MERRY CHRISTMAS TO YOU ALL !!!

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးမြင်း ငါးပိတစ်ချက်



ငါးမြင်းငါးပိတစ်ကို ရေဆေးပြီး အတုံးသေးသေးတုံးထားပါမယ်။
ကြက်သွန်နီကို ဆီသတ်ပါမယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းရောထောင်းထားတာလေးပါထည့်ပါမယ်။ အရောင်တင်လေးထည့်ပါမယ်။ကြက်သွန်လေးတွေခြောက်လာမှ ခရမ်းချဉ်သီး နုတ်နုတ်လှီးထည့်ပါမယ်။
ကြက်သွန်လေးတွေနဲ့ခရမ်းချဉ်သီးလေးတွေလိပ်သွားပြီဆိုရင်၊တုံးထားတဲ့ ငါးပိတစ်ကို ထည့်ပြီး
ချက်ပါမယ် ငါးပိတစ်က အငန်အရသာရှိပြီးသားဖြစ်တဲ့အတွက် ဆားထည့်မချက်ပါဘူးရှင်။
အနှစ်အရသာဝင်အောင် ခဏလေးမွှေပေးပြီးမှ ရေလေးနည်းနည်းထည့်ပါမယ်။
အရည်လေးနဲ့ကြိုက်ရင် အရည်လေးရှိတုန်း ဟင်းအိုးပိတ်လိုက်ပြီး ဆီပြန်လေးကြိုက်ရင်တော့ ဆီသံလေးပေးလာမှ ဟင်းအိုးချပါနော်။ ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းတောင့်လေးလှီးထားတာနဲ့ နံနံပင်လှီးထားတာလေး အုပ်လိုက်ပါဦး။ ထမင်းမြိန်စေတဲ့ မြန်မာဟင်းတစ်မယ်ပါနော။်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြူရွက်သုတ်


ဆောင်းတွင်းမှာမှစားရတဲ့ ရာသီစာလေးပါနော်။ အိမ်က ပို့ပေးလိုက်တာပါ။
မြူရွက် အရိုးရင့်တာလေးတွေကို လက်လေးနဲ့ဆိတ်ပြီး သဲတွေစင်အောင် ရေစင်စင်ဆေးပါတယ်။
ပြီးရင်အိုးထဲကို ရေထည့်တည်ပြီး ရေနွေးဆူလာရင် မြူရွက်ကို မီးဖိုပေါ်မှာ ပြုတ်ပါတယ်။
အရွက်နူးပြီဆိုမှ ရေအေးစင်စင်ဆေး၊ ရေညှစ်ပြီး လှီးပါတယ်။ကြက်သွန်နီကို ပါးပါးလှီးပြီး
မမွှန်အောင်ရေ ခဏစိမ်ထားပါ။ မြေပဲဆံထောင်း၊ပုစွန်ခြောက်မှုန့် ၊ ဆီချက်၊ဆား၊ ငံပြာရည်၊
ကြက်သွန်နီ ရေစင်စင်ညှစ်ပြီး ထည့်သုတ်စားနိုင်ပါတယ်။ ငရုတ်သီးတောင့်လေးကိုက်ပြီး ရေနွေးကြမ်းလေးနဲ့သောက်လိုက်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Happy Birthday to My Blog!


မင်္ဂလာပါရှင်။ ဒီနေ့ ကျွန်မဘလော့လေးရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်က စိတ်အရမ်းညစ်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ စိတ်ငြိမ်အောင်လို့ဆိုပြီး ဒီဘလော့လေးကို စရေးခဲ့တာပါ။ တစ်နှစ်ပြည့်တဲ့အချိန်မှာ ကျွန်မရဲ့စိတ်ခံစားမှုကတော့ သိပ်မထူးခြားလှပါဘူး။ အလုပ်တစ်ခု အဆင်ပြေ အောင်မြင်သွားရင် ခေါင်းပေါ်က အထုတ်ကြီးတစ်ထုတ်ပြုတ်ကျသွားသလောက်ပဲ ခံစားရပြီး ပျော်လိုက်တာလည်းမရှိတော့ပါဘူး။ ကိုယ့်ဘာသာကိုယ်လည်းသိပ်မပျော်တတ်တော့သလိုပါဘဲ။ စိတ်လည်းသိပ်မညစ်တတ်တော့ဘူး။ တစ်နေ့က you tube မှာ အပျင်းပြေအငြိမ့်ခွေတွေလျှောက်ကြည့်နေရင်းနဲ့ ငယ်ငယ်ကဘဝလေးကိုလွမ်းမိပါတယ်။ ဟာ ငါ ငယ်ငယ်က ဒါလောက်ရယ်ရရင် တဟီးဟီးနဲ့ ရယ်လို့ကိုအတောမသတ်နိုင်ဘူးလို့။ ခုငါဘာလို့မရယ်ချင်တော့ပါလိမ့်လို့။ အသက်များကြီးလာလို့များလားလို့ပါ။ ဒါမှမဟုတ် စိတ်ရှုတ်ရတာတွေများလွန်းလို့ သိပ်မခံစားတတ်တော့တာများလား။ ကိုယ့်အပေါ်မှာ စိတ်ရင်းသဘောထားစစ်မှန်ပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ဆိုရင်တော့ စကားပြောရတဲ့အချိန်တွေကို တကယ် သဘောကျပါတယ်။ သူတို့နဲ့တွေ့ ပြီး ရယ်လိုက်မောလိုက်ရရင်တော့ဘဝအမောတွေသောကတွေ ပြေလည်သွားသလိုပါဘဲ။ လူဆိုတာ ကိုယ့်ဘဝကိုယ် မှန်မှန်လျှောက်လှမ်းနေဖို့ပဲ လိုပါတယ်။ ဘဝအောင်မြင်မှုဆိုတာတွေကို တိုင်းတာတဲ့စံဆိုတာကလည်း လူတစ်ယောက်ရဲ့ ရင့်ကျက်လာတဲ့ စိတ်ခံစားမှုပေါ်မှာ မူတည်ပြီးပြောင်းလဲနေသလိုပါဘဲ။ ခုအချိန်မှာတော့ ကျွန်မရဲ့စိတ်က ဗလာဖြစ်နေလား .. ဘာဖြစ်နေမှန်းကိုမသိဘူး။ အလုပ်တစ်ခု dead line ကပ်နေပြီး လုပ်နေရက်နဲ့ မပြီးနိုင်သေးတာကိုလည်း စိတ်တိုစိတ်ရှုပ်မိတယ်။ စိတ်မကြည်ဖြစ်နေတယ်ဆိုပါစို့။ ဟူးးးး........
ဟင်းကလည်း အမှန်အတိုင်းပြောရရင်တော့ စိတ်မကြည်လို့ ပြီးစလွယ်ဘဲ ချက်စားပါတယ်။ စားချင်စိတ်လည်း သိပ်မရှိတာလည်းပါ ပါတယ်။ ဘာစားစား စားလို့မကောင်းသလိုပါဘဲ။ အရင်ချက်ထားတဲ့ဟင်းတွေကိုဘဲ နောက်ရက်ကျ အချိန်ယူပြီး တင်လိုက်ပါ့မယ်နော်။
ကျွန်မရဲ့ ဘလော့လေးမှာ အားနည်းချက်များစွာရှိနေပေမဲ့ အချိန်ပေးပြီး ပြင်ဆင်နိုင်ခြင်းလည်း မရှိသေးပါဘူး။ အစစအရာရာ သည်းခံပြီး လာရောက်လည်ပတ်တဲ့ မိတ်ဆွေများကို တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်။ ဆက်လက်ပြီးလည်း အဆင်ပြေအောင် ကြိုးစားပြီး post တွေကို တင်ပါ့မယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုစွန်ကင်


မင်္ဂလာပါရှင်။ ပျောက်နေတာ ကြာပြီးခုမှ ပြန်ပေါ်လာတာဆိုတော့ Post မြန်မြန်တင်ဖြစ်အောင်
typing တိုတိုဘဲ ရိုက်ရတဲ့ ပုစွန်ကင် ကို မျှဝေ လိုက်ပါတယ်နော်။ပုစွန်ကင်ကို တစ်ခါလည်း ရေးဖူးပါတယ်ရှင်။
ဒါကတော့ အိမ်မှာ ဧည့်သည် ဖိတ်ကျွေးတုန်းက ရိုက်ထားတာပါ။ ထူးထူးဆန်းဆန်း တော့မဟုတ်ပါဘူး။ ပုစွန်ကို ရေဆေးပြီး အခွံချွတ် ချေးကြောင်းထုတ်ပါ။ ဆားလေးနည်းနည်း၊ ငရုတ်ကောင်းမှုန့် လေး နည်းနည်း နယ်ထားပါတယ်။ ဆိုင်ကလို အကင်မှာသုတ်ရမဲ့ အမှုန့်လည်း မရှိဘူးလေ။
နာရီဝက်လောက်နေမှ ကင်တဲ့ဇကာလေးပေါ်တင်ပြီး ကင်လိုက်ပါတယ်။
ပုစွန်လေးက ကွေးသွားရင် ကျက်တာမို့ အချိန်ခဏလေးအတွင်းမှာ သုံးဆောင်နိုင်ပါတယ်နော်။
နံနံပင်လေး ကိုက်၊ သံပုရာသီးလေးအရည်ညှစ်ပြီး သုံးဆောင်နိုင်သလို ကင်ပြီးသားလေးကို ပြန်သုတ်စားရင်လည်း စားလို့ကောင်းပါတယ်နော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးခေါင်းဟင်းရည်


ငါးခေါင်းဟင်းရည်ချက်ရန်အတွက် လိုအပ်သောပစ္စည်းများကတော့
ငါးခေါင်း
မုန်ညင်းဖြူ
မျှစ်ချဉ်၊ မုန်ညင်းချဉ်
ကြက်အမြစ်အသည်း၊ နှလုံး။
ငုံးဥ [ဈေးကြီးလို့ ကျွန်မ မထည့်ထားပါဘူး။ ;-) ]
fish ball 0r fish cake
ကြက်သားကြိတ်သား၊
ကြက်ဥ
အကြော်မှုန့်
ကြက်သွန်နီ၊ ဖြူ၊ ဂျင်း။
စပါးလင် (ဝယ်မရလို့မထည့်လိုက်ရပါဘူး။)
brocoli (ကြိုက်တတ်ရင်)
ခရမ်းချဉ်သီး (၁)လုံး။
မိမိနှစ်သက်ရာ ငါးခေါင်းတစ်မျိုးကို မန်ကျီးသီးမှည့်အနှစ်ဖြင့် သေချာ နယ်ဆေးပါ။
ရေစင်စင်ပြန်ဆေးပြီးနောက် ဆား၊ နနွင်း၊ ငံပြာရည်နဲ့ နယ်ပါတယ်။
ဂျင်းကို ပါးပါးအလွှာလေးတွေလှီးပါတယ်။
ငါးခေါင်းကို ဂျင်းလွှာလေးတွေထည့် ရေနည်းနည်းထည့်ပြီး ပြုတ်ပါတယ်။
ကြက်အသည်းအမြစ်ကိုလည်းရေစင်စင်ဆေးပြီး ပါးပါးလှီးပြီး ဆား၊ နနွင်းနယ်ထားပါတယ်။
ကြက်နှလုံးကိုလည်း ထည့်ပြီးရောနယ်ပါတယ်။
ငုံးဥကိုလည်း ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ထားပါ။
ကြက်သားကြိတ်သားကို ဂျင်း၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာထည့်ပြီး ဆားနဲ့နယ်ပါတယ်။
နောက် အကြော်မှုန့်နဲ့  ကြက်ဥတစ်လုံးခေါက်ထည့်၊ ရေလေးနည်းနည်းလေးထည့်ပြီး ပျစ်ပျစ်လေးရတောင်နယ်ထားပါတယ်။
ငါးခေါင်းလေး ကျက်ပြီဆို မှ ဟင်းရည်ချက်မဲ့ အိုးထဲကို ဆီလေးနည်းနည်းလေးထည့်
ကြက်သွန်နီ၊ ဖြူ၊ ဂျင်းထည့်ပြီး ဆီသတ်ပါတယ်။
( ဒီက ငါးတွေညှီလွန်းတဲ့အတွက် ဂျင်းနဲ့ ပြုတ်ပြီးမှ ပြန်ဆီသတ်တာပါ။ )
ကြက်အသည်းအမြစ်၊ နှလုံးပါထည့်ဆီသတ်ပါတယ်။ fish ball ပါးပါးလှီးထည့်ပါတယ်။
အရောင်တင် နည်းနည်းထည့်လို့ရပါတယ်။ ကျွန်မကတော့ ဧည့်သည်ကျွေးမှာ ဖြစ်တဲ့ အတွက် အစပ်မစားနိုင်တာဖြစ်မှာ စိုးလို့ အရောင်တင်မထည့်ထားပါဘူး။
ငါးပိ၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်တို့ ထည့်ပါ။ ပြီးရင် ရေနွေးထည့်ပြီးတည်ထားပါ။
ကြက်သားကို အဆုပ်လေးတွေဆုပ်ပြီး ထည့်ပါတယ်။
ခရမ်းချဉ်သီးကို လေးစိပ် စိပ်ထည့်လိုက်ပါတယ်။ မျှစ်ချဉ်ထည့်ပါတယ်။
မျှစ်ချဉ်ကို အစပ်ကြိုက်ရင် အစပ်ထည့်လို့ရပါတယ်။ မုန်ညင်းချဉ် ထည့်ပါတယ်။
မုန်ညင်းဖြူထုတ်ကို မထူမပါးလှီးပြီး ခပ်လိုက်ပါ။ brocoli လှီးထားတာ ထည့်ပါတယ်။
ငုံးဥလေးကို အခွံခွာပြီးထည့်လိုက်ပါ။ အပေါ့ အငန်မြည်းပြီး ဟင်းရည်ပွက်ရင် သုံးဆောင်နိုင်ပါပြီနော်။
အိမ်မှာ ပန်းကန်ကြီးကြီးကောင်းတာ မရှိတော့ ဧည့်သည်လာမယ်ဆိုရင် ဒီလို ဟာမျိုးဘဲ အားကိုးရပါတယ်။း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးနဲ့ ချဉ်ပေါင်


မင်္ဂလာပါရှင်။ ကျွန်မလည်း တော်တော်လေး အလုပ်ရှုတ်နေလို့ အချိန်အတော်ကြာ အသစ်မတင်နိုင်ဘူးဖြစ်နေပါတယ်။ လာလည်တဲ့ မိတ်ဆွေအပေါင်းကို ဟင်းအသစ်မရှိတော့
အားနာမိပါတယ်။ ဒါကြောင့်အချိန်လုပြီး ဟင်းသစ်တင်လိုက်ပါတယ်ရှင်။ တစ်ဆက်တည်းမှာဘဲ တောင်းပန်ချင်တာကတော့ နောက်လကုန်မှဘဲ ပြန်လည်ဟင်းချက်ပါမယ်လို့ ဘလော့ပေါ်ကနေ ခွင့်တိုင်ပါတယ်ရှင်။

ဒီဟင်းလေးကတော့ ငါးမြင်းဗိုက်သားကဲ့သို့သော အဆီများသော ငါးအပိုင်းတစ်မျိုးကို
ချဉ်ပေါင်ဖြင့် ချက် ခြင်းဖြစ်ပါတယ်။ ငါးကို မန်ကျီးမှည့်အနှစ်ဖြင့် ပွတ်ဆေးပြီး ရေသန့်သန့်ပြန်ဆေးပါ။
အတုံးလှလှ တုံးထားပေးပါ။ဆားနဲ့ နနွင်းနယ်ပြီး ခဏ နှပ်ထားပါ။ ချဉ်ပေါင်ကို အရွက်လေးတွေခြွေပြီး ဆားနဲ့နယ်ပြီး နာနာဖျစ်ဆေးပါတယ်။ ပြီးရင်ရေစင်အောင်ပြန်ဆေးပြီး ဓါးနဲ့ ကြမ်းကြမ်းလေးပြန်လှီးထားပါတယ်။ ဒီက ချဉ်ပေါင်တွေက အရမ်းကြီးတော့ ဟင်းချက်ရင် ပေါလောကြီးတွေဖြစ်နေမှာစိုးလို့ပါ။
နောက်အနှစ်လုပ်ဖို့ အတွက် ကြက်သွန်နီအနေတော်(၂)လုံးလောက် ထောင်းထားတာကို ဆီသတ်ပါတယ်။ ကြက်သွန်နွမ်းလာရင် ဂျင်း၊ကြက်သွန်ဖြူထောင်းတာကို ထည့်ပါမယ်။
ခရမ်းချဉ်သီး (၁)လုံးကို ပါးပါးလှီးပြီးထည့်ပါမယ်။ အရောင်တင်မှုန့်၊ ဆား၊
ငါးပိအနည်းငယ်နဲ့ကြက်သားမှုန့်တို့ ထည့်ပြီး အနှစ်ကို လိပ်လိပ်လေးရအောင်ချက်ပါတယ်။ ပြီးရင် ငါးကိုထည့်ပါတယ်။ သူ့အရည်လေးနဲ့သူ လုံးသားကျမှ ချဉ်ပေါင်ရွက်ထည့်ပြီး ရေထပ်ထည့်ပါတယ်။ ငါးကလည်းခဏနဲ့ကျက်တာ
မို့ ဆီပြန်ကြိုက်ရင် ဆီပြန်၊ အရည်စပ်စပ်လေးကြိုက်ရင် အရည်စပ်စပ်လေးနဲ့ ဟင်းအိုးချလိုက်ပါနော်။ ငရုတ်သီးတောထောင်းလေးနဲ့ဆို ရှယ်ပါဘဲနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online