ဇရစ်ရိုး ကြော်ချက်




ဘလော့လာ မိတ်ဆွေအပေါင်း မင်္ဂလာပါရှင်။
မရေးတာ ကြာနေပြီဖြစ်တဲ့ ဘလော့လေးကို ဇရစ်ရိုးလေးနဲ့ ဖုန်လာခါတာပါ။ :D
ဇရစ် ကို ပင်နီစူးလားက ဝယ်လာပါတယ်။ (၁) စည်း ၁ ဒေါ်လာနဲ့ ၂ ဒေါ်လာဖိုးပေါ့။
ကဲ.. စချက်ပါပြီနော်။ ဇရစ်ကို လက်တစ်ဆစ် စာလောက် လှီးဖြတ်ပါတယ်။
အရိုးပိုင်းလေးတွေကို ဓါးနှောင့်လေးနဲ့ ထုပါတယ်။ ပြီးတော့ ဇရစ်တွေကို နနွင်း နည်းနည်း ၊ဆားနည်းနည်း ထည့်ထားတဲ့ ရေထဲမှာ အစေးကုန်အောင် ခဏ စိမ်ထားပါတယ်။ ပြီးမှ ရေစင်အောင် ပြန်ဆေးပါတယ်။
ပြီးရင်တော့ ထုံးစံအတိုင်း ကြက်သွန်နီ ၊ ဖြူ ဆီသတ်ပါတယ်။
အရောင်တင်၊ ငါးပိ အနည်းငယ် ၊ ဆား ၊ ကြက်သားမှုန့်တို့နဲ့ အနှစ်လေး လုပ်ပါတယ်။
ပြီးရင် ဇရစ်ထည့်၊ ရေအနည်းငယ်ထည့်ပြီး တည်ပါမယ်။ ဇရစ်လေး နူးရင် ဟင်းအိုးချလို့ရပါပြီနော်။
ဇရစ် သိပ်မနွမ်းခင် ဟင်းအိုးချပါနော်။
ဒါဆိုရင် ရာသီစာ ဇရစ်ကြော်လေး စားကြပါဦးနော်။ ကျွန်မ မေမေရဲ့ favourite ဟင်းလေးပါ။ :)
စင်ကာပူမှ မိတ်ဆွေများ ဇရစ်ရိုးလေးကို မက်မောတယ်ဆိုရင်ဖြင့် ပင်နီစူလာ ၃ထပ်က ရွှေအင်းဝနဲ့မျက်စောင်းထိုး ဆိုင်နာမည် (ရွှေစင် ထင်ပါရဲ့) မှာ သွားရောက်ဝယ်ယူပြီး ရာသီစာလေး စားလိုက်ကြပါဦးနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရေမုန်ညင်း ရှမ်းသုတ်


Happy New Year ပါ။

ရေမုန်ညင်း ကို ရေနွေးဖျော ပြီး ကြက်သွန်နီပါးပါးလှီး ၊ ခရမ်းချဉ်သီးပါးပါးလှီး၊
ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီချက်၊ သံပုရာရည် နည်းနည်းညှစ်ပြီး
ပဲပုတ်ကင်ပြီးထောင်းထားတာ ထည့်သုတ်ပါတယ်။ အစပ်ကြိုက်ရင် ငရုတ်သီးမှုန့် ထည့်သုတ်ပါ။
ရှမ်းပုံစား ဆိုင်က နည်းလေးပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂေါ်ရခါးညွန့်ကြော် စပ်စပ်လေး


မေမြို့ ဂေါ်ရခါးညွန့် နုနုလေးတွေကို သင် ပြီး ကြက်သွန်ဖြူ ဓါးပြားရိုက် ။ ကြက်သားမှုန့်လေးနဲ့ ငရုတ်ကြမ်းမှုန့်လေးနဲ့ ကြော်ထားတာပါ။ ကောင်းမှကောင်း :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မန္တလေးမြီးရှည် စစ်စစ်ပါဗျာ

ဝက်ခေါင်းသားလေး နဲ့ မြီးရှည်လေးပါ။


မန္တလေး မြီးရှည် စစ်စစ် ပါဗျာ။ မန္တလေးရဲ့ နာမည်ကြီးမြီးရှည် ဖြစ်ပြီး ၁၆လမ်းနဲ့ ၈၁ လမ်းထောင့်မှာ ရှိတာပါ။
မန်း မြီးရှည်ဆိုင်တွေရဲ့ ထုံးစံအတိုင်း အထမ်းလေးနဲ့ပါ။ ထိုင်စားစရာ စားပွဲ ကုလားထိုင် သီးသန့် မရှိဘဲ ခွေးခြေခုံလေးတွေကို ဆက်ပြီး စားပွဲလုပ်။ နောက်ခုံတစ်ခုနဲ့ ကုလားထိုင် လုပ်ပြီး စားကြရတာပါ။

ဝက်တစ်ကောင်လုံးကို ကြိုက်ရာအပိုင်းနဲ့စားလို့ရပါတယ်။
အသားသုတ်လည်း သတ်သတ်မှာစားလို့ရပါတယ်။ ဓါတ်ပုံတော့ ရှာမတွေ့လို့တင်တော့ဘူးနော်။
ဟင်းရည်ကလည်း ဝက်ရိုးကို နူးမြေ့နေအောင် ထည်ထားတော့ ချိုပြီးလေးနေတာဘဲ။
ပထမ ဟင်းရည်ပန်းကန်မှာ ဝက်ရိုးထည့်ပေးပြီး နောက်ဟင်းရည်ထပ်တောင်းရင်တော့ အရိုးပါတော့ဘူးဗျ :)


အိမ်မှာ ဘယ်လိုဘဲ လုပ်စားစား ဆိုင်လက်ရာကို မမှီတာတော့ အမှန်ဘဲဆိုတော့ မန်းမြီးရှည်တွေမှာ secret receipe ရှိမှာတော့ အမှန်ပါဘဲ။

ကျွန်မလုပ်စားတဲ့ မြီးရှည်ကိုတော့ နောက်မှ သတ်သတ်တင်ပေးပါ့မယ်။

အဲဒီဆိုင်က မနက်(၁၀.၃၀) လောက်က စဖွင့်ပြီး နေ့လည်(၂) နာရီလောက်ဆို ဆိုင်သိမ်းပါတယ်။ လူတွေလည်းများတော့စောင့်ရတာတော့နည်းနည်းကြာတယ်။ ဘာဘဲဖြစ်ဖြစ် ရွှေမန်းမြေကို ရောက်မယ်ဆိုရင်တော့ သွားရောက်စားသုံးကြည့်ပါလို့ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုရစ်ကြော်



သီတင်းကျွတ်လရဲ့ ရာသီစာ ပုရစ်ကြော်လေးပါ။
ဒီအတိုင်းလေးဘဲ စားစား ။ ထမင်းဆီဆမ်းလေးနဲ့ဘဲ စားစား အကြောတက်ပေမဲ့ စားလို့ကောင်းလှပါတယ်။
ဗိုက်ထဲက ဖောက်စရာရှိတာလေးတွေ ဖောက်ထုတ်ပြီး ဂျင်း၊ ကြက်သွန်ဖြူ နိုင်နိုင်နဲ့ ကြော်ပါတယ်။
ပုရစ်အမတွေက ဗိုက်ထဲမှာ ဥလေးတွေပါပြီး စားလို့ပိုကောင်းပါတယ်။
ကျွန်မကတော့ ဆိုင်က ကြော်ပြီးသားဘဲ ဝယ်စားပါတယ်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုစွန်ထုတ်ဆီပြန်





ပုစွန်ထုတ်ဆီပြန် ရာဇဝင်လေးက တော့ မင်းဒင်ရဲ့ သက်ခိုင် ဖတ်တုန်းက ချက်စားဖြစ်ခဲ့တာပါ။

ပုစွန်ထုတ်ချက်ရင် ကျွန်မက ဘယ်တော့မှ ခရမ်းချဉ်သီးနဲ့ ဂျင်းမထည့်ပါဘူး။ သက်ခိုင်ထဲမှာ ပုစွန်ထုတ်ကို ခရမ်းချဉ်သီး အကွင်းလိုက် ၊ ကြက်သွန်ဖြူ အဝိုင်းလေးတွေကပ်ပြီး ဆီပြန်ချက်ထားတာကို ဖတ်ရင်းနဲ့ စားချင်စိတ်ဖြစ်လာလို့ ချက်စားဖြစ်တာပါ။

ပုစွန်ထုတ်ကို ထုံးစံအတိုင်း ချေးကြောင်းထုတ်၊ ခေါင်းဖြုတ်ပြီး ဆား၊ နနွင်းနယ်ထားပါတယ်။

ကြက်သွန်နီကို ဆီများများ ထည့်ပြီး ခြောက်နေအောင် ကြော်ပါတယ်။ ကြက်သွန်ဖြူကို ပါးပါးလှီးထည့် ၊အရောင်တင်မှုန့်ထည့်ပြီး ပုစွန်ထည့်ပါတယ်။
ဟင်းအိုးချခါနီး ပုစွန်လေးကွေးမှ ခရမ်းချဉ်သီး အကွင်းလိုက်လှီးတာလေးနဲ့ နံနံပင် အုပ် ၊ အပေါ့အငန်လေး မြည်းပြီး ကြက်သားမှုန့်လေးနည်းနည်းထည့်ပါတယ်။ yummy...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာပူလျှာပူ အရည်နဲ့ အသုတ်



အာပူလျှာပူ လုပ်စားဖို့ ငါးရွှေကို ဆား၊ ငံပြာရည် နယ်ပြီး ငါးပိအနည်းငယ်ထည့်ပြီး ပြုတ်ပါတယ်။
ပြုတ်ရည်ထဲကို ပဒဲကော လက်တစ်ဆစ်လောက် ထောင်းထည့်ပါတယ်။ ကြက်သွန်ဖြူလေးကို မညက်တညက်လေး ထောင်းထည့်ပါတယ်။ ငါးပြုတ်ရပြီိဆို ငါးကို အအေးခံပြီး အသားထွင်ပါတယ်။
တစ်ဝက်ကို ငါးပြုတ်ရည်ထဲကို ပြန်ထည့်ပြီး တစ်ဝက်ကို အသုတ်သုတ်ဖို့အတွက် ဒယ်အိုးထဲမှာ ဆီနည်းနည်းထည့်ပြီး ခြောက်အောင်လှော်ထားပါတယ်။

ဟင်းရည်ပွက်ရင် အပေါ့အငန်လေး ဖြည့်စွက်ကာ ငရုတ်ကောင်း နိုင်နိုင်ခပ်ပါတယ်။

ငရုတ်သီးစိမ်းတောင့်ကိုလည်း ဟင်းရည်အိုးထဲထည့်ပြုတ်ပါတယ်။
ပြီးမှ ဆယ်ယူ ညက်အောင်ထောင်းပြီး ရေနွေးလေးထည့်ပြီး ငရုတ်သီးရည်လုပ်ထားပါတယ်။
ငါးပိ မီးကင်ပြီး ထောင်းထားပါသေးတယ်။
မန်ကျီးသီးမှည့်ကို လည်း ရေနွေးနွေးလေးနဲ့စိမ်ပြီး အနှစ်ယူထားပါတယ်။
နံနံပင်၊ ပဲသီး ပါးပါးလှီးထားပါတယ်။

ပန်းကန်ထဲကို မုန့်ဖတ်လေးထည့်၊ ဟင်းရည်လေး ထည့်ပြီး ချဉ်ငန်စပ်လေး စားလို့ရပါပြီနော်။

အသုတ် ကိုလည်း ဆီလုံးဝမပါဘဲ ငါးလှော်၊ ကြက်သွန်နီ ပါးပါးလှီး၊ မန်ကျီးရည်၊ ငံပြာရည်၊ ငါးပိထောင်း၊ ငရုတ်သီးရည်တို့နှင့် သုတ်ပါတယ်။


ငါးဖယ်ကြော်၊ ပဲကပ်ကြော် စသည်ဖြင့် တွဲဖက်စားသုံးနိုင်ပါတယ်။

ကျွန်မကတော့ နေပူမိုးရွာ အမြဲစားတဲ့ အစားအစာလေးပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online