ဆိတ်သားခြောက်ကြော် မွှေးမွှေးလေး





ဆိတ်သားခြောက် ကို ရေနာရီဝက်လောက် စိမ်ပြီး ခပ်သေးသေးလေးတွေ တုံးပါတယ်။
ဆား၊ ကြက်သားမှုန့်နယ်ပြီး မီးအေးအေးလေးနဲ့ ကျွတ်ကျွတ် ကြော်ပါတယ်။
ပြီးမှ ကြက်သွန်ဖြူ နဲ့ ဂျင်း မညက်တညက်ထောင်းတာလေးရယ် ပျင်းတော်သိမ်ရွက်လေးရယ်ကို
ကြော်ပါတယ်။
ဆိတ်သားခြောက်ကြော်လေးပေါ်ကို ဖြူးလိုက်ပါတယ်။

ထမင်းဖြူလေးနဲ့ဘဲစားစား ၊ အမြည်းအနေနဲ့ဘဲ စားစား အလွန်ကောင်းပါတယ်။ :D

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မျှစ်ချဉ်ကြော်


နုတ်နုတ်လေးတွေစိပ်ထားတဲ့မျှစ်ချဉ်လေးတွေကို
ပုစွန်ခြောက်မှုန့်များများနဲ့ ခြောက်ခြောက်လေး ကြော်စားတဲ့ ဟင်းရံ တစ်မျိုး ဖြစ်ပါတယ်။

ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုခပ်နုတ်နုတ်လှီးပြီးဆီသတ်ပါတယ်။
ပုစွန်ခြောက်မှုန့်၊ငါးပိ၊ ကြက်သားမှုန့်၊ဆား၊ စတာတွေကို( မျှစ်ချဉ် အနည်းအများပေါ်မူတည်) ထည့်ပါ။


မီးဖိုပေါ်မှာ ခဏမွှေပြီးမှ မျှစ်ချဉ်ထည့်ပါ။ ခြောက်ခြောက်လေး စားချင်ရင် ကြာကြာ ကြော်ပါနော်။

အစပ်ကြော်မယ်ဆို ဟင်းအိုးချခါနီးမှ ငရုတ်သီးကြမ်းမှုန့်ထည့်ပြီးနှံ့အောင်မွှေပါနော်။

အသားဟင်းတစ်မျိုးမျိုး၊ ပဲနီလေး ဟင်းချိုတို့ နှင့်လိုက်ဖက် ပြီးမျှစ်ချဉ်ဖတ်လေးတွေက
ဝါးလိုက်ရင် ထုတ်ထုတ်... ထုတ်ထုတ်နဲ့အလွန်အရသာ ရှိပါတယ်။
သုံးဆောင်ကြည့်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆိတ်သားဒိန်ချဉ်နှပ် နဲ့ ကြက်ဟင်းခါးသီး ဘာလချောင်ကြော်




ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့ဖျော်ပြီး ဆိတ်သားကို သေချာဆေးပါတယ်။

ရေသေချာဆေးပြီးတဲ့ ဆိတ်သားကို ဆား၊ နနွင်း၊ ပဲငံပြာရည်အကြည်၊ကြက်သားမှုန့်၊ဂျင်းထောင်းရည်တို့နဲ့ အရသာဝင်အောင်သေချာနယ်ပါတယ်။
အသီးအရသာမပါဝင်တဲ့ နို့ချည်းသက်သက်ဒိန်ချဉ် တစ်ခါစားဘူးထဲက တစ်ဝက်ကျော်ကျော် ကို ထည့်ပြီး သေချာပြန်နယ်ပြီး နာရီဝက်လောက် နှပ်ထားပါတယ်။

ဒိန်ချဉ်နဲ့ နှပ်လိုက်တဲ့အခါမှာ အရသာအင်မတန်ကောင်းပြီး အသားအတော်နူးညံ့ပါတယ်။ အသားက ပင်ကိုယ်နုပြီးသားဆိုရင် ရေတောင် သိပ်ထည့်စရာမလိုပါဘူး။ အင်မတန်ရင့်တဲ့ ဆိတ်ထီးကြီးတွေရဲ့အသားဆိုရင်တော့ ကျက် ကို မကျက်နိုင်ပါဘူး။ ဒီပုံစံအတိုင်း ကြက်သားကို နှပ်လည်းကောင်းပါတယ်။

ကြက်သွန်နီ အနေတော်(၃/၄)လုံးလောက်ကို ပါးပါးလှီးပြီး ဆီသတ်ပါတယ်။ ဆိတ်သားနှပ်က ဆီများမှ အိပြီး စားကောင်းပါတယ်။ ကြက်သွန်ဖြူ၊ ဂျင်းထောင်းထည့် ဆီရောသတ်ပါတယ်။ အရောင်တင်ထည့်မွှေပြီး အရသာနယ်ထားတဲ့ဆိတ်သား ထည့်ပြီး တည်ပါတယ်။ သူ့အရည်နဲ့သူလုံးပြီး အရည်ကုန်မှ ရေ နည်းနည်းချင်းထည့်ပြီး နူးအိနေအောင် တည်လိုက်တဲ့ အခါမှာ ဆိတ်သားနှပ် ရပါပြီနော်။ ဆိတ်သားနှပ်ကို ဒီမှာ လည်း ရေးဘူးပါတယ်နော်။


ကြက်ဟင်းခါးသီး ဘာလချောင်ကြော်ကတော့ ကျွန်မတို့ မိသားစုရဲ့ favorite ဟင်းပါ။ ထမင်းလည်း မြိန်ပါတယ်။ ကြော်ရတာဘဲ ပျင်းစရာကောင်းတာပါ :P

ကြက်ဟင်းခါးသီးကို အခွံနွှာ ပါးပါးလှီးပါ။အစေ့တွေ ကုန်အောင်ထုတ်ဖို့လည်း မမေ့ပါနဲ့နော်။
ပြီးရင်ဆားနဲ့သေချာ ဖျစ်နယ် ဆေးပါ။

ကြက်သွန်နီ ပါးပါးလှီးပြီး ရွှေဝါရောင် သန်းအောင် ကြော်ပြီး ဖယ်ထားပါ။ ကြက်ဟင်းခါးသီးကို ကြက်သားမှုန့်နယ်ပြီး မီးအေးအေးနဲ့ ခြောက်အောင် ကြော်ပါ။ သတ်သတ်ဖယ်ထားပါ။ ကြက်သွန်ဖြူ ဓါးပြားရိုက် ၊ ပုစွန်ခြောက်မှုန့်၊ ငါးပိ ၊ ငရုတ်ကြမ်းမှုန့်၊ဆား( အားလုံးကို ကြက်ဟင်းခါးသီး ပမာဏ ပေါ်မူတည်ပြီး ထည့်ပါ။) အားလုံးကို ဆီပူထဲထည့်ပြီး ငါးပိကြော်သလို လုံးလိုက်ပါ။ ပြီးမှ သတ်သတ်ဖယ်ထားတဲ့ ကြက်ဟင်းခါးသီးရော၊ ကြက်သွန်ကို နောက်ဆုံးမှ ထည့်ရောလိုက်ပါ။ ဘူးထဲထည့်ထားရင် ကြာကြာအထားခံပြီး ကြက်ဟင်းခါးသီး ကြိုက်သူများအတွက် ထမင်းမြိန်ဆေးပါ။ ကြက်ဟင်းခါးသီး ခြောက်အောင် ကြော်ရတာ တစ်ခါတစ်လေ စိတ်မရှည်ဘူး။ ဒါကြောင့် ပုံထဲက ကြက်ဟင်းခါးသီးက သိပ်မခြောက်ပါဘူး ။ အစေ့လေးတွေလည်း ဖယ်စားသွားနော်။ ဒီတစ်ပတ်အတော်ပျင်းပါတယ်။ :P

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝက်သားတုတ်ထိုး နဲ့ ကြာဇံကြော် စားကြမယ်....






မင်္ဂလာနှစ်သစ်ပါရှင်။ သင်္ကြန်ရက်အမှတ်တရ ဝက်သားတုတ်ထိုးနဲ့ ကြာဇံကြော် လေး လုပ်ကျွေးလိုက်ပါတယ်နော်။
ဝက်သားတုတ်ထိုးကတော့ Professional လုပ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ နည်းလမ်းလေး ကို ရှယ်ထားတာပါနော်။
ပထမဦးဆုံး wet market ကို သွားပြီး ခေါင်းတစ်ခြမ်း၊အစာအိမ်၊အူချို၊လျှာ၊အသဲ၊ကျောက်ကပ်၊နားရွက် စသည်ဖြင့် မိမိနှစ်သက်ရာများကို စားမည့်လူဦးရေနှင့် မှန်းပြီး ဝယ်ပါတယ်။ ဝက် အမွှေးလေးတွေကို မီးမြိုက်ပြီး ဖယ်ရှားပါတယ်။

သံပုရာသီး ကို အချဉ်ရည်ဖျော်ရန်အတွက် အရည်ညှစ်ြပီး ပန်းကန်တစ်လုံးထဲထည့်ထားပါ။ သံပုရာအခွံလေးတွေရယ်၊ဆားရယ်နဲ့ရောပြီး ဝက်သားများကို အနံ့ပျောက်စေရန် သေချာနယ်ပြီး ဆေးပါ။

ဆေးပြီးသားဝက်သားများကို ကြက်သွန်ဖြူ၊ ဂျင်းထောင်း၊ ဆား၊ငံပြာရည်၊ပဲငံပြာရည်အကြည်၊ပဲငံပြာရည်အနောက် အနည်းငယ် (အရမ်းများရင် အရောင်မည်းသွားမှာ စိုးလို့ပါ)၊ကြက်သားမှုန့် ထည့်ပြီးနယ်ပါ။

သစ်ဂျပိုးခေါက်၊ နာနတ်ပွင့် ထည့်ပြီး ပေါင်းအိုးနဲ့ ထည်ပါတယ်။ ရိုးရိုးအိုး နဲ့ တည်လည်းရပါတယ်။ ဆိုင်တွေမှာ ရေနွေးငွေ့နဲ့ အိုးအကြီးကြီးတွေနဲ့ ထည့်ပြီး တည်ကြပါတယ်။ ကြက်ဥ စားချင်ရင်လည်း သတ်သတ်ပြုတ်ပြီး မှ အခွံခွာပြီး အိုးထဲပြန်ထည့်ရင် ပဲငံပြာရည်ရောင်မဲမဲလေးရပါတယ်။ ဝက်သားတုတ်ထိုးအိုးကို အရည်လေးနဲ့ ချပါ။ ဒါမှ စားလို့ကောင်းပါတယ်။ အသည်းထည့်မယ်ဆိုရင် နောက်မှ ထည့်ပါနော်။ အသည်းက ကြာရင် မာသွားတတ်လို့ပါ။

အချဉ်အတွက် ငရုတ်သီးအစိမ်းတောင့်နဲ့ ကြက်သွန်ဖြူနဲ့ ကိုကြိတ်ပြီး Tomato sauce ရယ်၊ ညှစ်ထားတဲ့ သံပုရာရည်ရယ် ဆား အနည်းငယ်ထည့်ပြီး စပ်ပါတယ်။

ကြာဇံကြော် ကတော့ တုတ်ထိုးနဲ့ စားမယ်ဆိုရင် ကျွန်မ အသားထည့်မကြော်ပါဘူး။ ဒီမှာ ကြော်နည်း ရေးဖူးပါတယ်နော်။ သုံးဆောင်ကြည့် ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝက်သားပဲငါးပိ ချဉ်စပ်ချက် နဲ့ ပဲပင်ပေါက်အချိုသုတ်



မင်္ဂလာပါနော်။ မအားလို့ post အသစ်မတင်နိုင်တာ၊ blog မလည်နိုင်တာ အတော်ကြာနေပါပြီ။ ဒီတစ်ပတ်တော့ ရုံးပိတ်ရက် တစ်ရက် မှာ ချက်စားဖြစ်ခဲ့တဲ့ ဟင်းလေးကို မျှဝေလိုက်ပါတယ်။ လွယ်ကူမြန်ဆန်ပြီး အချိန်သိပ်ပေးစရာ မလိုပါဘူး။

ဝက်သားကို ပဲငါးပိအစပ်နဲ့ ချဉ်စပ်ချက်ပါတယ်။ ဝက်သား(သို့) ကြက်သား ကြိတ်ပြီးသား အသားကို ဆား၊ငံပြာရည် နယ်ထားပါတယ်။ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပြီး ဆီသတ်ပါတယ်။ ဂျင်းလက်တစ်ဆစ်လောက်ကို အမြောင်းလေးတွေ လှီးထည့်လိုက်ပါတယ်။ ဝက်သား၊ ကြက်သားမှုန့်၊ ဆား၊ ပဲငံပြာရည်အကြည် တို့နှင့်အတူ ပဲငါးပိ အစပ်ကို ထည့်ပါတယ်။
အချို့ပဲငါးပိတွေရဲ့ အရသာက လေးတဲ့အတွက် ဟင်းအရသာကို မဖြည့်စွက်မှီ ပဲငါးပိကို အရင်မြည်းကြည့်လိုက်ပါနော်။ ကျွန်မရဲ့ပဲငါးပိက အရောင်က ပဲငါးပိရောင်သိပ်မရှိပါဘူး။ မြန်မာနိုင်ငံ ဈေးထဲက ကိုယ်တိုင်လုပ်ရောင်းတဲ့ တရုတ်မဆီက ဝယ်လာတာပါ။ ငရုတ်ကြမ်းမှုန့်ရည်များပြီး နဲ့ ပဲငါးပိ အချိုနည်းနည်း ရောထားသလို မျိုးပါ။ အရသာတော့ ပဲငါးပိအစစ်လို ချိုငန်ကြီးမဟုတ်ဘဲ ကောင်းပါတယ်။ ရေနည်းနည်းချင်းတောက်ပြီး ချက်ပါတယ်။ အသားက ကြေပြီးသားဖြစ်တဲ့အတွက် ခဏနဲ့ ကျက်ပါတယ်။ အသားကျက်မဲ့အချိန်နဲ့ ဟင်းအိုးချမဲ့အချိန်မှန်းပြီး ကြက်သွန်နီ အဖတ်ခွာတာလေးတွေနဲ့ ခရမ်းချဉ်သီး လေးစိတ်စိတ်ထည့်လိုက်ပါတယ်။ ကြက်သွန်မြိတ်လေး အုပ်လိုက်ပါတယ်။

ပဲပင်ပေါက် ကို အချိုလေးသုတ်ပါတယ်။ ထုံးစံအတိုင်း ပဲပင်ပေါက်ကိုရေနွေးဖျောပြီး ကြက်သွန်နီပါးပါးလှီး၊ မြေပဲဆံမှုန့်၊ပုစွန်ခြောက်မှုန့်၊ဆား၊ကြက်သားမှုန့်တို့နဲ့ ဆီချက်ရောထည့်ပြီး နယ်လိုက်တာပါဘဲ။ သုံးဆောင်ကြည့်ပါနော်။ :D

PS. ကျွန်မဘလော့လေးလဲ ဝဲရှင်းပြီးသွားပါပြီ။ ဒါကြောင့် ခဏဖြုတ်ထားတဲ့ link များအားလုံးကို မကြာခင်ပြန်ချိတ်ပါမယ်နော်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မုန့်ဟင်းခါး

စားတော့မလို့ ပွဲပြင်ထားပါတယ်။
အကြော်၊ကြက်ဥ၊နံနံ၊ပဲသီး၊သံပုရာသီး။
မုန့်ဟင်းခါး ဟင်းရည်အိုးပါ။
မုန့်ဟင်းခါးဖတ်ခြောက်ထုတ်ကို ရေအေးကြာကြာစိမ်ထားပြီးမှ ပြုတ်ပါမယ်။ ပြုတ်ပြီးသားမုန့်ဖတ်လေးတွေကို ရေအေးအေးနဲ့ အပူပျောက်အောင်ဆေးချပြီးမှ ဇကာနဲ့စစ်ထားပါမယ်။


ငါးအသားလေးတွေ နွှင်ထားတာပါ။

အရိုးတွေကို ထောင်းပြီးယူထားတဲ့ ငါးပြုတ်ရည်ပါ။

ငါးခူပြုတ်ပြီးသားလေးပါ။ပဲကို ခေါက်မွှေနေတုန်း ရိုက်ထားတာပါ။


ဒီတစ်ပတ် ပိတ်ရက်မှာ အချိန်ရတာနဲ့ မုန့်ဟင်းခါးကို Ready made မဟုတ်ဘဲ အိမ်ချက်လေး သေချာချက်စားဖြစ်ပါတယ်။ မုန့်ဟင်းခါးချက်တဲ့ ကုလားပဲ၊ဆန်လှော်မှုန့်၊ငါး တို့ရဲ့ အချိုးအဆကိုတော့ ကျွန်မချက်တဲ့ အချိုးအဆအတိုင်း ရေးပေးလိုက်ပါတယ်။

မြန်မာအလေးချိန်နဲ့ဆိုလျှင်တော့ မုန့်ဖတ် (၁)ပိသာအတွက် ငါး(၂၅) ကျပ်သား၊ ပဲ(၁၀)သား၊ ဆန်လှော်မှုန့် (၅) ကျပ်သားထည့်ပါတယ်။

စင်ကာပူမှာတော့ ငါးတစ်ထုတ်ဝယ်ရင် ငါးခူအရွယ်တော် (၃)ကောင်လောက်ပါတတ်ပါတယ်။ ကုလားပဲကို နို့ဆီဘူးနဲ့ တစ်ဝက်ကျော်ကျော်လေးပြုတ်ပါတယ်။ ဆန်လှော်က ပဲအချိုးအဆရဲ့ တစ်ဝက်ပါ။ ကျွန်မကတော့ အဲဒီအချိုးနဲ့ ချက်ပါတယ်။ မိမိစိတ်တိုင်းကျသလို လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်။

ချက်နည်းလေးကတော့

ငါးခူကို မန်ကျီးမှည့်နှစ်နဲ့ပွတ်ဆေးပြီး အတွင်းက ထုတ်စရာရှိတာတွေ ထုတ်ပါမယ်။ ရေခဲရိုက်ထားတဲ့ အထုတ်တွေက တော့ သန့်ရှင်းပြီးသားများပါတယ်။ ငါးခူကိုဆား၊နနွင်း၊ငံပြာရည်နဲ့နယ်ပြီး ငါးပိ ကွမ်းသီးလုံးခန့်ထည့်ပြီး စပါးလင်သုံးချောင်းခန့်ကို ရေဆေး တစ်ပတ်လျှိုထုံးပြီး ထည့်ပြုတ်ပါမယ်။ ငါးကို အအေးခံပြီး အသားနွှင်ထားပါမယ်။ အရိုးလေးတွေကိုလည်း ဂရုတစိုက်ဖယ်ထားပါမယ်။ အလယ်ကျောရိုးနဲ့ ခေါင်းတွေကို ထောင်းပြီး ရေနွေးလေးနဲ့ရောကာ အရိုးတွေဖြူသည်အထိ အရိုးထောင်းရည် ယူထားပါမယ်။

ကုလားပဲကို နူးမြေ့နေအောင်ပြုတ်ပြီး ညက်အောင် ထောင်း(သို့) ကြက်ဥမွှေတံနဲ့ မွှေထားပေးပါ။

မြေပဲဆံအစိမ်းလက်တစ်ဆုပ်ခန့်ကို လည်းထောင်းထားပါ။

ဆန်လှော်ကို ရေအေးနဲ့ရောပြီး ဖျော်ထားပါ။

ကြက်သွန်ဖြူ၊ဂျင်းနဲ့ရောပြီး စပါးလင်အနုပိုင်းလေးတွေပါ ရောထောင်းပါ။ ကြက်သွန်နီကို ငါးဆီသတ်ဖို့ ပါးပါးလှီးပြီး အလုံးလိုက်ထည့်ဖို့အတွက်လည်း အဆင်သင့်လုပ်ထားပါ။ ဒီမှာတော့ ကြက်သွန်နီအလုံးသေးမဝယ်လိုက်ရလို့ အကြီးကိုဘဲ လေးစိပ် စိပ်ထည့်ထားပါတယ်။

ငှက်ပျောအူကိုလည်း အရင့်တွေခွာပြီး အနုလေးတွေကို ပါးပါးလှီးကာ နနွင်းရည်စိမ်ထားပါတယ်။

စချက်ပါပြီနော်..

ကြက်သွန်နီ ဆီသတ်ပါမယ်။ ကြက်သွန်နွမ်းရင် ဂျင်း၊ကြက်သွန်ဖြူ၊စပါးလင်ထောင်းထားတာ ထည့်ပြီး ငါးထည့်ဆီသတ်ပါမယ်။ ဆား၊ငါးပိအနည်းငယ်၊ကြက်သားမှုန့်၊ငံပြာရည်တို့နှင့်၊အရောင်တင် ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါမယ်။ အနံ့မွှေးလာရင် ငါးရိုးထောင်းတဲ့အရည်ထည့်ပါမယ်။ ခြေထားတဲ့ပဲကို ရေနွေးလေးနဲ့မွှေပြီးထည့်ပါမယ်။မြေပဲဆံထောင်းနှင့် ဆန်လှော်ဖျော်ထားတာထည့်ပြီး ရေနွေးရောကာ ဟင်းရည်အိုးထည်ထားပါမယ်။ ပဲတွေအိုးမကပ်အောင် မွှေပေးရပါမယ်။
မုန့်ဟင်းခါးကို ရေနွေးဖြင့်ချက်ခြင်းက ဝမ်းလျှောတာ ဝမ်းပျက်တာ မဖြစ်စေဘဲ ကြာရှည်အထားခံစေပါတယ်။

ဟင်းရည်စပွက်လာရင် ငှက်ပျောအူဖတ်လေးတွေ ထည့်ပါတယ်။
ကြက်သွန်နီ နူးလောက်မည့် အချိန်နဲ့ ဟင်းရည်အိုးအရည်ကျမဲ့ အချိန်မှန်းပြီး ကြက်သွန်နီ လေးစိပ်ကွဲများထည့်ပါတယ်။

ငါးဖယ်ကို သတ်သတ်မကြော်တော့ဘဲ အလုံးသေးသေးလေးတွေလုံးပြီး ဟင်းရည်အိုးထဲထည့်ပါတယ်။

ကြက်ဥ ၁လုံးကို နာနာခေါက်ပြီး ဟင်းရည်အိုးထဲကို အမျှင်လေးများအဖြစ် ထည့်နိုင်ပါတယ်။

ဟင်းရည်အပွက်မှာ ငရုတ်ကောင်းခပ်ပါတယ်။အရသာအတွက် ငံပြာရည်နဲ့ အချိုမှုန့်အစားထိုး ကြက်သားမှုန့်ဖြည့်စွက်ထည့်ပါမယ်။

နံနံပင်၊ပဲတောင့်ရှည်၊ပဲကပ်ကြော်၊ဘူးသီးကြော်၊အီကြာကွေး၊ကြက်ဥပြုတ် တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။

မုန့်ဟင်းခါးလို့ရေးကြသလို မုန့်ဟင်းငါးလို့လဲရေးကြလို့ ဘယ်ဟာအမှန်လဲ ဝါးတားတားဖြစ်နေမိပါတယ်။ Sorry ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြေးအိုးဆီချက် နဲ့ ကြေးအိုး

ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :)
ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :)
ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းနဲ့ဝက်နှလုံး၊လျှာ၊အသည်း တွေပါ။ အသားလုံးလုပ်ရန် နယ်ထားတဲ့ပုံတွေပါ။ ကျူဆိုင် မမြင်ဖူးဘူးဆိုတဲ့ comment ကို ခုမှ ပြန်တွေ့မိလို့ပါ။ Sorry ပါနော်။ အပေါ်ဒုတိယမြောက်အကွက်က မြက်ပင်လိုရှည်ရှည်လေးတွေက ကျူဆိုင်ပါနော်။
ဆန်ကြာဇံတွေကို အကျက်မြန်အောင် (၁၅)မီးနစ်ခန့် ရေစိမ်ထားပြီးမှ ပြန်စစ်ထားတာပါ။
ဒါလေးကတော့ရှာလကာရည်ထဲကိုဆားနည်းနည်းထည့်ပြီး ငရုတ်သီးတောင့်နဲ့ကြက်သွန်ဖြူလှီးထည့်ထားတဲ့အချဉ်ရည်လေးပါ။



အားလုံးသော စာလာဖတ်သူအပေါင်း မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

ဒီဇင်ဘာလတစ်လမှာ အစပြုခဲ့တဲ့ ဒီဘလော့လေးကို ဒီဇင်ဘာလမှာ ကြေးအိုးဆီချက်လေးနဲ့ Happy Birthday လေး လုပ်ပေးလိုက်ပါရစေနော်။

ကြေးအိုး ချက်နည်းကိုတော့ ဒီမှာ ရေးဖူးပါတယ်နော်။ အဲဒီ ကြေးအိုးပို့စ်နဲ့ တွဲဖတ်ပြီး လုပ်စားမှ အဆင်ပြေမှာပါနော် :)

ကြေးအိုးဆီချက် လုပ်ဖို့အတွက်ကတော့ ဆန်ကြာဇံဖတ်ကို ကြေးအိုးဟင်းရည်အိုးထဲမှာ လက်ကိုင်ရိုးရှည်တပ်တဲ့ ဇကာလေးနဲ့ ရေနွေးဖျောပါ။ သို့မဟုတ် ရိုးရိုးရေနွေးဖြင့်ဖျောပေးပါ။

ထို့နောက် ကြာဇံဖတ်ကို ပဲငံပြာရည် အကျဲ၊ ကြက်သားမှုန့်တို့ဖြင့်အရောင်လေးလှပြီး အရသာဝင်စေရန် တူလေးဖြင့်နယ်ပါတယ်။
ကြေးအိုးအရည်ထဲထည့်ပြုတ်ထားတဲ့ အရွက်၊အသား၊ပဲပြားစတာတွေ အရည်စစ်ပြီး ခပ်ထည့်ပါတယ်။ ကြက်သွန်ဖြူဆီချက်လေး ထည့်ပါတယ်။ ပြီးရင်တော့ ကြေးအိုးပြုတ်အရည်လေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီနော်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online