ကြက်ဟင်းခါးသီး ထောင်း



ကြက်ဟင်းခါးသီးကို အများအားဖြင့် ကြော်၊ချက်စားကြတာ များပါတယ်။

မြန်မာနိုင်ငံမှာ တုန်းကဈေးထဲမှာ တစ်ခါတစ်လေ ကြက်ဟင်းခါးသီး

သေးသေးနုနုလေးတွေ တွေ့ ရတတ်ပါတယ်။

တောကြက်ဟင်းခါးသီးလို့ ခေါ်တယ်နဲ့ တူတယ်။

အဲတာလေးတွေက ထောင်းစားလို့တော်တော်ကောင်းပါတယ်။

နေမကောင်းဖြစ်ပြီးခါစ ပါးစပ်ပျက်နေရင် ကြက်ဟင်းခါးသီးထောင်းလေးက

တော်တော်ခံတွင်းလိုက်ပါတယ်။

အခုလည်း ကြက်ဟင်းခါးသီး ထောင်းကို အာသီသရှိနေတာ တော်တော်လေးကြာပြီ။

စင်ကာပူကကြက်ဟင်းခါးသီးတွေကြည့်ပြီးထောင်းစားဖို့

မဖြစ်နိုင်ပါဘူးလေဆိုပြီး လက်လျှော့ထားတာ။

အရွယ်အစားချင်းက အဘွားနဲ့ မြေးလောက်ကွာတာ။

ဟိုတစ်နေ့ က shop n save သွားတော့ mini bittergourd ဆိုပြီးတွေ့ တယ်။

အရွယ်ကတော့မသေးပါဘူး။နုပုံပေါ်တာနဲ့ ထောင်းစားကြည့်မယ်ဆိုပြီးဝယ်လာပါတယ်။

ကြက်ဟင်းခါးသီးကိုမီးကင်ပါတယ်။တစ်ဘက်ချင်းစီပျော့ပြီး

အကျက်ညီအောင်ကင်ပေးရပါတယ်။မြန်မာနိုင်ငံတော့ မီးသွေးမွှေးပြီး

မီးကျီးခဲ ကြားထဲညှပ်ထည့်ထားလိုက်ရင် Ok ပါဘဲ။

ကြက်ဟင်းခါးသီးကျက်ရင် အအေးခံထားပေးပါ။

မြေပဲဆံ လက်တစ်ဆုပ်စာလောက် ထောင်းထားပါ။

ငရုတ်သီးနဲ့ ကြက်သွန်ဖြူထောင်းပါ။(အစပ်ကြိုက်ရင် ငရုတ်သီးများများထည့်ပါ။)

ပုစွန်ခြောက် ထည့်ထောင်းပါ။ ငါးပိ ကွမ်းသီးလုံးခန့် ကင်ပေးပါ။

ငါးပိကင်လေးလည်း ရောထည့်ထောင်းပါ။

ကြက်ဟင်းခါးသီးအပြင်က မီးကျွမ်းတာလေးတွေကို

အဝတ်နဲ့ သုတ်ပြီး၊ ဓါးနဲ့ ခြမ်းပြီး အတွင်းထဲက အစေ့တွေထုတ်ပစ်ပါ။

ပါးပါးလှီးပြီး ရောထည့်ထောင်းပါ။ ကြက်ဟင်းခါးသီးက

ကြီးတော့မညက်မှာစိုးလို့ လှီးထည့်တာပါ။

အပေါ့အငန်အတွက် ဆားအနည်းငယ်၊ကြက်သားမှုန့် 

တို့ နဲ့ လိုအပ်သလို ပြင်ဆင်ပြီး ဆီဆမ်းကာ စားသုံးနိုင်ပါတယ်။

ထမင်းပူပူလေးနဲ့ စားနိုင်ရုံမက ရေနွေးကြမ်းလေးနဲ့ ဒီအတိုင်း

မြည်းလည်း ကောင်းလှတဲ့ အရသာစုံတဲ့ ခါးသက်သက်စပ်စပ်လေးနဲ့  ကြက်ဟင်းခါးသီး ထောင်းပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

10 comments:

Unknown said...

အဆန်းဘဲနော် တစ်ခါမှာ မစားဘူးဖူး။ လုပ်စားကြည့်ဦးမယ်။ အခုတော့ သရေကျပြီးပြန်သွားတယ်။ :P

မိုးကောင်းသူ said...

အိမ်မှာတော့ မြေပဲဆံတော့မပါဘဲ အဲလိုလေး ထောင်းစားတယ်။ ငရုတ်သီးနဲ့ စပ်စပ်လေးပေါ့။ ကြက်ဟင်းခါးသီးထောင်းပုံလေးကို မြင်ပြီး အိမ်ကိုတောင် သတိရလာပြီလေ။

ဇနိ said...

စားချင်စရာလေးနော်။ အာသီသရှိပေမယ့် စားစရာမရှိနေဘူးရယ်။
နိနိ

Thant said...

စားကောင်းမှာ ကျိန်းသေပဲ ။ တစ်ခါမှ မစားဖူးဘူး ။ အိမ်ပြန်ရင်လုပ်စားဖို့ စာရင်းမှတ်ထားတယ် ။ ဒီမှာတော့ ဘာမှချက်စားလို့မရလို့ ပုံတွေကိုကြည့်ပြီးတော့ပဲ သွားရည်ကျနေရတယ် ။ အင်း ဘဝ ဘဝ...

ဆောင်း said...

မစားဖူးဘူး အဆန်းဘဲ နော် စားကြည့်အုန်းမယ်

subuueain said...

su>>လုပ်စားကြည့်ပါနော် su
မမိုးကောင်းသူ>>မြေပဲဆံမပါလည်းကောင်းမှာပဲနော်
ကျွန်မတို့ အိမ်က အခါးသက်သာအောင်ထည့်တာ။styleအမျိုးမျိုးပေါ့ နော် :D
မဇနိ၊thant,မဆောင်း>>လုပ်စားကြည့်ပါနော်
:)

subuueain said...

su>>လုပ်စားကြည့်ပါနော် su
မမိုးကောင်းသူ>>မြေပဲဆံမပါလည်းကောင်းမှာပဲနော်
ကျွန်မတို့ အိမ်က အခါးသက်သာအောင်ထည့်တာ။styleအမျိုးမျိုးပေါ့ နော် :D
မဇနိ၊thant,မဆောင်း>>လုပ်စားကြည့်ပါနော်
:)

သက်ထား said...

အားပါးပါး ခါးစပ်လေးပေါ့ ကောင်းမယ့်ပုံပဲ လုပ်စားကြည့်အုံးမှ :)

လုလု said...

ညီမလေးရေ့ 
ကြက်ဟင်းခါးသီးထောင်းလေး ကြိုက်တယ်။
ထမင်းပူပူလေးနဲ့ဆို ရှယ်ပဲ။
နောက်လည်း ချက်ကျွေးဦးနော်

Anonymous said...

ကြက်ဟင်းခါးသီးထောင်း ကောင်းလားဟင်။ ညလေးက အခါးကြောက်တယ်ဗျ။ ထောင်းဖြစ်ရင်တော့ ငန်စပ်လေး ဖြစ်ပြီး အခါးပျောက်အောင် ကြည့်ထောင်းရမှာပဲ။ ခု ၂ရက်တော့ အိမ်မှာ ကြက်ဟင်းခါးသီး ဓါတ်ကျနေတယ်။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online