပ်ယူပါ။
ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းပါ။
ကြက်သွန်နီ၊နံနံ ပါးပါးလှီးထားပါ။
ပုစွန်နဲ့ အထက်ပါအစာပလာများရောနယ်လိုက်ပါ။ဆား၊ငံပြာရည် ၊ကြက်သားမှုန့်တို့ဖြင့် အရသာဖြည့်စွက်ပါ။
ဆီမပါတဲ့  အသုတ်တစ်မျိုးပါနော်။

နောက်တစ်မျိုးကတော့ ပုစွန်ကို မန်ကျီးသီးစိမ်းနဲ့ကြော်စားတာပါ။
မန်ကျီးသီးစိမ်းကို ထိပ်နှစ်ဘက်စိပ်ပြီးတော့မှ ဆားထည့်ပြီးညက်ညက်ထောင်းပါ။
ပုစွန်ကို သန့်ရှင်းပြီး ဆား၊နနွင်းနယ်ပြီး နည်းနည်းလှီးလိုက်ပါတယ်။
အကောင်လိုက်ထည့်ချင်လည်းရပါတယ်နော်။
ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသတ်ပြီးအနံ့မွှေးလာလျှင် မန်ကျီးသီးထောင်း၊ပုစွန်ခြောက်မှုန့်၊ငါးပိအနည်းငယ်၊ဆား၊ငရုတ်သီးအကြမ်းမှုန့်၊ကြက်သားမှုန့်ထည့်ပါ။
ပုစွန်ရောထည့်မွှေပြီး ပုစွန်ကျက်လျှင် သုံးဆောင်နိုင်ပါပြီနော်။

ပုစွန်ငါးဆုပ်ဟင်းကတော့ ဓါတ်ပုံတော်တော်မကောင်းဖြစ်သွားလို့နောက်တစ်ခေါက်ချက်စားမှ တင်ပါ့မယ်နော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုစွန်ကို အမျိုးမျိုး လုပ်စားကြမယ်..


ဒီနေ့  Menu ကတော့ ပုစွန်သုတ်ပါ။
ပုစွန်ကို ချက်တာထက် သုတ်စားတာကို ကြိုက်တဲ့အတွက် ခဏခဏ သုတ်စားဖြစ်ပါတယ်။
ကျွန်မ သုတ်စားတဲ့ နည်းလေးကို share လိုက်ပါတယ်နော်။
ပုစွန်ကိုထုံးစံအတိုင်း သန့်ရှင်းရေးလုပ်ပြီးရင် ရေဆေးပြီး ဆား၊ နနွင်းနယ်ပါတယ်။
နောက် အိုးထဲထည့်ပြီး မီးအသင့်အတင့်ဖြင့်လှော်ပါတယ်။
ပုစွန်လေးတွေကွေးပြီး မွှေးပြီဆို မီးဖိုပေါ်မှချ အအေးခံပြီး မထူမပါးလှီးပါတယ်။
ပုစွန်ကို လှီးသုတ်မှ အစာပလာဝင်တယ်လို့ခံစားရလို့ပါ။
ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းပါးပါးလှီး၊ ငံပြာရည်နည်းနည်း၊ ကြက်သားမှုန့် အရသာနည်းနည်းနဲ ဖြည့်စွက်ပြီး သံပုရာရည် ရွှဲရွှဲညှစ်ပြီး ဆီဆိမ်း ဆမ်းကာ ရောနယ်သုတ်ပါတယ်။
နံနံပင်ကြိုက်တတ်ရင် ရောထည့်သုတ်ပါတယ်။
မုန်လာဥနီကိုအချောင်းလေးတွေလှီးပြီးနည်းနည်းထည့်လိုက်သေးတယ်။
ဆလတ်ရွက်ဝယ်ထားတဲ့အချိန်နဲ့
့တိုက်ဆိုင်လို့အသုတ်အောက်က ခင်းပြီး အလှဆင်ထားတာပါ။ သုံးဆောင်ကြည့်ပါနော်။
နောက်ရက်တွေကျမှ ပုစွန်ငါးဆုပ်ဟင်း၊ ပုစွန်တောသုတ်နဲ့
ပုစွန်မန်ကျီးသီးစိမ်းကြော်တို့ ဆက်ရေးပါဦးမယ်နော်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆီထမင်း




ဆီထမင်းဝါဝါလေးကို Rice Cooker နဲ့အလွယ်တကူချက်စားမဲ့နည်းလမ်းကတော့ ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ဖြူထောင်းထည့်ပါ။ နောက်ရေဆေးထားတဲ့ကောက်ညင်းဆန်ထည့်ပါ။ ဆားနည်းနည်းထည့်ပါ။
ရေကိုထမင်းချက်သလိုပဲ ချင်ထည့်ပါ။ နောက်ကျက်ခါနီးမှ ရေလိုရင် နည်းနည်းချင်း ဖြန်းလို့ရပါတယ်နော်။
ပဲပြုတ်ကို ဆီထမင်းထဲတစ်ခါတည်းထည့်မယ်ဆိုလျှင် ဆန်မွှေလို့ရသေးတဲ့အချိန်မှာ ထည့်လိုက်ပါနော်။
ဆီထမင်းကို ကိုယ့်အရပ်ဒေသအလိုက် တွဲဖက်စားသုံးတဲ့ အစာများကွာခြားကြပါတယ်။
ကျွန်မတို့အိမ်မှာတော့ ငံပြာရည်ချက်၊ ပဲပြုတ်၊အသားခြောက်(သို့) ငါးခြောက်ကင်တို့ ဖြင့် စားသုံးကြပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပဲပြားအစာသွတ်


ပေါ်မလာအတော်ကြာနေရာကနေ နေ့ လည်နေ့ခင်းအစာပြေ ရေနွေးကြမ်းလေးနဲ့ 
တွဲစားဖို့ ပဲပြားအစာသွတ်လေးနဲ့ အတူ ပြန်ပေါ်လာပါပြီ။:)
ပဲပြားကို တြိဂံပုံလေး လှီးပြီး အစာသွတ်ရန်ဓါးရာလေး ပေးပါ။
ပဲပြားကိုဆားအနည်းငယ်၊ ကြက်သားမှုန့် အနည်းငယ်ထည့်နယ်ပြီးကြော်ပါ။
အစာသွတ်တာကတော့ မိမိအကြိုက်ကိုလိုက်ပြီး လုပ်ပုံလုပ်နည်းကွဲပြားနိုင်ပါတယ်။
ကျွန်မကတော့ ပထမဦးစွာ ကြက်သွန်နီကြက်သွန်ဖြူကို ပါးပါးလှီးပြီးကြော်ပါတယ်။
ပုစွန် ၅ ကောင်လောက်ကို ရေဆေးအခွံခွှာပြီး လှော်လိုက်ပါတယ်။
ပြီးတော့တောက်တောက်စင်းပစ်ပါတယ်။
အချဉ်အရသာအတွက် မန်ကျီးနှစ်ပျစ်ပျစ်ဖျော်ထားပါတယ်။
ပြီးရင်ဖျော်ထားတဲ့မန်ကျီးနှစ်ပျစ်ပျစ်ထဲကို ကြက်သွန်ဖြူ၊နီကြော်၊ ပုစွန်တောက်တောက်စင်း၊ငရုတ်သီးပါးပါးလှီး၊ပုစွန်ခြောက်မှုန့်၊ကြက်သားမှုန့်၊ဆားတို့နဲ့ အရသာပြင်ဆင်ပြီး ခပ်ပျစ်ပျစ်အနှစ်ကို ပဲပြားထဲကို အစာသွပ်နိုင်ပါပြီနော်... :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သရက်သီးထောင်း


ထမင်းစားမြိန်စေတဲ့ ဟင်းရံလေးတစ်မယ်ပါ။
သရက်သီးလေးကို ထိပ်တိပြီး နာရီဝက် ၊ တစ်နာရီ ခန့်ရေစိမ်ထားပါ။
အခွံနွှာပြီး အမြောင်းလေးတွေစိပ်ပြီး ထောင်းရလွယ်ကူစေရန် ခပ်သေးသေးလေးတွေလှီးပါ။
ငရုတ်ဆုံထဲမှာ ခပ်သေးသေးလှီးထားသော သရက်သီးလေးများကို ထည့်ပြီး ထောင်းပါ။
ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူ ကိုလှော်ပြီး ထောင်းပါ။
မြေပဲဆံထောင်း၊ ငါးပိကင် ၊ပုစွန်ခြောက် ရောထည့်ထောင်းပါ။
အရသာအတွက် ဆားလေး ၊ ကြက်သားမှုန့် လေး ဖြည့်စွက်ပြီး
ဆီစိမ်း(သို့) ဆီချက် ကြိုက်နှစ်သက်ရာ ဆမ်းပါ။
အစပ်ကြိုက်လျှင် အရောင်လည်းလှစေရန် ငရုတ်သီးမှုန့် ထည့်နယ်နိုင်ပါတယ်ရှင်။
အပေါ်က နံနံပင်နဲ့ ကြက်သွန်နီကြော်လေး ဖြူးထားတာပါ။
သုံးဆောင်ကြည့်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မုန့် တီသုတ်






ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။
မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊
ငံပြာရည် ကောင်းကောင်းဖြစ်ပါတယ်။
မုန့်တီဖတ်အတွက်ကတော့ singapore
မှာသုံးတဲ့ laksa မုန့်ဖတ်ကတော့ နန်းလတ်အဖြစ်သုံးရတာအဆင်ပြေပါတယ်။
မုန့်တီဖတ်တုတ်တုတ်လေးနဲ့ မှ သုတ်စားချင်သူတွေအတွက် Udon မုန့်ဖတ်ကို သုံးလို့ရပါတယ်ရှင်။
ဒီမှာတော့ Laksa မုန့်ဖတ်ကို သုံးထားပါတယ်။
မုန့်တီဖတ်ကို ရေနွေးနဲ့ ခဏပြုတ်ပါတယ်။
မုန့်ဖတ်အနေတော်ဖြစ်တဲ့အခါမှာ မီးဖိုပေါ်မှချပြီး ရေအေးအေးနဲ့ နှံ့အောင်ဆေးချပြီး ရေစစ်ထားပါတယ်။

ကြက်သားအဖီနဲ့တောင်ပံရိုး၊ခြေထောက်ရိုးများကို ဆား၊ ငံပြာရည်၊ နနွင်းမှုန့် နယ်ပြီး
ရေနည်းနည်းချင်းစီထည့်ပြီး ပြုတ်ပါတယ်။
ကြက်သားနူးတဲ့အခါ ဆယ်ယူ အအေးခံထားပါ။
ပြုတ်ထားသောကြက်သားကို အမျှင်အရှည်လေးတွေရအောင် ဖဲ့ယူထားပါ။
ဟင်းရည်အတွက် တောင်ပံရိုးနဲ့ခြေထောက်ရိုးကြက်ပြုတ်ရည်ထဲကို ဂျင်း ၊ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။ ငံပြာရည်၊ကြက်သားမှုန့်လေးထပ်ထည့်ပြီး မီးအေးအေး နဲ့ ဆက်တည်ထားပါ။
အသုတ်နဲ့တွဲဖက်စားခါနီးမှ ကြက်သွန်မြိတ်အနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့်ခပ်သုံးဆောင်ပါ။

ဆီချက်ဝါချက်ဖို့အတွက်ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်ဖြူလေးကို
မညက်တညက်လေးထောင်းပါတယ်။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာလျှင်နနွင်းမှုန့် လေးထည့်ပြီး ကြက်သွန်နီ အရင်ထည့်ပါတယ်။
ခဏနေမှ ကြက်သွန်ဖြူ ထည့်ပါတယ်။
ဆီအပူရှိန်နှင့်ကြက်သွန်ကျက်မဲ့အချိန်မှန်းပြီး မီးဖိုပေါ်မှ ချပြီး အိုးကို ဆက်တိုက်မွှေပေးရပါတယ်။
ငရုတ်သီးဆီချက်အတွက်ကတော့ ဆီပူအောင်တည်ပြီး ဆီပူလျှင်မီးဖိုပေါ်မှချပြီး
ငရုတ်အရောင်တင်ထည့်ပြီး မွှေပေးပါတယ်။

ကြက်သားချက်ဖို့အတွက်ကတော့ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း တို့ကို
ပုံမှန်ထက်ဆီနည်းနည်းများထည့်ပြီး အနံ့မွှေးလာတဲ့အထိ ဆီသတ်ပါ။
ခရမ်းချဉ်သီးတစ်လုံးကို ခပ်နုတ်နုတ်လှီးထည့်ပြီး အနှစ်လုပ်ပါ။
ဆား၊အရောင်တင်နှင့် ကြက်သားမှုန့်ထည့်ပြီး ကြက်သားမျှင်လေးများထည့်ပါ။
အရသာမြည်းကြည့်ပြီး ဆီပြန်လျှင် မုန့်တီအတွက် ကြက်သားဟင်းရပါပြီရှင်။
အချို့ကတော့ ကြက်သားကို ပြုတ်ရုံဘဲပြုတ်ပြီး နွှင်ထားတဲ့ အရသာကိုယူပါတယ်။
ကျွန်မကတော့ ကြက်သားကို ဟင်းလေးချက်ပြီး သုတ်တဲ့မုန့်တီသုတ်အရသာလေးကို
ကြိုက်တာမို့ အမြဲ ကြက်သားကို ချက်ပါတယ်။

ဒီလောက်ဆိုရင်တော့ မုန့်တီသုတ်အတွက် အခြေခံလိုအပ်ချက်လေးတွေပြည့်စုံပါပြီနော်။
ပန်းကန်ထဲမှာ မုန့်တီဖတ်၊ ပဲမှုန့်များများ ငရုတ်သီးမှုန့်၊ငံပြာရည်၊ ကြက်သား၊ ဆီချက်ဝါ၊
ဆီချက်နီ တို့ ထည့်ပြီး သုတ်စားလို့ရပါပြီနော်။
အချဉ်ကြိုက်တတ်သူများအနေဖြင့်ကြက်သွန်နီ ပါးပါးလှီးပြီး သံပုရာညှစ်ကာ တွဲဖက်စားသုံးနိုင်ပါတယ်ရှင်။ ပဲပင်ပေါက်ရေနွေးဖျော၊ ဂေါ်ဖီထုတ် ရိတ်ရိတ်လှီးပြီးလည်း ထည့်သုတ်စားလို့ရပါတယ်ရှင်။
နံနံပင်၊ ကြက်သွန်မြိတ်တို့လည်း ကြိုက်တတ်သောသူများထည့်စားကြပါတယ်။
ကြက်ဥပြုတ်၊ ငါးဖယ်ပြုတ်၊မုန့်ကြွတ်ခြောက်တို့နှင့်လည်း
တွဲဖက်သုံးဆောင်နိုင်ပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြက်မြစ်ကြော်


ကြက်အမြစ် (သို့) ဘဲအမြစ်ကို ရေဖြင့် စင်စင်ဆေးပါ။
အတုံးသေးသေးတုံးပြီး ဆား၊နနွင်း၊ ငံပြာရည်နယ်ပြီး ခဏထားပါ။
ကြက်သွန်ဖြူများများကို မညက်တညက်လေးထောင်းပြီး ဆီသတ်ပါ။
အရသာနယ်ထားသောအမြစ်များထည့်ပြီး ရေနည်းနည်းချင်းထည့်ပြီး နူးအောင်ထည်ပါ။
အမြစ်နူးခါနီးမှ ကြက်ဥတစ်လုံးခေါက်ထည့်ပြီးမွှေပါ။
ကြက်သားမှုန့်လေးထည့် အပေါ့အငံမြည်းပြီး ဟင်းအိုးချကာနီးမှ ငရုတ်သီးစိမ်း အပွတောင့် ထက်ခြမ်းခွဲလေးအုပ်လိုက်ပါ။ ဆီပြန်ဟင်းမစားချင်တဲ့နေ့တွေမှာ ထမင်းမြိန်ဆေးလေးပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online