ကြေးအိုးဆီချက် နဲ့ ကြေးအိုး

ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :)
ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :)
ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းနဲ့ဝက်နှလုံး၊လျှာ၊အသည်း တွေပါ။ အသားလုံးလုပ်ရန် နယ်ထားတဲ့ပုံတွေပါ။ ကျူဆိုင် မမြင်ဖူးဘူးဆိုတဲ့ comment ကို ခုမှ ပြန်တွေ့မိလို့ပါ။ Sorry ပါနော်။ အပေါ်ဒုတိယမြောက်အကွက်က မြက်ပင်လိုရှည်ရှည်လေးတွေက ကျူဆိုင်ပါနော်။
ဆန်ကြာဇံတွေကို အကျက်မြန်အောင် (၁၅)မီးနစ်ခန့် ရေစိမ်ထားပြီးမှ ပြန်စစ်ထားတာပါ။
ဒါလေးကတော့ရှာလကာရည်ထဲကိုဆားနည်းနည်းထည့်ပြီး ငရုတ်သီးတောင့်နဲ့ကြက်သွန်ဖြူလှီးထည့်ထားတဲ့အချဉ်ရည်လေးပါ။



အားလုံးသော စာလာဖတ်သူအပေါင်း မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

ဒီဇင်ဘာလတစ်လမှာ အစပြုခဲ့တဲ့ ဒီဘလော့လေးကို ဒီဇင်ဘာလမှာ ကြေးအိုးဆီချက်လေးနဲ့ Happy Birthday လေး လုပ်ပေးလိုက်ပါရစေနော်။

ကြေးအိုး ချက်နည်းကိုတော့ ဒီမှာ ရေးဖူးပါတယ်နော်။ အဲဒီ ကြေးအိုးပို့စ်နဲ့ တွဲဖတ်ပြီး လုပ်စားမှ အဆင်ပြေမှာပါနော် :)

ကြေးအိုးဆီချက် လုပ်ဖို့အတွက်ကတော့ ဆန်ကြာဇံဖတ်ကို ကြေးအိုးဟင်းရည်အိုးထဲမှာ လက်ကိုင်ရိုးရှည်တပ်တဲ့ ဇကာလေးနဲ့ ရေနွေးဖျောပါ။ သို့မဟုတ် ရိုးရိုးရေနွေးဖြင့်ဖျောပေးပါ။

ထို့နောက် ကြာဇံဖတ်ကို ပဲငံပြာရည် အကျဲ၊ ကြက်သားမှုန့်တို့ဖြင့်အရောင်လေးလှပြီး အရသာဝင်စေရန် တူလေးဖြင့်နယ်ပါတယ်။
ကြေးအိုးအရည်ထဲထည့်ပြုတ်ထားတဲ့ အရွက်၊အသား၊ပဲပြားစတာတွေ အရည်စစ်ပြီး ခပ်ထည့်ပါတယ်။ ကြက်သွန်ဖြူဆီချက်လေး ထည့်ပါတယ်။ ပြီးရင်တော့ ကြေးအိုးပြုတ်အရည်လေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီနော်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မယ်ဇလီဖူးသုတ်


တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပေါင်းခ စေဖို့ မယ်ဇလီဖူးသုတ်လေး စားကြရအောင်နော်..

ပထမဦးစွာ မယ်ဇလီဖူးကို ရေဆေးပြီး မာလကာရွက်နှင့် မန်ကျီးမှည့် ထည့်ကာ နှစ်ရေခန့်ပြုတ်ပါမယ်။ အခါးများကုန်စင်စေရန် ဖြစ်ပါတယ်။

ပြုတ်ပြီးသားမယ်ဇလီဖူးများကို ရေစင်အောင်ညှစ်ပြီး ငရုတ်ဆုံဖြင့်အလုံးကွဲအောင်ထောင်းပါတယ်။
မယ်ဇလီဖူးလေးတွေအလုံးကွဲပြီးညက်သွားတာဟာ အသုတ်အရသာကို ပိုမိုကောင်းမွန်စေပါတယ်။

အာလူးကိုလည်းပြုတ်ပြီး အအေးခံအခွံနွှာပြီး ပါးပါးလှီးထားပါ။
မြေပဲဆံထောင်းထားပါ။ နှမ်းထောင်းထားပါ။

အသုတ်ထဲကို နှမ်းထောင်းပြီးထည့်ခြင်းဟာ မွှေးပျံ့ပြီးအရသာထူးစေပါတယ်။
ကြက်သွန်ဖြူ၊နီ ဆီချက် ချက်ထားပါ။
ထို့နောက် မယ်ဇလီဖူး၊အာလူးပြုတ်၊ပုစွန်ခြောက်မှုန့်၊မြေပဲထောင်း၊နှမ်းထောင်း၊ဆား၊
ငံပြာရည်၊ကြက်သားမှုန့်၊သံပုရာရည်ညှစ်ထည့်၊ဆီချက်တို့ဖြင့် သုတ်စားနိုင်ပါတယ်။

နံနံပင်နှင့်ကြက်သွန်နီကြော်ကြိုက်ပါက အသုတ်ပေါ်မှ ဖြူးနိုင်ပါတယ်ရှင်။
ငရုတ်သီးတောင့်စပ်စပ်လေးကိုက်၊ ကြက်သွန်ဖြူလေးကိုက် ပြီး ရေနွေးကြမ်း ဖြင့် သုံးဆောင်နိုင်ပါပြီနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘူးရွက်ဟင်းရည်


ပင်နီစူးလားကနေ ဘူးရွက်လေးတစ်ထုတ် ဝယ်လာဖြစ်ပါတယ်။ အရွက်လေးတွေ သင်ပြီး၊ အရိုးထဲက နုတဲ့အပိုင်းလေးတွေကိုပါ ဖြတ်ယူထားပါတယ်။ ရေစင်စင်ဆေးပြီး စစ်ထားပါတယ်။

အိုးတစ်လုံးထဲကို ငါးပိစိမ်းစား အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ကြက်သားမှုန့်၊ကြက်သွန်နီ လေးစိပ်ခြမ်း၊ ကြက်သွန်ဖြူ၊ဂျင်း ဓါးပြားရိုက်ထည့်ပြီး ရေနွေးထည့်ပြီး ငါးပိနံ့ပျောက်သည်အထိဆူပွက်အောင်တည်ပါတယ်။
ငါးခူလိုမျိုး အကောင်သေးလေးရှိရင်တော့ ကင်ပြီး အသားလေးဖဲ့ထည့်ရင် ကောင်းမှ ကောင်းပါဘဲနော်။

ပြီးရင်တော့ ဘူးရွက်ခပ်ပြီး သုံးဆောင်နိုင်ပါပြီနော်။ ပုံထဲမှာ ဟင်းအိုးပေါ်က ချ ချခြင်းရိုက်လိုက်မိတာ အမြုပ်လေးတွေတောင် မပျောက်သေးဘူး။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပူပူစပ်စပ် ဂဏန်းဟင်းတစ်ခွက်


ပြီးခဲ့တဲ့ တစ်ပတ်က ဂဏန်းသေပြီးသား အကောင်လေးတွေကို
ဈေးချထားတာတွေ့ လို့ ဝယ်ချက်စားဖြစ်ပါတယ်။
ဂဏန်းအခွံခွာနည်းကိုတော့ youtube ကနေကြည့်ပြီး သေချာခွာရပါတယ်။
ရေစင်စင်ဆေးရပါတယ်။ ဂဏန်းကိုယ်ထည်ထဲက အဆီအဥလေးတွေကို ဖယ်ထုတ်ပြီးပန်းကန်ထဲတည့်ထားပါတယ်။

ဖြတ်ထားတဲ့ လက်တွေခြေတွေကို ငရုတ်ကျည်ပွေ့ နဲ့ကွဲအောင်ထုပါတယ်။
နှစ်ခြမ်းခွဲထားတဲ့ ဂဏန်းကိုယ်ထည်တွေကို ဆား၊ ကြက်သားမှုန့်နဲ့ နယ်ပါတယ်။
အိုးတစ်လုံးထဲကို ဂဏန်းကိုယ်ထည်တွေရယ်၊ထုထားတဲ့ လက်ခြေတွေရယ်၊ ကြက်သွန်ဖြူ အမွှာကြီး (၅)မွှာ၊ဂျင်းလက်တစ်ဆစ်လောက်လေးတွေ (၅)ဆစ်လောက် ဓါးပြားရိုက်ပြီး၊ဆား၊ငံပြာရည်နည်းနည်းထည့်ကာ ရေနည်းနည်းချင်းဖြည့်ပြီး ထည့်ပြုတ်ထားပါတယ်။

ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကို ညက်ညက်ထောင်းပြီး ဆီသတ်ပါ။
ဆီသတ်တဲ့ထဲကို စပါးလင်နုတဲ့အပိုင်းလေးတွေကို ညက်အောင်ထောင်းပြီး ထည့်ပါတယ်။
ဆီသတ်နံ့မွှေးလာရင် ဂဏန်းအဆီဥလေးတွေကို ထည့်ပါတယ်။ကြက်သားမှုန့်နည်းနည်း၊အရောင်တင်နည်းနည်းထည့်ပါတယ်။ ငရုတ်သီးအတောင့်လိုက်(၄)တောင့်လောက်ထည့်လိုက်ပါသေးတယ်။
မာလာဟင်းအနှစ်ထုတ်ထဲက အနှစ်ကို ဟင်းစားဇွန်းနဲ့(၃)ဇွန်းထည့်ပါတယ်။( ဂဏန်းအကောင်သေး (၅)ကောင်စာအတွက်အချိုးပါ။)
ရှမ်းနံနံ ထည့်ပါတယ်။ ဗမာနံနံ ပါနည်းနည်းထည့်လိုက်တယ်။ အဓိက ကတော့ ရှမ်းနံနံပါ။

ဆီသတ်ထားတဲ့အရာတွေကို ပြုတ်ထားတဲ့ ဂဏန်းအိုးထဲကို ရောထည့်ပြီး ဆူပွက်အောင် ပြန်တည်ပါတယ်။ အရသာမြည်းကြည့်ပြီး ကြက်သားမှုန့်နဲ့ငံပြာရည်နည်းနည်းစွက်ပြီး ငရုတ်ကောင်း နည်းနည်း အုပ်ပါတယ်။ ဟင်းအိုးပွက်ရင် စားလို့ရပါပြီနော်။

အရည်တွေအများကြီးနဲ့ အကင်ဆိုင်ကရောင်းတဲ့ ဂဏန်းဟင်းအရသာမျိုးပါ။ မြည်းဖို့လည်းကောင်းသလို အရည်လေးတွေက ပူပူစပ်စပ်နဲ့ ထမင်းနဲ့နယ်စားလည်း အရသာရှိလှပါတယ်။
သူငယ်ချင်းတွေ gathering လုပ်တဲ့ပွဲမျိုးဆိုလည်း ကျွေးလို့ကောင်းပါတယ်။ ဂဏန်းကိုက်နေတော့ တစ်ခြားဟင်းမထိတော့ဘူးပေါ့နော်။ :P သုံးဆောင်ကြည့်ပါနော်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြက်သားဂွေးတောက်အရည်သောက်ဟင်း


အရက်ချိုး၊ ကွမ်းချိုး ချတဲ့ဟင်းလေးပါ။
ကိုယ့်ဘာသာကိုယ်တော့ အပျင်းချိုးတွေချဖို့ ချက်စားဖြစ်ပါတယ်။ :)
ကြက်သားရဲ့ ဒူးဆစ်နဲ့တောင်ပံရိုးလေးတွေကို ရေဆေးပြီး
ဆား၊နနွင်းနည်းနည်း၊ပဲငံပြာရည် အကြည်၊
ကြက်သားမှုန့် နဲ့နယ်ပြီး ခဏနှပ်ထားပါ။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း တို့ကို တောက်တောက်စင်းပြီး
အရသာနယ်ထားသောကြက်သားနဲ့ လုံးပြီးတည်ရုံပါဘဲ။
ကြက်သားကို သူ့ရေနဲ့သူအရင်လုံးပြီးမှ ရေဖြည်းဖြည်းထပ်ထည့်ပြီး ဆူပွက်အောင်တည်ပါ။
အပေါ့အငန်လိုရင် ငံပြာရည်လေး စွက်ပါ။
ဈေးကြီးပေးဝယ်ထားရတဲ့ ဂွေးတောက်ရွက်ကို အရွက်ခြွေပြီး ရေဆေးထားပါတယ်။
အရွက်ရင့်တွေကို လွှတ်မပစ်ရက်လို့ ပါးပါးလှီးထည့်ပါတယ်။
စားတော့မယ်ဆိုမှပန်းကန်ထဲ ဂွေးတောက်ရွက်ထည့်ပြီး ဟင်းရည်ပွက်ပွက်ဆူ လောင်းထည့်ပါတယ်။
ဂွေးတောက်ရွက်ကိုပါ မီးဖိုပေါ်အကြာကြီးတည်ရင် တစ်ခါတစ်ရံ အရည်သောက်ရတာ ခါးသွားတတ်လို့ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆိတ်ပုဆိုးကြမ်းဟင်း






ပြီးခဲ့တဲ့ပိတ်ရက်က ချက်စားဖြစ်ခဲ့တာကတော့ ဆိတ်ပုဆိုးကြမ်းလို့ခေါ်တဲ့
ဲ့ဆိတ်ဝမ်းတွင်းသားဟင်းဖြစ်ပါတယ်။
မန္တလေးမှာတော့ ဟင်းအမယ်တစ်မျိုးအဖြစ်ချက်စားလေ့ရှိတဲ့အပြင်
ဘုရားပွဲဈေးတွေမှာ သွားရည်စာပါအဖြစ် ရောင်းချလေ့ရှိကြပါတယ်။
နယ်စားဟင်းအဖြစ်တစ်မျိုး၊ဟင်းရည်သောက်အဖြစ်တစ်ဖုံ၊အသုတ်အဖြစ်တစ်သွယ် အမျိုးမျိုးစားလေ့ရှိကြပါတယ်။wet market ကနေ ဆိတ်ပုဆိုးကြမ်း
သန့်ပြီးသားဝယ်လာတာကို ညှီနံ့ပျောက်စေရန်အတွက် ဆားများများ
နဲ့နာနာပွတ်ဆေးပါတယ်။ပြီးရင် ဆားတွေကုန်အောင်ရေစင်စင်ပြန်ဆေးပါတယ်။
မန်ကျီးသီးမှည့်ကိုလည်း အနှစ်ပျစ်ပျစ်လုပ်ပြီး ဆိတ်ဝမ်းတွင်းသားက
ိုမန်ကျီးမှည့်နဲ့ ထပ်ြပီးပွတ်ဆေးပါတယ်။မန်ကျီးမှည့်တွေပြောင်သွားအောင် ရေဖြင့်ပြန်ဆေးပေးရပါတယ်။
နှစ်ထပ်သန့်ပြီးသားဆိတ်ပုဆိုးကြမ်းကို အနေတော်လှီးပြီး
နနွင်း၊ဆား၊ငံပြာရည်၊ ဂျင်းရည်တို့ ဖြင့်နယ်ပြီးခဏနှပ်ထားပါတယ်။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကို တောက်တောက်စင်းပါ။
ခရမ်းချဉ်သီးတစ်လုံးကို ခပ်သေးသေးလှီးပါ။ တစ်ချို့ကလည်း စပါးလင်ထည့်ချက်လေ့ရှိကြပါတယ်။
ဆိတ်ဝမ်းတွင်းသားဟာနူးရန်ကြာတဲ့အတွက်ပေါင်းအိုးနှင့် ချက်မှာဖြစ်ပါတယ်။
ရိုးရိုးအိုးနဲ့ချက်မယ်ဆိုလည်း မီးမျှင်းမျှင်းနဲ့ အချိန်ကြာကြာချက်ရမှာဖြစ်ပါတယ်။
ပေါင်းအိုးထဲမှာဆိတ်ဝမ်းတွင်းသား၊ကြက်သွန်ဖြူ၊နီ၊ဂျင်း၊ခရမ်းချဉ်သီးတို့နှင့်အတူ ဆား၊အရောင်လှစေဖို့အရောင်တင်နည်းနည်း၊ကြက်သားမှုန့် ၊ငံပြာရည်တို့နှင့်အတူ
ဆီနည်းနည်းထည့်၊ ရေမြုပ်အောင်ထည့်ပြီး ထည်ပါ။
ဆူသံပေးပြီး (၄၅)မီးနစ်၊ (၁)နာရီလောက်ဆို အသားကောင်းကောင်းနူးပါပြီ။
အရည်သောက်စားမယ်ဆိုပါက အရသာဖြည့်စွက်ပြီး ရေထပ်ထည့်ပြီး တည်ပါ။
အဖြူထည်ဟင်းရည်သောက်လေး စားမယ်ဆို ခရမ်းချဉ်သီးနဲ့အရောင်တင
်မထည့်ချင်လည်း ရပါတယ်ရှင်။ရှောက်ရွက်ခပ်ပြီး သုံးဆောင်နိုင်ပါတယ်ရှင်။
ချဉ်ငန်စပ်လေး စားမယ်ဆိုပါက ကြက်သွန်နီပါးပါးလှီး၊ဂေါ်ဖီပါးပါးလှီး၊ရှောက်ရွက်ပါးပါးလှီး၊
သံပုရာရည်ညှစ်ပြီး ငရုတ်သီးမှုန့်ဖြူးကာ ရှူးရှဲလေး စားနိုင်ပါတယ်။
သုတ်စားမယ်ဆိုရင်လည်းငရုတ်သီးစိမ်းပါးပါးလှီး၊ကြက်သွန်နီ၊ဂေါ်ဖီ၊ရှောက်ရွက်
ငရုတ်အချဉ်ရည်၊ငံပြာရည်တို့နှင့် ဆီစိမ်း ဆမ်းကာ သုတ်စားနိုင်ပါတယ်ရှင်။
သုံးဆောင်ကြည့်ပါနော်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပိတ်စွယ်ချဉ်ကြော်


မန္တလေးဘက်က ကြာဇံဟင်းခါးချက်ရင် ထည့်လေ့ရှိတဲ့ ပိတ်စွယ်အချောင်းလေးတွေကို အချဉ်တည်ထားတာပါ။
မြန်မာနိုင်ငံကနေ တစ်ကူးတစ်က သယ်လာတဲ့ အဖိုးတန် အစားအသောက်ကလေးဖြစ်ပါတယ်။
သူ့ရဲ့အရသာဟာ မှိုဖတ်လေးတွေ ဝါးရသလို နုဖတ်ဖတ် အရသာလေးရှိပါတယ်။
ကြော်စားလို့ကောင်းသလို ကြက်သား၊ဆိတ်သားတို့ နှင့်ရောပြီး ရေချိုလေးချက်စားလို့လည်း ကောင်းလှပါတယ်။
ဆီနည်းနည်းထဲမှာ ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသတ်ပါတယ်။
ပိတ်စွယ်ချဉ်ကို ရေဆေးပြီး အနေတော်လှီးဖြတ်ပါတယ်။
ပုစွန်ခြောက်မှုန့် ၊ ကြက်သားမှုန့်၊ဆားအနည်းငယ်တို့နှင့်အတူ ရေလေးနည်းနည်းတောက်ပြီး ကြော်ပါတယ်။
ငရုတ်သီးစိမ်းလေးအုပ်ပြီး သုံးဆောင်နိုင်ပါပြီရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online