MERRY CHRISTMAS TO YOU ALL !!!
undefined
ငါးမြင်း ငါးပိတစ်ချက်
undefined
ငါးမြင်းငါးပိတစ်ကို ရေဆေးပြီး အတုံးသေးသေးတုံးထားပါမယ်။
ကြက်သွန်နီကို ဆီသတ်ပါမယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းရောထောင်းထားတာလေးပါထည့်ပါမယ်။ အရောင်တင်လေးထည့်ပါမယ်။ကြက်သွန်လေးတွေခြောက်လာမှ ခရမ်းချဉ်သီး နုတ်နုတ်လှီးထည့်ပါမယ်။
ကြက်သွန်လေးတွေနဲ့ခရမ်းချဉ်သီးလေးတွေလိပ်သွားပြီဆိုရင်၊တုံးထားတဲ့ ငါးပိတစ်ကို ထည့်ပြီး
ချက်ပါမယ် ငါးပိတစ်က အငန်အရသာရှိပြီးသားဖြစ်တဲ့အတွက် ဆားထည့်မချက်ပါဘူးရှင်။
အနှစ်အရသာဝင်အောင် ခဏလေးမွှေပေးပြီးမှ ရေလေးနည်းနည်းထည့်ပါမယ်။
အရည်လေးနဲ့ကြိုက်ရင် အရည်လေးရှိတုန်း ဟင်းအိုးပိတ်လိုက်ပြီး ဆီပြန်လေးကြိုက်ရင်တော့ ဆီသံလေးပေးလာမှ ဟင်းအိုးချပါနော်။ ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းတောင့်လေးလှီးထားတာနဲ့ နံနံပင်လှီးထားတာလေး အုပ်လိုက်ပါဦး။ ထမင်းမြိန်စေတဲ့ မြန်မာဟင်းတစ်မယ်ပါနော။်
မြူရွက်သုတ်
undefined
ဆောင်းတွင်းမှာမှစားရတဲ့ ရာသီစာလေးပါနော်။ အိမ်က ပို့ပေးလိုက်တာပါ။
မြူရွက် အရိုးရင့်တာလေးတွေကို လက်လေးနဲ့ဆိတ်ပြီး သဲတွေစင်အောင် ရေစင်စင်ဆေးပါတယ်။
ပြီးရင်အိုးထဲကို ရေထည့်တည်ပြီး ရေနွေးဆူလာရင် မြူရွက်ကို မီးဖိုပေါ်မှာ ပြုတ်ပါတယ်။
အရွက်နူးပြီဆိုမှ ရေအေးစင်စင်ဆေး၊ ရေညှစ်ပြီး လှီးပါတယ်။ကြက်သွန်နီကို ပါးပါးလှီးပြီး
မမွှန်အောင်ရေ ခဏစိမ်ထားပါ။ မြေပဲဆံထောင်း၊ပုစွန်ခြောက်မှုန့် ၊ ဆီချက်၊ဆား၊ ငံပြာရည်၊
ကြက်သွန်နီ ရေစင်စင်ညှစ်ပြီး ထည့်သုတ်စားနိုင်ပါတယ်။ ငရုတ်သီးတောင့်လေးကိုက်ပြီး ရေနွေးကြမ်းလေးနဲ့သောက်လိုက်ပါနော်။
Happy Birthday to My Blog!
undefined
မင်္ဂလာပါရှင်။ ဒီနေ့ ကျွန်မဘလော့လေးရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်က စိတ်အရမ်းညစ်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ စိတ်ငြိမ်အောင်လို့ဆိုပြီး ဒီဘလော့လေးကို စရေးခဲ့တာပါ။ တစ်နှစ်ပြည့်တဲ့အချိန်မှာ ကျွန်မရဲ့စိတ်ခံစားမှုကတော့ သိပ်မထူးခြားလှပါဘူး။ အလုပ်တစ်ခု အဆင်ပြေ အောင်မြင်သွားရင် ခေါင်းပေါ်က အထုတ်ကြီးတစ်ထုတ်ပြုတ်ကျသွားသလောက်ပဲ ခံစားရပြီး ပျော်လိုက်တာလည်းမရှိတော့ပါဘူး။ ကိုယ့်ဘာသာကိုယ်လည်းသိပ်မပျော်တတ်တော့သလိုပါဘဲ။ စိတ်လည်းသိပ်မညစ်တတ်တော့ဘူး။ တစ်နေ့က you tube မှာ အပျင်းပြေအငြိမ့်ခွေတွေလျှောက်ကြည့်နေရင်းနဲ့ ငယ်ငယ်ကဘဝလေးကိုလွမ်းမိပါတယ်။ ဟာ ငါ ငယ်ငယ်က ဒါလောက်ရယ်ရရင် တဟီးဟီးနဲ့ ရယ်လို့ကိုအတောမသတ်နိုင်ဘူးလို့။ ခုငါဘာလို့မရယ်ချင်တော့ပါလိမ့်လို့။ အသက်များကြီးလာလို့များလားလို့ပါ။ ဒါမှမဟုတ် စိတ်ရှုတ်ရတာတွေများလွန်းလို့ သိပ်မခံစားတတ်တော့တာများလား။ ကိုယ့်အပေါ်မှာ စိတ်ရင်းသဘောထားစစ်မှန်ပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ဆိုရင်တော့ စကားပြောရတဲ့အချိန်တွေကို တကယ် သဘောကျပါတယ်။ သူတို့နဲ့တွေ့ ပြီး ရယ်လိုက်မောလိုက်ရရင်တော့ဘဝအမောတွေသောကတွေ ပြေလည်သွားသလိုပါဘဲ။ လူဆိုတာ ကိုယ့်ဘဝကိုယ် မှန်မှန်လျှောက်လှမ်းနေဖို့ပဲ လိုပါတယ်။ ဘဝအောင်မြင်မှုဆိုတာတွေကို တိုင်းတာတဲ့စံဆိုတာကလည်း လူတစ်ယောက်ရဲ့ ရင့်ကျက်လာတဲ့ စိတ်ခံစားမှုပေါ်မှာ မူတည်ပြီးပြောင်းလဲနေသလိုပါဘဲ။ ခုအချိန်မှာတော့ ကျွန်မရဲ့စိတ်က ဗလာဖြစ်နေလား .. ဘာဖြစ်နေမှန်းကိုမသိဘူး။ အလုပ်တစ်ခု dead line ကပ်နေပြီး လုပ်နေရက်နဲ့ မပြီးနိုင်သေးတာကိုလည်း စိတ်တိုစိတ်ရှုပ်မိတယ်။ စိတ်မကြည်ဖြစ်နေတယ်ဆိုပါစို့။ ဟူးးးး........
ဟင်းကလည်း အမှန်အတိုင်းပြောရရင်တော့ စိတ်မကြည်လို့ ပြီးစလွယ်ဘဲ ချက်စားပါတယ်။ စားချင်စိတ်လည်း သိပ်မရှိတာလည်းပါ ပါတယ်။ ဘာစားစား စားလို့မကောင်းသလိုပါဘဲ။ အရင်ချက်ထားတဲ့ဟင်းတွေကိုဘဲ နောက်ရက်ကျ အချိန်ယူပြီး တင်လိုက်ပါ့မယ်နော်။
ကျွန်မရဲ့ ဘလော့လေးမှာ အားနည်းချက်များစွာရှိနေပေမဲ့ အချိန်ပေးပြီး ပြင်ဆင်နိုင်ခြင်းလည်း မရှိသေးပါဘူး။ အစစအရာရာ သည်းခံပြီး လာရောက်လည်ပတ်တဲ့ မိတ်ဆွေများကို တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်။ ဆက်လက်ပြီးလည်း အဆင်ပြေအောင် ကြိုးစားပြီး post တွေကို တင်ပါ့မယ်ရှင်။
ပုစွန်ကင်
undefined
မင်္ဂလာပါရှင်။ ပျောက်နေတာ ကြာပြီးခုမှ ပြန်ပေါ်လာတာဆိုတော့ Post မြန်မြန်တင်ဖြစ်အောင်
typing တိုတိုဘဲ ရိုက်ရတဲ့ ပုစွန်ကင် ကို မျှဝေ လိုက်ပါတယ်နော်။ပုစွန်ကင်ကို တစ်ခါလည်း ရေးဖူးပါတယ်ရှင်။
ဒါကတော့ အိမ်မှာ ဧည့်သည် ဖိတ်ကျွေးတုန်းက ရိုက်ထားတာပါ။ ထူးထူးဆန်းဆန်း တော့မဟုတ်ပါဘူး။ ပုစွန်ကို ရေဆေးပြီး အခွံချွတ် ချေးကြောင်းထုတ်ပါ။ ဆားလေးနည်းနည်း၊ ငရုတ်ကောင်းမှုန့် လေး နည်းနည်း နယ်ထားပါတယ်။ ဆိုင်ကလို အကင်မှာသုတ်ရမဲ့ အမှုန့်လည်း မရှိဘူးလေ။
နာရီဝက်လောက်နေမှ ကင်တဲ့ဇကာလေးပေါ်တင်ပြီး ကင်လိုက်ပါတယ်။
ပုစွန်လေးက ကွေးသွားရင် ကျက်တာမို့ အချိန်ခဏလေးအတွင်းမှာ သုံးဆောင်နိုင်ပါတယ်နော်။
နံနံပင်လေး ကိုက်၊ သံပုရာသီးလေးအရည်ညှစ်ပြီး သုံးဆောင်နိုင်သလို ကင်ပြီးသားလေးကို ပြန်သုတ်စားရင်လည်း စားလို့ကောင်းပါတယ်နော်။
ငါးခေါင်းဟင်းရည်
undefined
ငါးခေါင်းဟင်းရည်ချက်ရန်အတွက် လိုအပ်သောပစ္စည်းများကတော့
ငါးခေါင်း
မုန်ညင်းဖြူ
မျှစ်ချဉ်၊ မုန်ညင်းချဉ်
ကြက်အမြစ်အသည်း၊ နှလုံး။
ငုံးဥ [ဈေးကြီးလို့ ကျွန်မ မထည့်ထားပါဘူး။ ;-) ]
fish ball 0r fish cake
ကြက်သားကြိတ်သား၊
ကြက်ဥ
အကြော်မှုန့်
ကြက်သွန်နီ၊ ဖြူ၊ ဂျင်း။
စပါးလင် (ဝယ်မရလို့မထည့်လိုက်ရပါဘူး။)
brocoli (ကြိုက်တတ်ရင်)
ခရမ်းချဉ်သီး (၁)လုံး။
မိမိနှစ်သက်ရာ ငါးခေါင်းတစ်မျိုးကို မန်ကျီးသီးမှည့်အနှစ်ဖြင့် သေချာ နယ်ဆေးပါ။
ရေစင်စင်ပြန်ဆေးပြီးနောက် ဆား၊ နနွင်း၊ ငံပြာရည်နဲ့ နယ်ပါတယ်။
ဂျင်းကို ပါးပါးအလွှာလေးတွေလှီးပါတယ်။
ငါးခေါင်းကို ဂျင်းလွှာလေးတွေထည့် ရေနည်းနည်းထည့်ပြီး ပြုတ်ပါတယ်။
ကြက်အသည်းအမြစ်ကိုလည်းရေစင်စင်ဆေးပြီး ပါးပါးလှီးပြီး ဆား၊ နနွင်းနယ်ထားပါတယ်။
ကြက်နှလုံးကိုလည်း ထည့်ပြီးရောနယ်ပါတယ်။
ငုံးဥကိုလည်း ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ထားပါ။
ကြက်သားကြိတ်သားကို ဂျင်း၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာထည့်ပြီး ဆားနဲ့နယ်ပါတယ်။
နောက် အကြော်မှုန့်နဲ့  ကြက်ဥတစ်လုံးခေါက်ထည့်၊ ရေလေးနည်းနည်းလေးထည့်ပြီး ပျစ်ပျစ်လေးရတောင်နယ်ထားပါတယ်။
ငါးခေါင်းလေး ကျက်ပြီဆို မှ ဟင်းရည်ချက်မဲ့ အိုးထဲကို ဆီလေးနည်းနည်းလေးထည့်
ကြက်သွန်နီ၊ ဖြူ၊ ဂျင်းထည့်ပြီး ဆီသတ်ပါတယ်။
( ဒီက ငါးတွေညှီလွန်းတဲ့အတွက် ဂျင်းနဲ့ ပြုတ်ပြီးမှ ပြန်ဆီသတ်တာပါ။ )
ကြက်အသည်းအမြစ်၊ နှလုံးပါထည့်ဆီသတ်ပါတယ်။ fish ball ပါးပါးလှီးထည့်ပါတယ်။
အရောင်တင် နည်းနည်းထည့်လို့ရပါတယ်။ ကျွန်မကတော့ ဧည့်သည်ကျွေးမှာ ဖြစ်တဲ့ အတွက် အစပ်မစားနိုင်တာဖြစ်မှာ စိုးလို့ အရောင်တင်မထည့်ထားပါဘူး။
ငါးပိ၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်တို့ ထည့်ပါ။ ပြီးရင် ရေနွေးထည့်ပြီးတည်ထားပါ။
ကြက်သားကို အဆုပ်လေးတွေဆုပ်ပြီး ထည့်ပါတယ်။
ခရမ်းချဉ်သီးကို လေးစိပ် စိပ်ထည့်လိုက်ပါတယ်။ မျှစ်ချဉ်ထည့်ပါတယ်။
မျှစ်ချဉ်ကို အစပ်ကြိုက်ရင် အစပ်ထည့်လို့ရပါတယ်။ မုန်ညင်းချဉ် ထည့်ပါတယ်။
မုန်ညင်းဖြူထုတ်ကို မထူမပါးလှီးပြီး ခပ်လိုက်ပါ။ brocoli လှီးထားတာ ထည့်ပါတယ်။
ငုံးဥလေးကို အခွံခွာပြီးထည့်လိုက်ပါ။ အပေါ့ အငန်မြည်းပြီး ဟင်းရည်ပွက်ရင် သုံးဆောင်နိုင်ပါပြီနော်။
အိမ်မှာ ပန်းကန်ကြီးကြီးကောင်းတာ မရှိတော့ ဧည့်သည်လာမယ်ဆိုရင် ဒီလို ဟာမျိုးဘဲ အားကိုးရပါတယ်။း)
ငါးနဲ့ ချဉ်ပေါင်
undefined
မင်္ဂလာပါရှင်။ ကျွန်မလည်း တော်တော်လေး အလုပ်ရှုတ်နေလို့ အချိန်အတော်ကြာ အသစ်မတင်နိုင်ဘူးဖြစ်နေပါတယ်။ လာလည်တဲ့ မိတ်ဆွေအပေါင်းကို ဟင်းအသစ်မရှိတော့
အားနာမိပါတယ်။ ဒါကြောင့်အချိန်လုပြီး ဟင်းသစ်တင်လိုက်ပါတယ်ရှင်။ တစ်ဆက်တည်းမှာဘဲ တောင်းပန်ချင်တာကတော့ နောက်လကုန်မှဘဲ ပြန်လည်ဟင်းချက်ပါမယ်လို့ ဘလော့ပေါ်ကနေ ခွင့်တိုင်ပါတယ်ရှင်။
ဒီဟင်းလေးကတော့ ငါးမြင်းဗိုက်သားကဲ့သို့သော အဆီများသော ငါးအပိုင်းတစ်မျိုးကို
ချဉ်ပေါင်ဖြင့် ချက် ခြင်းဖြစ်ပါတယ်။ ငါးကို မန်ကျီးမှည့်အနှစ်ဖြင့် ပွတ်ဆေးပြီး ရေသန့်သန့်ပြန်ဆေးပါ။
အတုံးလှလှ တုံးထားပေးပါ။ဆားနဲ့ နနွင်းနယ်ပြီး ခဏ နှပ်ထားပါ။ ချဉ်ပေါင်ကို အရွက်လေးတွေခြွေပြီး ဆားနဲ့နယ်ပြီး နာနာဖျစ်ဆေးပါတယ်။ ပြီးရင်ရေစင်အောင်ပြန်ဆေးပြီး ဓါးနဲ့ ကြမ်းကြမ်းလေးပြန်လှီးထားပါတယ်။ ဒီက ချဉ်ပေါင်တွေက အရမ်းကြီးတော့ ဟင်းချက်ရင် ပေါလောကြီးတွေဖြစ်နေမှာစိုးလို့ပါ။
နောက်အနှစ်လုပ်ဖို့ အတွက် ကြက်သွန်နီအနေတော်(၂)လုံးလောက် ထောင်းထားတာကို ဆီသတ်ပါတယ်။ ကြက်သွန်နွမ်းလာရင် ဂျင်း၊ကြက်သွန်ဖြူထောင်းတာကို ထည့်ပါမယ်။
ခရမ်းချဉ်သီး (၁)လုံးကို ပါးပါးလှီးပြီးထည့်ပါမယ်။ အရောင်တင်မှုန့်၊ ဆား၊
ငါးပိအနည်းငယ်နဲ့ကြက်သားမှုန့်တို့ ထည့်ပြီး အနှစ်ကို လိပ်လိပ်လေးရအောင်ချက်ပါတယ်။ ပြီးရင် ငါးကိုထည့်ပါတယ်။ သူ့အရည်လေးနဲ့သူ လုံးသားကျမှ ချဉ်ပေါင်ရွက်ထည့်ပြီး ရေထပ်ထည့်ပါတယ်။ ငါးကလည်းခဏနဲ့ကျက်တာ
မို့ ဆီပြန်ကြိုက်ရင် ဆီပြန်၊ အရည်စပ်စပ်လေးကြိုက်ရင် အရည်စပ်စပ်လေးနဲ့ ဟင်းအိုးချလိုက်ပါနော်။ ငရုတ်သီးတောထောင်းလေးနဲ့ဆို ရှယ်ပါဘဲနော်။
ဝက်နားရွက်သုတ်
undefined
ဝက်နားရွက်ကို ရေသေချာဆေး၊ အပေါ်ယံကို ဓါးနဲ့ခြစ်ပြီး သန့်ရှင်းရေးလုပ်ပါတယ်။
ဆား၊ဂျင်းရည်၊ ပဲငံပြာရည်အကြည်နဲ့နယ်ပြီး ပြုပ်ပါတယ်။
နူးတဲ့အခါ ပါးပါးလှီးပါတယ်။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးပါးပါးလှီးပါတယ်။
ငရုတ်သီးစိမ်းလှီးထည့်ပြီး Chilli garlic sauce ထည့်ပါတယ်။ အလွယ်တကူရမယ်ဆိုရင် ပဲပင်ချဉ်လေး ထည့်သုတ်ရင် ပိုကောင်းပါတယ်။ ဆီ၊ ဆား ၊ငံပြာရည် သင့်ရုံထည့်၊ သံပုရာရည်ညှစ်၊ နယ်ပြီးတဲ့အခါ သုံးဆောင်နိုင်ပါပြီရှင်။ ဝက်သားမစားသူများ sorry ပါနော် :)
ဆိတ်သားခြောက်ခရမ်းသီးချက်
undefined
ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ဟင်းတွေထဲက အသားခြောက်ကို ခရမ်းသီးနဲ့ရောချက်တဲ့ အညာဟင်းတစ်မျိုးကို မျှဝေလိုက်ပါတယ်ရှင်။ အသားခြောက်ကိုတော့ အမဲသားမစားတဲ့အတွက် ဆိတ်သားခြောက်ကို အသုံးပြုထားပါတယ်။ ခရမ်းသီးကို အရှည်လိုက် အပိုင်းလေးတွေပိုင်းပြီး ရေဆေးထားပါတယ်။ ဆိတ်သားခြောက်ကို အနူးလွယ်စေဖို့ ရေကြာကြာ စိမ်ထားပါတယ်။ ပြီးရင် ငရုတ်ကျဉ်ပွေ့ နဲ့ နည်းနည်းထုပြီး အတုံးလေးတွေတုံးထားပါမယ်။ ကြက်သွန်နီအလုံးကြီး ၁လုံးခွဲလောက်ကို ပါးပါးလှီးပြီးဆီသတ်ပါတယ်။ ဂျင်းနဲ့ကြက်သွန်ဖြူ ရောထည့်ပါတယ်။ ကြက်သွန်နီလေးတွေခြောက်လာလျှင် ခရမ်းချဉ်သီး ၂လုံး ကို ခပ်နုတ်နုတ်လှီးပြီး ထည့်ပါတယ်။ အရောင်တင်၊ဆား၊ငါးပိ အနည်းငယ်ထည့်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီးလေးတွေ လိပ်လာပြီဆိုရင် အတုံးလေးတွေ တုံးထားတဲ့ အသားခြောက်ကို ထည့်ပါမယ်။ သူ့ အရည်လေးနဲ့သူ အရင်ကျက်စေပြီးမှ ရေနွေးလေးထည့်ပြီး ဆက်တည်ပါတယ်။ အသားခြောက်နူးခါနီးပြီဆိုမှ အချိန်မှန်းပြီး ခရမ်းသီးကို ထည့်ပါတယ်။ အသားလည်းနူး ခရမ်းသီးလည်းအိ အချိန်ကိုက်ပါဘဲနော်။ သုံးဆောင်ကြည့်ပါရှင်။
ဝက်သားချဉ်
undefined
ဒီဝက်သားချဉ်ကလည်း golden mile ကပါဘဲ။တစ်ခုကို S$ 1.50 ပါ။ ကျွန်မအနေနဲ့ကတော့ တောင်ကြီးက ဝက်သားချဉ်ကို ပိုကြိုက်ပါတယ်။ ဒါလေးက အနည်းငယ်လေးတဲ့အရသာရှိပါတယ်။ ပေါင်းပြီး စားလိုက်ပါတယ်။ ပါးပါးလှီးပြီး ကြော်စားရင်လည်းကောင်းမယ်ထင်ပါတယ်။ အိမ်မှာတော့ ဝက်သားချဉ်ဆို ငရုတ်သီးဆီချက်လေးနဲ့ကြော်စားတယ်။ဂျူးမြစ်လေးနဲ့ ငရုတ်သီးတောင့်ကြော်လေးနဲ့ပေါ့။ ခုတော့ ရှိသလိုလေးစားလိုက်ရပါတယ်။ ကော်ဖီခါးခါးတစ်ခွက်နဲ့ကျွန်မရဲ့ နံနက်စာလေးပေါ့။
မျှစ်ကြော်
undefined
အဲဒီမျှစ် နုနုလေးတွေက သူငယ်ချင်းနဲ့ golden mile သွားတုန်းက ဝယ်လာတာပါ။
နည်းနည်းတော့ ကြာနေပြီ။ ခုမှ ရေးဖြစ်လို့ပါ။ တော်တော်များများပါတဲ့အထုတ်ကို တစ်ထုတ်မှ
s$1.5 ဘဲပေးရပါတယ်။
Pennisular ကမျှစ်ထက်စားလို့ကောင်းပါတယ်။နုတော့စားလို့အရမ်းကောင်းတယ်လေ။
golen mile မှာအဲဒီနေ့က ကြောင်လျှာသီးလည်းတွေ့ လို့ ဝယ်လာခဲ့တယ်။
၃တောင့်မှ s$2.90 ဘဲပေးရတယ်။ အတောင့်ကြီးတဲ့ဟာကလည်းနုတယ်။
အဲဒီတလောကတော့ ကြောင်လျှာသီးဘဲ ခဏခဏစားဖြစ်နေတယ်။
ဟင်းတွေထပ်နေတာကြောင့် post မတင်ဖြစ်တာပါ။
ခုတော့ရက်ပေါင်းအတော်ကြာက စားဖြစ်ခဲ့တဲ့မျှစ်ကို တင်လိုက်ပါတယ်။
ကြက်သွန်နီ ကို နနွင်းထည့်ပြီးဆီသတ်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါတယ်။ပုစွန်ခြောက်မှုန့် များများထည့်ပါတယ်။ ရေဆေးထားတဲ့မျှစ်ကိုထည့်ပါတယ်။ မျှစ်က ကျက်ပြီးသားလို့ဆိုတဲ့အတွက် ပြန်မပြုပ်တော့ပါဘူး။ဆား၊ကြက်သားမှုန့်ထည့်ပြီး ခြောက်ခြောက်လေးကြော်ထားတာပါ။ ဟင်းအိုးချခါနီးရင် ငရုတ်သီးစိမ်းကို စွေစွေလေးတွေလှီးထားတာ အုပ်ပါတယ်။ ပင်စိမ်းလေးလည်းအုပ်လိုက်ပါနော်။ ပုံမှာ ပင်စိမ်းပါ ပါတယ်နော်။ အရမ်းနည်းနည်းလေးဘဲရှိတာထည့်လိုက်တာမို့ မမြင်ရဘူးဖြစ်နေတယ်။ :D ။မျှစ်ကြော် ခြောက်ခြောက်စပ်စပ်လေးပါ။ သုံးဆောင်ကြည့်ပါနော်။
အပျင်းပြေ စားရအောင်.....
undefined
နေ့ လည်နေ့ ခင်း သူငယ်ချင်းတွေစုမိတဲ့အခါ ပျင်းပျင်းနဲ့ စကားပြောရင်း တရားဟောရင်း
စားတဲ့အစာတွေပါ။
သရက်သီးသုတ်
သရက်သီးကို ထိပ်တိပြီး ရေစိမ်ထားပါ။ နောက်ထက်ခြမ်းခြမ်းပြီး ပါးပါးအမြောင်းလေးတွေလှီးပါ။ ငါးပိကင်၊ပုစွန်ခြောက်မှုန့် ၊ ငရုတ်သီးကြမ်းမှုန့် ၊ နယ်လို့ကောင်းအောင် ငံပြာရည်နည်းနည်း
ထည့်ပြီးနယ်ပါတယ်။ သရက်သီးကိုခြစ်ပြီးသုတ်တဲ့ ထမင်းနဲ့စားတဲ့အသုတ်တော့မဟုတ်ဘူးပေါ့။
အပျင်းပြေ ဝိုင်းဖွဲ့ ပြီး စားလို့ ကောင်းပါတယ် ရှင်။
လက်ဖက်သုတ်
လက်ဖက်သုတ်မယ်ဆိုရင်တော့ အရင်ဆုံးလက်ဖက်ကို ကောင်းကောင်းလေးနှပ်ထားရပါမယ်။
လက်ဖက်ကို အရွက်ကြမ်းများဖယ်ပစ်ပြီး ဆားနဲ့ဖျစ်ကာရေဆေးပါတယ်။
အညွှန့် လေးချည်းကြိုက်ရင်တော့လက်ဖက်ရွက်ကို ဒီအတိုင်းထားပြီး ဆား၊ သံပုရာသီးးများများညှစ်၊ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ ကြက်သွန်ဖြူပါးပါးလှီးထည့်ပြီး ဆီဝအောင်စိမ်ထားပါတယ်။ လက်ဖက်ညွှန့် မကြိုက်ရင်တော့ လက်ဖက်ကို နည်းနည်းထောင်းလိုက်ပါတယ်။
တအားထောင်းလိုက်ရင်လည်း အရည်တွေထွက်သွားမှာစိုးလို့ ပါ။ ငရုတ်သီးစိမ်းကိုထောင်းထည့်၊ဆား၊
ကြက်သွန်ဖြူ ပါးပါးလှီးထည့်၊ သံပုရာရည်များများနဲ့ ဆီစိမ်ထားပါတယ်။ ကျွန်မကတော့ လက်ဖက်နှပ်ရင် ပုစွန်ခြောက်ကို တစ်ခါတည်းထည့်မနှပ်ပါဘူး။သတ်သတ်လွတ်စားတဲ့နေ့ဆိုရင်လည်း ယူစားနိုင်အောင်ပါ။ လက်ဖက်သုတ်လျှင်လည်း လက်ဖက်ညွှန့်နဲ့သုတ်တာ မကြိုက်ပါဘူး။ အသုတ်အရသာမဝင်ဘူးထင်လို့ပါ။ ခုတော့လက်ဖက်ညွှန့်နဲ့သုတ်ထားပါတယ်။ လက်ဖက်သုတ် သုတ်မယ်ဆိုရင် ဂေါ်ဖီထုတ်လေးကတော့ ပါမှဖြစ်မယ်နော်။ ဒါမှပိုအရသာပြည့်စုံသလိုဘဲ။ နှပ်ထားတဲ့ လက်ဖက်ကိုယူပြီး ပုစွန်ခြောက်မှုန့်၊ ခရမ်းချဉ်သီးမာမာလေးကိုပါးပါးလှီးထားတာလေးရယ်၊ဂေါ်ဖီပါးပါးရယ်၊မြေပဲဆံထောင်း၊
ပဲမှုန့် ၊ဆီသင့်ရုံ၊ဆား၊ငံပြာရည်တို့ နဲ့နယ်ပါတယ်။မြေပဲဆံထောင်း၊
ပဲမှုန့် ထည့်လိုက်တော့ လက်ဖက်သုတ်က စေးစေးလေးနဲ့ စားလို့ ပိုကောင်းပါတယ်။
မန္တလေးက ရွှေတုတ်နေ့ ချင်းစားလက်ဖက်သုတ်၊
အရီးတောင်းလက်ဖက်သုတ်တို့ သွားဝယ်ရင်းနဲ့
ကြည့်ပြီး အတုခိုးထားတာပါ။ လိုအပ်ရင် သံပုရာသီးထပ်ညှစ်ပါတယ်။ လက်ဖက်ကို အရသာတွေနဲ့ အကုန်နယ်ပြီးမှ နှစ်ပြန်ကြော်ထည့်နယ်ပါတယ်။ ဓညင်းသီးပြုတ်စေးစေးလေးတွေပါးပါးလှီး၊ ပြောင်းဖူးပြုတ်လေးပါ ပါရင် ပိုကောင်းပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းလေးကိုက်ပြီး ရေနွေးကြမ်းလေးနဲ့ စားကြရအောင်နော်။(လက်ဖက်ကတော့ လူတိုင်းသုတ်တတ်တာဘဲဟာနော် :D)
ပဲထမင်း ++
undefined
ပဲထမင်းကို ကျွန်မချက်တဲ့နည်းအတိုင်းမျှဝေလိုက်ပါတယ်။
ကုလားပဲကို တစ်ညကြိုတင်ပြီးရေစိမ်ထားပါမယ်။ မနက်ချက်မယ်ဆိုညကတည်းက
ရေစိမ်ထားမယ်ဆိုရင် ချက်ခါနီးမနက်မှာ ပဲကနူးနေပါပြီ။ ထမင်းအိုးထဲမှာ
သစ်ကျပိုးခေါက်၊ကရဝေးရွက်၊နာနတ်ပွင့်စတာတွေကို ဆီသတ်ပါတယ်။ ပြီးရင်ဆန်ထည့်
ရေကိုထမင်းချက်တဲ့အချိန်ဆအတိုင်း ရေလက်နှစ်ဆစ်ထည့်ပြီး ထည်ပါတယ်။
ထမင်းအိုးစတင်ပွက်လာရင်ပဲထည့်ပြီး အိုးကိုမွှေပေးပါတယ်။
ဆားသင့်ရုံထည့်ပါတယ်။ထမင်းအိုးပွက်လာတဲ့အချိန်မှာ မွှေပေးပါတယ်။ ထမင်းမာတယ်ထင်ရင်တော့
ရေနွေးနည်းနည်းထပ်ထည့်ပြီးတည်နိုင်ပါတယ် ရှင်။
ကြက်သားဟင်းရိုးရိုး
ပဲထမင်းနဲ့ တွဲဖက်စားသုံးဖို့ကတော့ ကြက်သားဟင်းပါ။
ကြက်သွန်နီ၊ ဖြူ၊ဂျင်းဆီသတ်ပါတယ်။ ဆား၊နနွင်းနယ်ထားတဲ့ကြက်သားထည့်ပါတယ်။
အရောင်တင်ထည့်ပြီးသူ့ရေနဲ့သူကုန်အောင် လုံးပါတယ်။ ပြီးမှ ရေထပ်ထည့်ပြီး
မီးအေးအေးလေးနဲ့ ကြက်သားနူးအောင်တည်ထားပါ။
အချဉ်သုတ်
အချဉ်အတွက်ကတော့ သခွားသီးကိုဘဲ စီမံလိုက်ပါတယ်။
သခွားသီးကို အတုံးလေးတွေလှီးပြီး ကြက်သွန်နီ၊ငရုတ်သီးတောင့်လှီးထည့်၊သံပုရာရည်ရွှဲရွှဲညှစ်ပြီး
ဆားထည့်နယ်ထားပါတယ်။
ငါးပိအစိုကြော်
ကြက်သွန်နီကိုပါးပါးလှီးပြီး ဆီသတ်ပါတယ်။
ကြက်သွန်ဖြူပါးပါးလှီးပြီးထည့်ပါတယ်။
ကြက်သွန် နွမ်းရင် ငါးပိ၊ ငရုတ်ကြမ်းမှုန့်၊ပုစွန်ခြောက်မှုန့်ထည့်ပြီး ကြော်ပါတယ်။
ကြက်ရိုးဟင်းခါး
ကြက်ရိုးကို ဆား၊ငံပြာရည် နဲ့နယ်ပြီးပြုတ်ပါတယ်။
ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါတယ်။ ဂျင်းလှီးပြီးထည့်ပါတယ်။
ပြုတ်ရည်ကျလာရင် ကြက်သွန်မြိတ် နဲ့ ငရုတ်ကောင်းမှုန့်ခပ်ပြီးသုံးဆောင်နိုင်ပါပြီ။ (ဓါတ်ပုံမှာ
ကြက်သွန်မြိတ်မထည့်မိဘူး)
အတို့အတွက်ကတော့ ပူဒီနံလေးတွေပါဘဲ။
စိတ်ကူးရတဲ့အခါချက်စားကြည့်ပါနော်။ အချိန်လည်းအဲလောက်မကုန်ပါဘူး။ ပဲကို တစ်ညရေကြိုစိမ်ရုံလေးပါဘဲ။
ဖားအစပ်ကြော်
undefined
ဖားကို fair price ကနေ တစ်ဘူးကို 3.5 $ နဲ့ ဝယ်လာပါတယ်။
မျက်စေ့က သေချာမကြည့်ဘဲခုတ်ထားတယ်ထင်လို့ဝယ်လာတာ အိမ်ရောက်တော့မှ
တုံးလုံးလှဲနေတဲ့ သန့်စင်ပြီးသား ဖားလေးနှစ်ကောင်ကိုတွေ့ပါတယ်။(အေးလေ ဖားကိုတော့ဘယ်သူက တုံးပြီးသားရောင်းမလဲနော်)။ ဒါနဲ့ ကိုယ့်ဘာသာမခုတ်လည်းဘယ်သူမှ လာခုတ်ပေးမှာမဟုတ်လေတော့ လက်အိတ်စွပ်ပြီး ဖားကို အတုံးသေးသေးလေးတွေဖြစ်အောင် ပုံဖျက်လိုက်ပါတယ်။
ပြီးရင်ရေဆေးပြီး ဆား၊နနွင်းနယ်ထားပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီသတ်ပါတယ်။ ဆီဆမ်းစားချင်တဲ့အတွက် ဆီအနည်းငယ်ပိုထည့်လိုက်ပါတယ်။ ကြက်သွန်နီနွမ်းရင် ဂျင်းထောင်းထားတာထည့်ပါတယ်။ ဥတစ်လုံးကြက်သွန်ဖြူလေးကို ဓါးပြားရိုက်ထားတာထည့်ပါတယ်။ ဖားလေးတွေတုံးထားတာထည့်၊ဆားနည်းနည်း၊ကြက်သားမှုန့်နည်းနည်းထည့်လိုက်တယ်။ပြီးတော့ ငရုတ်သီးအကြမ်းမှုန့်ထည့်တယ်။ အရသာနှံ့ အောင်မွှေပါတယ်။ ဖားကခဏလေးဘဲ ကျက်တဲ့အတွက် အနံ့ လေးမွှေးရင် သုံးဆောင်နိုင်ပါပြီနော်။ ချက်စားမယ်ဆိုလည်းပင်စိမ်းလေးအုပ်ပြီး ငရုတ်သီးစိမ်းလေး ခြမ်းထည့်ရေလည်ဆီလည်လေးဆို ကောင်းပါတယ်။ ခုတော့ ပင်စိမ်းမရှိတော့ကြော်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာတုန်းကတော့ မိုးဦးကျ ဖားပေါ်တဲ့ရာသီဆို ဆိုင်တွေက ကိုယ့်ဘာသာမတုံးချင်ရင် တုံးပေးလိုက်ပါတယ်။ အဆင်သင့်ချက်ရုံပါဘဲ။
ဖားပိုးလို့ ပက်လက်လေးတွေမြင်ပြီး မခုတ်ချင်ပါဘူး။
နောက်တော့ဖားဝယ်မစားတော့ဘူးလို့စဉ်းစားထားတယ်။ ခုတ်ပြီးသားလေးဆိုရင်တော့စားမယ်လေ။ :)။ ကြက်သားတောင်မခုတ်ချင်လို့ ဘူးနဲ့ထည့်ထားတာဘဲ ဝယ်စားတော့တယ်။ စဉ်းတုံးပေါ်က အမောက်တထောင်ထောင်နဲ့ကြက်ကြီးကိုကြည့်မိ ရင်စိတ်ထဲတမျိုးကြီးဖြစ်မိတယ်။
ငါးဥဟင်း
undefined
ငါးဥကို ရေလေးနဲ့ဖွဖွလေးဆေးပြီး ဆား၊နနွင်းခပ်ဖွဖွနယ်လိုက်ပါတယ်။
ပြီးရင် ရေသင့်တော်ရုံထည့်ပြီး ငါးဥကျက်အောင်ပြုတ်လိုက်ပါတယ်။မညှီအောင်ဂျင်းလေးပါ လှီးထည့်ပြီးပြုတ်ပါတယ်။ ကျွန်မက ငါးဥကို အကြေမချက်ဘဲ အတုံးလေးတွေတုံးပြီး
ချက်ချင်လို့ အရင်ပြုတ်လိုက်ပါတယ်။ ကြက်သွန်နီဆီသတ်ပြီး ကြက်သွန်ဖြူ၊ဂျင်း များများထပ်ထည့်ပြီးဆီသတ်ပါတယ်။ ခရမ်းချဉ်သီးကို တစ်ခြမ်းထည့်လိုက်ပါတယ်။အရောင်တင်၊ဆားထည့်ပါတယ်။ ကြက်သွန်ဖတ်လေးတွေနဲ့ ခရမ်းချဉ်သီးဖတ်လေးတွေ လိပ်လာပြီဆိုရင် ပြုတ်ထားတဲ့ငါးဥကို အတုံးလေးတွေ တုံးပြီးထည့်ပါတယ်။ မန်ကျီးရည်အနည်းငယ်ထည့်ပါတယ်။ အချိုမှုန့်အစား ကြက်သားမှုန့်အနည်းငယ်ထည့်ပါတယ်။ ရေအနည်းငယ်ထည့်ပြီး ဆီပြန်တဲ့အခါ စားသုံးနိုင်ပါပြီရှင်။နံနံပင်လေးကြက်သွန်မိတ်လေးခပ်လိုက်ရင် အနံ့ ပိုမွှေးသွားပါတယ်။ အကြောတက်တဲ့ အကျင့်ရှိသူများ အတွက်ကတော့ မသုံးဆောင်တာအကောင်းဆုံးပါဘဲရှင်။
ကြက်သားနဲ့ မျှစ်ချက် + ငါးပိထောင်း
undefined
ကြက်သားကို ဒီအတိုင်းမစားချင်လို့ အမြဲတစ်ခုခုနဲ့ ရောချက်ဖြစ်ပါတယ်။
ခုလည်းကြက်သားတစ်ဘူးကို မျှစ်တစ်ထုတ်နဲ့ရောချက်ထားပါတယ်။
ကြက်သားကို ဆား၊နနွင်း၊ငြံပာရည်တို့နဲ့ နယ်ထားပါတယ်။ ကြက်သွန်နီဆီသတ်ပါတယ်။
ကြက်သွန်ဖြူ၊ဂျင်းရောထောင်းတာ ထည့်ပါတယ်။ အရောင်တင်ထည့်ပါတယ်။ ငါးပိနည်းနည်းထည့်ပါတယ်။ ကြက်သားထည့်ပြီးလုံးပါတယ်။ သူ့ရေနဲ့ သူကုန်သွားရင် ရေဆေးထားတဲ့မျှစ်ထည့်ပါမယ်။
(မျှစ်က ကျက်ပြီးသားမလို့ ပြန်မပြုတ်တော့ပါဘူး)ရေထပ်ထည့်ပါမယ်။
ကြက်သားလည်းနူး၊မျှစ်လည်းဝါးလို့ရပြီဆိုရင် ရေလည်ဆီလည်လေးမှာ ဟင်းအိုးချလို့ရပါပြီရှင်။ ငါးပိထောင်းစပ်စပ်လေးနဲ့လိုက်ဖက်ပါတယ်။
ငါးပိထောင်း
ရခိုင်ငါးပိကို ထမင်းစားဇွန်းနဲ့ ၁ဇွန်းကင်ပါတယ်။ ငရုတ်သီး(အစပ်စားနိုင်သလောက်)အရင်ထောင်းပါတယ်။ကြက်သွန်ဖြူထောင်းပြီး ငါးပိကင်ပါထည့်ပါတယ်။ဆီလေးဆမ်းပြီး သံပုရာရည်လေးညှစ် သုံးဆောင်ပါနော်။
ပုစွန်ချဉ်သုတ်
undefined
ပုစွန်ချဉ်သုတ်အတွက်လိုအပ်သောပစ္စည်းများ
-ကြက်သွန်နီ၊ကြက်သွန်ဖြူ ပါးပါးလှီးပါ။
-ငရုတ်သီးစိမ်း ပါးပါးလှီးပါ။
-နံနံပင်၊ ကြက်သွန်မြိတ် ပါးပါးလှီးထားပါ။
-ပုစွန်ချဉ်ကိုလည်း အတုံးသေးလေးများဖြစ်အောင်လှီးပါ။
ပန်းကန်တစ်ခုထဲတွင် ပစ္စည်းအစုံထည့်၊ ဆား၊ ငံပြာရည်ထည့်ပြီး ဆီစိမ်း ဆမ်းပြီး သုတ်စားပါတယ်။
ပုစွန်ချဉ်ကို ကြော်ပြီးလည်း စားသုံးနိုင်ပါတယ်။
ဆိတ်သားခြောက်ချက်
undefined
ဆိတ်သားခြောက်ကို နာရီဝက်ခန့် ရေစိမ်ထားပါ။ ကြက်သွန်နီပါးပါးလှီး(သို့)ထောင်းပါ။
၊ကြက်သွန်ဖြူ၊ဂျင်း ထောင်းထားပါ။ ခရမ်းချဉ်သီး ခပ်နုတ်နုတ်လှီးထားပါ။
ဆိတ်သားခြောက်ဟင်းက အနှစ်များများမှစားကောင်းတာမို့ ခရမ်းချဉ်သီးကို ပိုထည့်ထားပါတယ်။
ဆိတ်သားခြောက်ကို စဉ်းနီတုန်းပေါ်တင်ပြီး နည်းနည်းပြားသွားအောင်ထုပေးပါ။
ဆိတ်သားခြောက်က မနူးလွယ်လို့ပါ။ အတုံးခပ်သေးသေးတုံးပါ။ ကြက်သွန်နီကို နနွင်းဖြင့်ဆီသတ်ပါ။ ကြက်သွန်လေးတွေရွှေဝါရောင်ပြောင်းသွားရင် ကြက်သွန်ဖြူ၊ဂျင်းထောင်းထားတာထည့်ပါ။
ခရမ်းချဉ်သီးထည့်ပါ။ အရောင်တင်၊ဆား၊ငါးပိထည့်ပါ။ ကြက်သွန်နဲ့ခရမ်းချဉ်သီး အနှစ်လေးတွေလိပ်လာပြီဆိုရင် ဆိတ်သားခြောက်ထည့်ပါ။ သူ့ရေနဲ့သူ ခဏတည်ထားပါ။ ထို့နောက် ရေထပ်ထည့်ပြီးအသားနူးသည်ထိတည်ပါ။ ခရမ်းသီးနဲ့လည်းရောပြီးချက်စားတဲ့ အလေ့ရှိကြပါတယ်။ မရိုးနိုင်တဲ့အညာဟင်းလေးပါ။သုံးဆောင်ကြည့်ပါနော်။
ကျွန်မကတော့ ဆိတ်သားခြောက်ချက်ရင် ငရုတ်သီးတောထောင်းလေး ထောင်းတဲ့အကျင့်ရှိပါတယ်။
မုန်ညင်းစော
undefined
မုန်ညင်းစောဆိုတာကတော့ မုန်ညင်းချဉ်ရေအမျိုးအစားပါဘဲ။ ဆီလုံးဝမပါဘဲနဲ့ အရသာချဉ်ချဉ်ချိုချို လေး ခံတွင်းရှင်းတဲ့ အရည်သောက်တစ်မျိုးပါဘဲ။ ချက်ရတာလည်း အရမ်းလွယ်ပါတယ်။
လိုအပ်သောပစ္စည်းများကတော့
-မုန်ညင်း ရွက် (ပေါင်းတဲ့မုန်ညင်းရွက်မျိုးပါ။ ထိုင်ဝမ်မုန်ညင်းအသေးလေးတွေကို မသုံးပါဘူး) မထူမပါးလှီးပြီးရေဆေးပြီး ဇကာနှင့်စစ်ထားပါ။
-ငါးပိ ကွမ်းသီးလုံးခန့် 
-ဆား
-သကြားဟင်းစားဇွန်း(၁)ဇွန်း
-မန်ကျီးသီးကလေး လက်သီးဆုပ်ခန့် (ဟီးဟီး ဘယ်လိုပြောရမှန်းမသိလို့ ပါ။ မင်းဂွတ်သီးအရွယ်ခန့် ပေါ့နော်)။
မန်ကျီးသီးအစေ့များကို ပါခဲ့ရင်ဖယ်ထားပါ။
-နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ကို ရိတ်ရိတ်လေးတွေလှီးပြီး ပန်းကန်တစ်လုံးထဲမှာ အပုံလေးတွေ ခွဲပုံထားပါ။
-ကြက်သွန်နီ ၁လုံး (ပါးပါးလှီးပါ)။
-ခရမ်းချဉ်သီး၁လုံး (ပါးပါးလှီးပါ)။
ဟင်းရည်အိုးထဲကို မန်ကျီးသီးလုံး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆား၊သကြား၊ငါးပိ ထည့်ပါ။ ကျက်ပြီးသား ရေနွေးနွေးထည့်ပြီး ဟင်းရေပွက်အောင်ထည်ပါ။အချို အချဉ်ကိုတော့ မိမိအကြိုက်အတိုင်းမှန်းဆထည့်ပါနော်။ ကျွန်မကတော့ ချဉ်လွန်းတာလည်းမကြိုက်၊ချိုတာလည်းမကြိုက်မလို့ ခံတွင်းရှင်းရုံ ချဉ် ချိုလေးချက်ပါတယ်။ မုန်ညင်းထည့်ပါ။ မုန်ညင်းရွက်နူးသွားရင် ဟင်းအိုးချလို့ ရပါပြီ။ ဟင်းရေသောက်တော့မယ်ဆိုရင် ဟင်းရေသောက်ပန်းကန်ထဲကို ပါးပါးလှီးထားသော ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းထည့်ပြီး နံနံပင်ခပ်ပြီး သောက်ပါနော်။ ငါးသလဲထိုး ကြွပ်ကြွပ်ကြော်လေးနဲ့ လိုက်ဖက်ပါတယ်ရှင်။
ထမင်းနဲ
undefined
ထမင်းနဲကို မိမိအိမ်မှာ အလွယ်တကူ တစ်နိုင်ချက်တဲ့နည်းလေးကိုမျှဝေလိုက်ပါတယ်ရှင်။ ကျွန်မလည်း ချက်တတ်လွန်းလို့ မဟုတ်ပါဘူး။ မန္တလေးမှာ တပို့ တွဲလတင်မကဘဲ ရာသီမရွေးဝယ်စားလို့ ရတဲ "့ဒေါ်ရှိ"ထမင်းနဲ ရှိပါတယ်။ အဝေးမှာနေရတော့ မလွယ်တာကို တမ်းတပါတယ်။ မရှိတာမှ စားချင်ပါတယ်။ အဲဒါနဲ့ ကျွန်မလည်း တစ်ပိုင်တစ်နိုင်လေး လက်တဲ့စမ်းတာပါ။ ထမင်းနဲထိုးဖို့ လူရှာစရာလည်းမလိုပါဘူး။ ၃၊၄ ယောက်စာလောက်ကတော့ ကိုယ့်ဘာသာချက်နိုင်ပါတယ်။
-ပထမဦးစွာ ကောက်ညင်းဆန်ကို ရေဆေးပြီး ထမင်းချက်သလိုဘဲ rice cooker မှာချက်ပါတယ်။ ဆားနည်းနည်း ထည့်ချက်လိုက်ပါတယ်။ အချိုကြိုက်ရင် သကြားပါထည့်နိုင်ပါတယ်။ပျော့စေချင်တဲ့အတွက် ရေကိုသာမန်ထက်ပိုထည့်ပေးပါတယ်။ ငချိတ်နဲ့ချက်ချင်လည်းရပါတယ်။ ကျွန်မကတော့ ငချိပ်ချက်တာ အဆင်မပြေဘူးလို့ အဖြူဘဲ ချက်ပါတယ်။ ကြိုက်တာတော့ ငချိပ်နဲ့ထိုးတာ ပိုကြိုက်ပါတယ်။
-အုန်းသီးဆံကို ရေဆေးပြီး ပါးပါးလေးတွေလှီးထားပါ။ ဆီထဲထည့်ပြီး ရွှေဝါရောင်သမ်းလာအောင်ကြော်ပါ။ ပန်းကန်တစ်ခုထဲ ခပ်ထည့်ထားပါ။
-မြေပဲဆန်ကို ကြော်ပြီး လုံးကွဲလေးများရအောင်ထောင်းထု ပါ။
-နှမ်းနက်ကို လှော်ပါ။ (နှမ်းနက်မရှိလို့ အဖြူရောင်ကို သုံးထားပါတယ်)။
ဂျင်းကို အချောင်းလေးများဖြစ်အောင်လှီးထားပါ။
-ထို့ နောက် မကပ်တဲ့ဒယ်အိုးထဲမှာ ဆီထည့်ပါ။ ဆီကျက်ရင် ဂျင်းထည့်ကြော်ပါ။
ဂျင်းနံ့ မွှေးလာရင် ချက်ထားတဲ့ကောက်ညင်းကိုထည့်ပါ။ ပေါ့ရင် ဆားထပ်ထည့်ပြီးမွှေပါ။
အုန်းသီးကြော်ထည့်ပါ။ မြေပဲဆန်၊ နှမ်းလှော်ထည့်ပါ။
ဟိုဘက်ဒီဘက်လှန်ပြီး မွှေနေရင်းနဲ့ထမင်းနဲနံ့ လေးထွက်လာပါတယ်။
ကောက်ညင်းလည်းကြေပြီဆိုတော့ အသင့်သုံးဆောင်နိုင်ပါပြီ။ ရေနွေးကြမ်းလေးနဲ့ဖြစ်ဖြစ် ကော်ဖီနဲ့ဖြစ်ဖြစ် သုံးဆောင်နိုင်ပါတယ်။
စားလို့ မကုန်သေးဘူးဆိုရင်ဘူးလေးနဲ့ရေခဲသေတ္တာထဲထည့်ထားနော်။
နောက်နေ့ ပြန်နွှေးပြီး အလုံးလေးတွေဖြစ်အောင်ဆုပ်ပြီး ထမင်းနဲကြော်လုပ်လို့ ရတယ်။ အုန်းသီးကိုတော့သေချာကြော်ထားမှ အထားခံတာနော်။ မကပ်တဲ့ယောက်မလို ဇွန်းမျိုးလည်းသုံးနော်။
ဓါတ်ပုံကတော့ တစ်ယောက်စာ ထည့်ထားတာပါရှင်။
မုန်ညင်းပေါင်း
undefined
မုန်ညင်းပေါင်းကို ကျွန်မတို့ က နေ့ လည်နဲ့  ညနေ စာတတ်တဲ့အချိန်မှာ ရေနွေးကြမ်းနဲ့ တွဲပြီး စားသုံးပါတယ်။ကော်ဖီနဲ့ လည်းတွဲဖက်ပြီး သုံးဆောင်ရင်လိုက်ဖက်ပါတယ်။ မန္တလေးမှာတော့ မုန်ညင်းပေါင်းရောင်းတဲ့ဆိုင် အတော်ရှားပါတယ်။ ရေနီမြောင်းဘေးက ဝင်းစံပယ်ရယ် ၊ မန်းတက္ကသိုလ်မြောက်ဘက်ပေါက် friend လက်ဖက်ရည်ဆိုင်နဲ့ မျက်စောင်းထိုးက ဈေးတန်းလေးမှာ ရပါတယ်။
ဝင်းစံပယ်က နေရာကောင်းတော့ ဈေးကြီးပါတယ်။ အဲဒီဆိုင်မှာ မှိုပေါင်းလည်းရတယ်။ တစ်ပွဲ ဘယ်လောက်လည်းတော့ မမှတ်မိတော့ဘူး။ မိန်းနားလေးက ဆိုင်ကတော့ ဖက်နဲ့ထုတ်ပေါင်းတာ။ တစ်ထုတ်မှ ၁၀၀ရယ်။ နည်းတော့နည်းတာပေါ့။ မန္တလေးမှာနေတုန်းက မုန်ညင်းပေါင်းမလုပ်တတ်ဘူး။ ကြိုက်တော့ကြိုက်တတ်တယ်။ သူငယ်ချင်းတစ်ယောက်က မုံရွာဇာတိ၊ သူ့ အမေက ကနီ ကတဲ့။ သူတို့ အိမ်မှာဆို မုန်ညင်းပေါင်း ခဏခဏ လုပ်စားတယ်။ အထက်ဘက်က ဓလေ့ တဲ့။ ကျွန်မကတော့ မြန်မာနိုင်ငံအလယ်ပိုင်းမှာနေပြီး ရိုးရာအစာဆို အကုန်ကြိုက် ။ မုန်ညင်းပေါင်းကို စင်ကာပူရောက်မှ လုပ်ကြည့်ဖူးတာ။ပထမဆုံး အခန်းဖော်က မိုးကုတ်က။ သူက ခဏခဏပေါင်းစားတယ်။ သူလုပ်တာကြည့်ပြီး ကျွန်မလည်း လုပ်ကြည့်တာ။ ခုတော့ အတော်လက်တက်နေပါပြီ စိတ်ချလက်ချ လိုက်လုပ်ကြည့်ပါ.. :)
လိုအပ်သောအရာများ
မုန်ညင်း (မြန်မာနိုင်ငံမှာတော့ မုန်ညင်းခါးကို လုပ်တယ်တဲ့။ ဒီမှာတော့တွေ့ တဲ့မုန်ညင်းဘဲ ဝယ်လာပါတယ်)
ဆန်မှုန့် 
ကြက်သွန်နီ အနေတော် ၂လုံး
ကြက်သွန်ဖြူ ၃မွှာခန့် 
ခရမ်းချဉ်သီး ၁လုံး
ပဲပုပ် ၂ချပ် (ကင်ပြီးထောင်းထားပါ)
မှိုခြောက် (ရေသေချာဆေးပြီး စိမ်ထားပါ။ ပါးပါးလှီးထည့်ရမည်။)
ငါးပိ ကွမ်းသီးလုံးခန့် 
ဆား ၊ဆီ အနည်းငယ်
တို့ ဖြစ်ပါတယ်။
မုန်ညင်းကို အရွယ်တော်လှီးဖြတ်ပြီး ရေစင်စင်ဆေးပြီးဇကာဖြင့်ရေစစ်ထားပါ။ ခရမ်းချဉ်ကို ပါးပါးလှီးထားပါ။ ကြက်သွန်နီ၊ ဖြူကို ပါးပါးလှီး (သို့ )ထောင်းပါ)။ ထို့ နောက် ဇလုံကြီးကြီးတစ်ခုအတွင်းထည့်ပြီး မုန်ညင်းများကို ဆန်မှုန့် ဖြင့်နယ်ပါ။ ဆန်မှုန့် နည်းပါက စားလို့ မကောင်းပါ။ ဆန်မှုန့် နည်းတာများတာ နယ်ရင်းနဲ့ သိသာပါတယ်။နယ်ရတာလည်း လက်နာပါတယ်။ ပြီးရင် ဆီ (နယ်လို့ ကောင်းရန်)၊ ဆားအနည်းငယ်၊ငါးပိ၊ ကြက်သွန် နီ၊ဖြူ၊ မှိုခြောက်၊ခရမ်းချဉ်၊ပဲပုပ်ထောင်းရော ထည့်ပြီး နှံ့ အောင်နယ်ပါ။ အရသာမြည်းကြည့်ပါ။ အစိမ်းနံ့တော့ရှိပါတယ်
ပြီးရင်ထမင်းပေါင်းအိုးတဲကိုရေထည့်ပြီး သူ့ ရဲ့ ပေါင်းတဲ့ အံလေးထဲကို
နယ်ထားတဲ့ မုန်ညင်းထည့်ပြီးပေါင်းပါ။
၄၅မိနစ် ၊(၁) နာရီလောက်ဆို အနံ့ လေးတွေမွှေးလာပြီး စားလို့ ရပါပြီနော်။
အစပ်ကြိုက်ရင် ငရုတ်သီးမှုန့် ထည့်ပြီး ဆီချက်လေးဆမ်းစားပါနော်။
တစ်ချို့ ကလည်းကြက်သွန်နီပါးပါးလှီးပြီးထည့်စားတတ်ကြပါတယ်။ နံနံ ၊ ကြက်သွန်မြိတ်ကြိုက်ရင်လည်း ထည့်စားနော်။
ဒီမှာလည်း မမမိုးကောင်းသူရဲ့  ဂွတ်ရှယ်မိုးကောင်းမုန်ညင်းပေါင်းပါရှင်။
ထမင်းပေါင်း by Smoke & spice
undefined
ဒီနေ့ နေ့ လည်စာကိုတော့ ရှိတဲ့အသီးအရွက်လေး အနည်းငယ်နဲ့ မရှင်မင်း ဆီက
နည်းနဲ့ ထမင်းပေါင်းလုပ်စားလိုက်ပါတယ်။ ကြက်သားမရှိတော့ ဝက်သားနဲ့ လုပ်ပါတယ်။
နည်းပေးတဲ့ မရှင်မင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်။
ကြက်သားသုတ်
undefined
ကြက်သားကို style တစ်မျိုးနဲ့ သုတ်ထားပါတယ်။ ကြက်သားကို ဆား၊ နနွင်းနည်းနည်း နယ်ပြီး
ရေခမ်းလေးပြုတ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ပါးပါးလှီးပြီး ရေခဏစိမ်ထားပါ။ခရမ်းချဉ်သီးပါးပါးလှီးပါ။
ဂေါ်ဖီပါးပါးလှီး၊ ပဲတောင့်ရှည် ကြမ်းကြမ်းလှီး ၊ ငရုတ်သီးစိမ်းပါးပါးလှီးပါ။ ကြက်သွန်ဖြူဆီချက် ချက်ပါ။
သံပုရာသီး နုနုလေးတွေရဲ့ အခွံကိုလည်းမွှေးအောင် ပါးပါးလှီးထည့်ပါတယ်။
ဇလုံတစ်ခုတဲတွင် ကြက်သားမွှာထားသော အဖတ်လေးများ၊ ကြက်သွန်နီ ရေစင်စင်ညှစ်ပြီးထည့်၊ကြက်သွန်ဖြူ၊ ပဲသီးစိမ်း၊ဂေါ်ဖီ၊ သံပုရာဖတ်လေးများ၊ ဆားနည်းနည်း၊ငံပြာရည်၊သံပုရာရည် ရွှဲရွှဲညှစ်၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း တို့ နှင့် ဆီချက်ဆမ်းကာ သုတ်ပါတယ်။
ကြောင်လျှာသီးကြော်ချက်
undefined
ကြောင်လျှာသီး ကြော်ချက်လုပ်ဖို့ အတွက် ကြောင်လျှာသီး အဆင့်ဆင့် လှီးဖြတ်ပုံကို ဒီမှာ
ရေးထားပါတယ်ရှင်။ ကြော်ချက်ရန်အတွက်ကတော့ ကြောင်လျှာသီးကို မထူမပါးလှီးပြီး
ဆားနဲ့ နယ်ဆေးပါ။ပြီးရင် ဆားကုန်အောင် ရေပြန်ဆေးပြီးစစ်ထားပါ။
ကြက်သွန်နီ(၁)လုံးကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူ (၃)တက်လောက်ကို ဓါးပြားရိုက်ထားပါ။
ကြက်သွန်နီ ကို နနွင်းနည်းနည်းထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူရောထည့်ပါ။
ထို့ နောက် ပုစွန်ခြောက်မှုန့် ၊ငါးပိ အနည်းငယ်၊ ဆားနည်းနည်း၊ ငရုတ်ကြမ်းမှုန့် တို့ ထည့်ပြီး မွှေပါ။
ထို့နောက်ကြောင်လျှာသီးထည့်ပါ။
ရေနွေးကြောင်လျှာသီးနူးရုံထည့်ပါ။
ကြောင်လျှာသီး နူးရင် စားလို့ ရပါပြီနော်။ ကြောင်လျှာသီးကြော်စပ်စပ်လေးပေါ့။
ကြောင်လျှာသီးသုတ်
undefined
ကြောင်လျှာသီးကို ချက်စား၊သုတ်စား၊ မီးကင်ပြီးတော့ ငါးပိရည်ဖျော်နဲ့ လည်း
အတို့ အဖြစ်စားကြပါတယ်။ blog မှာ peninsular မှာကြောင်လျှာသီးကို
တွေ့ ရင်ပြောပါလို့ အကူအညီတောင်းထားလိုက်တာ
vista ကျေးဇူးကြောင့် ကြောင်လျှာသီးဝယ်လို့ ရလာပါပြီ။ vista ပြောတဲ့ မန္တလေးရောင်းဝယ်ရေးဆိုတာ ရှာမတွေ့ လို့ တွေ့ တဲ့ဆိုင်ကဘဲ ၃တောင့်ဝယ်လာခဲ့တယ်။နုနုလေးတွေပါဘဲ။ တစ်တောင့်ကို ၁.၅၀ ဘဲပေးရတယ်။ တန်ပါတယ်။ဘာဘဲပြောပြော ဝယ်လို့ ရတာကိုက ကောင်းလှပါတယ်။(vista ကိုကျေးဇူးတင်ပါတယ်နော်)
ပထမဝယ်လာတဲ့ထဲက တစ်တောင့်ကို သုတ်စားဖို့ ပြင်ဆင်ပါတယ်။
ကျန်တဲ့ နှစ်တောင့်ကိုတော့ ချက်စားမယ်စိတ်ကူးထားပါတယ်။
ပြင်ဆင်ရန်…
ကြောင်လျှာသီးကို ထိပ်နှစ်ဘက်တိပါ။ ပြီးရင် ကြောင်လျှာသီးမျက်နှာပြင်နှစ်ဘက်လုံးကို
ဓါးနဲ့ ခြစ်ပါ။နောက် ကြောင်လျှာသီးတစ်တောင့်လုံး ကို ရေဆေးပါ။ ပြီးနောက် ကြောင်လျှာသီးအတွင်းထဲမှ
အဖြူဖတ်များကို ထုတ်ရန်အတွက် တစ်တောင့်လုံးကို အပိုင်း လေးပိုင်းလောက်ပိုင်းလိုက်ပါ။ ပိုင်းထားသောကြောင်လျှာသီးများကို တစ်ခုချင်းဆီ ဘေးလေးကနေ ဓါးနဲ့ ခွဲပြီး အထဲမှ
အဖြူဖတ်လေးများ ထုတ်ပစ်လိုက်ပါ။ ကြောင်လျှာသီးအပိုင်းများကိုဓါးနဲ့ ရိတ်ရိတ်လေးရစေရန်လှီးပါ။ ထိုလှီးထားသောကြောင်လျှာသီးများကို ဆား နဲ့ နာနာလေး ပွတ်ပြီးဆေးပေးပါ။
ပြီး ဆားများပြောင်တဲ့အထိရေ သေချာဆေးပါ။ ထို့ နောက်ကြောင်လျှာသီးဖတ်လေးများကို ဇလုံတစ်လုံးအတွင်းထည့်၍ ရေနွေးပွက်ပွက်ဆူလောင်းထည့်ပြီး (၅)မီးနစ်ခန့် အဖုံးအုပ်ထားပါ။
ထို့နောက် ကြက်သွန်ဖြူ၊နီ ဆီချက်ချက်ထားပါ။ မြေပဲဆံ ကို ထောင်းထားပါ။
ထည့်နယ်မည့်ဇလုံထဲကို ကြောင်လျှာသီးဖတ်၊ မြေပဲဆံမှုန့် ၊ပုစွန်ခြောက်မှုန့် ၊ငံပြာရည်၊ သံပုရာသီးညှစ်ထည့်၊ ငရုတ်သီးမှုန့် ၊ ကြက်သားမှုန့် ၊ဆီချက်တို့ ထည့်ပြီး သုတ်စားနိုင်ပါတယ်။ ကြောင်လျှာသီးသုတ်က ချဉ်ငန်စပ်လေးမှ ကောင်းတာနော်..
ကျွန်မ မက်မောသော နံနက်စာများ(၁)
undefined
ကောက်ညင်းပေါင်း ပဲပြုတ်
နံနက်တိုင်း ပဲငချိပ်ပေါင်းလို့ အော်ပြီးရောင်းတတ်တဲ့ အသည်တွေကို လွမ်းမိပါတယ်။
ပဲငချိပ်ပေါင်းကို ကော်ဖီခါးခါးလေးနဲ့တွဲပြီး စားရတဲ့အရသာကို ကြိုက်ပါတယ်။
ဒီမှာငချိပ်တွေ့ တဲ့အခါ စမ်းပြီးပေါင်းကြည့်မယ်ဆိုပြီး စမ်းဖူးပါတယ်။
မချက်ခင် ရေဆေးလိုက်တဲ့အခါမှာ ငချိပ်ဟာ အရောင်တွေတော်တော် ကျွတ်ပါတယ်။
ရေဆေးလိုက်၊ အနီရောင်တွေ ထွက်လာလိုက်နဲ့ တော်တော်ကြာပါတယ်။
နောက်တော့ဝယ်ပြီးမှတော့ ငါပေါင်းကြည့်မယ်ဆိုပြီး စချက်ပါတယ်။
ပေါင်းအိုးမရှိတဲ့အတွက် ထမင်းအိုးထဲမှာ ထည့်ချက်ပါတယ်။
ထမင်းချက်သလိုဘဲ ရေလက်နှစ်ဆစ်ထည့်ပါတယ်။ မနူးပါဘူး။ရေထပ်ထည့်ပါတယ်။
ဒီလိုနဲ့ရေခွက်လေးကိုင်ပြီး ထပ်ထည့်လိုက်၊ ထမင်းအိုးခလုတ်ပြန်နှိပ်လိုက်နဲ့တော်တော်လေးကြာမှ ဆန်လုံးပျောက်ပါတယ်။
အဲဒါနဲ့ ထမင်းအိုးထဲက ငချိပ်တွေကို ပန်းကန်တစ်လုံးထဲထည့်၊ နောက်ထမင်းအိုးတစ်လုံးထဲကိုရေနွေးထည့်၊ပေါင်းတဲ့ အံလေးထဲကို
ပန်းကန်လုံးလေးထည့်ပြီး ၁၅မိနစ်လောက်ပေါင်းပါတယ်။
ငချိပ်ပေါင်းနံ့ လေးတော့သင်းလာပါတယ်။ အရသာကတော့ ဈေးသယ်တွေဆီကလို
မကောင်းပါဘူး။ အာသာပြေတော့ ကောင်းပါတယ်။ ပဲပြုတ်ကလည်းဝယ်ထားတာမရှိတော့
နှမ်းကို ဆားနဲ့ ရောထောင်းပြီး နှမ်းထောင်းလေးနဲ့ ဘဲ စားလိုက်ရပါတယ်။
ငချိပ်ချက်တဲ့ ထမင်းအိုးကတော့ ရေတစ်နေကုန်စိမ်ထားပြီးဆေးတာတောင် သိပ်မပြောင်ချင်ပါဘူး။
ဓါတ်ပုံကတော့မြန်မာနိုင်ငံမှာ စားခဲ့တဲ့ ပဲငချိပ်ပေါင်းပါ။
အာလူးနဲ့ မုန်လာဥ၊ကြက်သွန်ချဉ်ကြော်
undefined
နောက်တစ်မျိုးကတော့အာလူးကို မုန်လာဥချဉ်၊ ကြက်သွန်နီဥ ချဉ်တို့ နဲ့ ကြော်တာပါဘဲ။ မြန်မာနိုင်ငံတုန်းကတော့ အဲလိုကြော်စားရင် တရုတ်ပဲပင်ပေါက် ပါရောထည့်ပါတယ်။
ခုတော့ အလွယ်တကူ မဝယ်ထားတဲ့အတွက် မထည့်ရပါဘူး။ အာလူးကို အခွံနွှာပြီး
ထက်ခြမ်းခြမ်းပါ။ပြီးရင် ခပ်ပါးပါးလှီးပါ။ရေနှင့်သေချာဆေးပြီး ဆား၊နနွင်းနယ်ပါ။
ကြက်သွန်နီ၊ ဖြူဆီသတ်ပါ။ အာလူးထည့်ပါ။ အာလူးနူးစေရန်ရေနွေးအနည်းငယ်ထည့်ပါ။
ပြီးရင် မုန်လာဥချဉ် (city mart မှာရှိပါတယ်။ မန်းညဈေးမှာလည်း ဝယ်လို့ ရပါတယ်။
မုန်လာဥဖြူကို အချောင်းလေးတွေလှီးပြီး မုန်ညင်းချဉ်အရသာမျိုးလုပ်ထားတာပါ။)၊ ကြက်သွန်နီဥချဉ်ထည့်ပါတယ်။ ဆားနည်းနည်းထည့်ပါ။
ချိုချဉ်ချဉ်လေးနဲ့ စားလို့ ကောင်းပါတယ်။ အသားလွတ်ပေါ့နော်။
ဝါတွင်းမှာ အသားရှောင်မဲ့သူတွေ၊ သားသတ်လွတ်စားချင်တဲ့ သူတွေအတွက်
အဆင်ပြေပါတယ်။ ဒီဟင်းမှာတော့ အာလူးအရွယ်အနေတော်(၂)လုံးကို
မုန်လာဥချဉ် ဟင်းစားဇွန်း (၂)ဇွန်းစာ၊ကြက်သွန်နီဥချဉ် (၁)ဇွန်းစာနဲ့ ချက်ထားပါတယ်ရှင်။
ရုံးပဒီသီးပဲငါးပိအစပ်ကြော်
undefined
ရုံးပဒီသီးကို ရေဆေးပြီး ထိပ်နှစ်ဘက်တိထားပါတယ်။
ပြီးတော့ စွေစွေလေးတွေ လှီးပါတယ်။ ကြက်သွန်နီ၊ ဖြူ ဆီသတ်ပါတယ်။
ရုံးပဒီသီး တစ်ပန်းကန်စာအတွက် ပဲငါးပိ ကို ထမင်းစားဇွန်းနဲ့ 
တစ်ဇွန်းထည့်ပါတယ်။ ပဲငါးပိ အစပ်ကို သုံးထားပါတယ်။
ဆားနည်းနည်းထည့်ပြီးရင် ရေနွေးလေး နည်းနည်းထည့်ပါ။
ရုံးပဒီသီးနပ်ရင် စားလို့ ရပါပြီရှင်။
ထမင်းမြိန်စေတဲ့ အသားလွတ်ဟင်းတစ်မျိုးပါ။
ယနေ့ ဝါဆိုလပြည့်နေ့ မှာ ကျွန်မဘုရားကို ချက်ပြီးကပ်ခဲ့တဲ့
အသားလွတ် ဟင်းတွေထဲက တစ်မျိုးပါ။
အသား၊ငါးတွေ မစားချင်တဲ့ အခါမှာ စပ်စပ်လေးနဲ့ ခံတွင်းလိုက်တဲ့
အသားလွတ်ဟင်းတစ်မျိုးဖြစ်ပါတယ်ရှင်။
ဓညင်းခွက်ကြော်
undefined
ဓညင်းခွက်ကတော့ မြန်မာနိုင်ငံပြန်တုန်းက သူငယ်ချင်း လက်ဆောင်ထည့်ပေးလိုက်တာပါ။
အိမ်မှာ အဖေကတော့ ဓညင်းခွက်လုပ်တာ အတော်ဝါသနာပါပါတယ်။
ဓညင်းသီးပေါ်ချိန်ရောက်ရင် ဓညင်းသီးဝယ်ပြီး သဲအဖြူလေးတွေခင်း၊အပေါ်ကလည်းသဲဖြူအုပ်၊ရေလောင်း ရက်အနည်းငယ်ကြာလာရင် (သေချာအတိအကျမသိလို့ :P) အညှောက်လေးတွေ ထွက်လာပါတယ်။ ကျွန်မတော့ မလုပ်ဖူးပါဘူး။ထက်ခြမ်းခြမ်း အခွံနွှာပြီးဆီထဲထည့်ပြီး ကြော်လိုက်ရုံပါဘဲ။
အခွံမနွှာလည်း ဆီပူထဲရောက်ရင် သူ့ ဘာသာကျက်ပြီးကျွတ်သွားပါတယ်။
ဓညင်းသီးဆိုတော့ အနံ့ ကတော့ ပြင်းပါတယ်။
စင်ကာပူမှာက အများနဲ့ စုနေရတာဆိုတော့ သူများကိုတော့ အားနာစရာကောင်းပါတယ်။
စားပြီးရင် ထန်းလျှက်လေးစား(သို့ ) ဆန်စေ့လေးဝါးပေးပါ။ ပြီးရင် သွားလေးတိုက်လိုက်ပေါ့။ toiletဝင်ရင် ရေနှစ်ခါလောက်အပို ဆွဲချပေးလိုက်ပေါ့ ။ မစားတာကတော့ အလုပ်ရှုတ်သက်သာပါတယ်။ ဓညင်းသီးကို city hall မှာထက်ဈေးသက်သက်သာသာရချင်ရင်တော့ jurong west st 42 wet market နဲ့ jurong west st 52 က community club ရှိတဲ့ wet market မှာ ဝယ်လို့ ရပါတယ်။ ကျွန်မဝယ်ဖူးတာတော့ ငါးလုံးလောက်မှ 1.50$ လားဘဲ ပေးရပါတယ်။ ခုတော့ မသိ။ မဝယ်ကြည့်ရသေးပါဘူး လျှောက်သွားရင်းနဲ့ တွေ့ လို့ ပြောပြတာပါ။
အာပြဲခြောက်(ငါးဖောင်ရိုးခြောက်)ကင်
undefined
ဝက်ခြေထောက်ပေါင်း
undefined
ဝက်ခြေထောက်(သို့)ဝက်လက် ကို ရေသေချာဆေးပြီး(အမွှေးများပါလာရင် ဓါးလေးနဲ့ ရိတ်ပစ်ပေးပါ။ )
ဆား၊ ပဲငံပြာရည်အကြည်၊ ငံပြာရည်၊ ကြက်သားမှုန့်တို့ နဲ့နယ်ထားပါတယ်။ pressure cooker ထဲကို နယ်ထားတဲ့ ဝက်ခြေထောက်၊ကြက်သွန်နီ ပါးပါးလှီး ၊ ကြက်သွန်ဖြူထောင်း၊ ဂျင်းထောင်းရည်၊ ဂျင်းလွှာလေးများထည့်ပါ။ ရေကို ဝက်သားမြုပ်ပြီး အပေါ်ရည်လက်တစ်ဆစ်လောက်ပိုထည့်ထားပါတယ်။
ဟင်းအိုးတည်ပြီး ဆူသံပေးလို့ မီးနစ်(၂၀)လောက်နေလို့ ချလိုက်ရင်နူးနူးအိအိ ဝက်ခြေထောက်ပေါင်းရပါပြီ။ အရည်များလိုချင်လျှင် ရေနွေးထပ်ရောလိုက်ပါတယ်။ ဆား၊ ငံပြာရည် နည်းနည်းထပ်ထည့်လိုက်ပါတယ်။
ကန်စွန်းရွက်ကို အပင်လိုက်လေး တွေဖြစ်အောင် သင်ထားပါ။
ရေဆေးပြီး ဟင်းရေပွက်ရင် ခပ်လိုက်ပါ။ သုံးဆေင်နိုင်ပါပြီနော်။ :)
ပုစွန်ဆိတ်ဘာလချောင်ကြော်
undefined
ပုစွန်ဆိတ်လေးများကို ရေစင်စင်ဆေးပြီး ရေစစ်ထားပါ။
ပုစွန်ဆိတ်လေးတွေက သေးလွန်လွန်းလို့ ဘာမှသင်စရာမရှိပါဘူး။
wet market ကနေ တစ်ပန်းကန်ကို s$3.5 နဲ့ဝယ်လာတာပါ။
ကြက်သွန်နီ ကိုပါးပါးလေးတွေလှီးပြီး လင်ပန်းထဲဖြန့် ထည့်ပြီး
ခြောက်သွေ့ သွားစေရန် တစ်ရက်လောက်နေပြလိုက်ပါ။
အချိန်မရ၊ နေပြစရာနေရာ မရှိသူများလည်း ကိစ္စမရှိပါဘူး။
ဒီအတိုင်းဘဲ ကြော်မှာပေါ့နော်။ အိုးတစ်လုံးထဲကို ဆီများများထည့်ပြီး
ကြက်သွန်နီကို ရွှေဝါရောင်သန်းလာသည်အထိကြော်ပေးပါမယ်။
ပြီးလျှင် ကြက်သွန်နီကို သတ်သတ်ဆယ်ယူထားပါမယ်။
ထို့ နောက် ဆီအိုးထဲကို ပုစွန်ဆိတ် ထည့်ကြော်ပါမယ်။
ဆားနည်းနည်း၊ ငရုတ်ကြမ်းမှုန့၊ ကြက်သားမှုန့် (အချိုမှုန့် အစား) ထည့်ပါမယ်။
အိုးချခါနီးရင် ကြက်သွန်ဖြူထောင်းထားတာလေးထည့်ပြီး နှစ်ချက် သုံးချက်လောက်အိုးမွှေပေးပါ။
အိုးချပြီးနောက် ကြော်ထားသော ကြက်သွန်နီနှင့်ရောမွှေလိုက်ပါ။
ထမင်းမြိန်စေတဲ့ ဟင်းတစ်မယ်ပါရှင်။
မှိုကြော်
undefined
တို့ ဟူးသုတ်
undefined
မန်ကျီးသီးစိမ်းကြော်
undefined
မန်ကျီးသီးစိမ်းလေးများကို ထိပ်နှစ်ဘက်ခြွေပြီး ရေဆေးပါ။ ထို့ နောက် ငရုတ်ဆုံတွင် ထည့်ထောင်းပါ။ ငရုတ်ဆုံမှာထည့်ထောင်းတဲ့အခါ ဆားလေးထည့်ထောင်းပေးပါ။ မန်ကျီးသီးအရောင်မမည်းသွားစေရန်ဖြစ်ပါတယ်။
ကြက်သွန်နီ၊ဖြူဆီသတ်၊ ငါးပိလေးနည်းနည်းထည့်၊ပုစွန်ခြောက်မှုန့် ၊ အရောင်တင်လေးထည့်ပြီး ထောင်းထားသော မန်ကျီးသီးစိမ်းထည့်ပါ။ ရေလုံးဝမထည့်ရပါ။ ရေထည့်လိုက်ရင် ချွဲသွားတတ်ပါတယ်။ မန်ကျီးသီးကို ဟိုဘက်ဒီဘက်လှန်ပြီးရင် ဟင်းအိုးချလို့ ရပါပြီ။ ငရုတ်သီးစိမ်းကြိုက်တတ်ရင် ဟင်းအိုးချခါနီး အုပ်လိုက်ပါ။
My Blog List 1
-
Online Persona1 week ago
-
210220255 weeks ago
-
-
Well, you get what you pay for5 years ago
-
စိတ်ရှုပ်တဲ့အခါ6 years ago
-
-
khin6 years ago
-
MUA Web Converter8 years ago
-
Havana Blues8 years ago
-
ကားနံပါတ်တွေ အင်္ဂလိပ်လို ပြောင်းလဲသတ်မှတ်ပြီ11 years ago
-
စိတ်အချဉ်ပေါက်ခြင်း11 years ago
-
၂.၉.၂၀၁၂ တနင်္ဂနွေနေ့ ဆွမ်းလောင်းလှူခြင်း12 years ago
-
For “Harvest Thanksgiving Festival”13 years ago
-
ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)14 years ago
-
အမေစုနှင့် Exclusive Interview14 years ago
-
တူမလေးများနဲ့ တလတာ..14 years ago
-
-
-
-
My Blog List 2
-
-
MY GIRL 29 years ago
-
ငိုညည်းတဲ့ အသည်းများ....9 years ago
-
အမှိုက်ပစ်ခြင်း အနုပညာ10 years ago
-
မောင်စိန်သောင်းရဲ့ မနှင်းရည် နောက်ဆက်တွဲ13 years ago
-
-
-
-
-
My Blog List 3
-
ပဲကြော်သုပ်1 week ago
-
Egg and cheese tortilla5 years ago
-
ပဲပြုပ် Sprouted Yellow Pea5 years ago
-
ကမ္ဘာကြီးကို အလှူကြီး ပေးလိုက်ပါ။6 years ago
-
အလှနတ်သမီးလေး မလိခ...6 years ago
-
-
ငါးဥဘာလချောင်ကြော်လေး ကြော်စားကြဦးမလာ6း years ago
-
-
Happy 20187 years ago
-
အချဉ်ပေါင်း (၁)7 years ago
-
Zuma Zen Blaster: Sang Game Legendaris8 years ago
-
ဒိုနောင်းမှာ တနေ့တာ(ညနေပိုင်း)9 years ago
-
၈နှစ်ပြည့် အမှတ်တရ9 years ago
-
'' အလွယ်ချက် အုန်းထောပတ်ထမင်း "10 years ago
-
ဂွေးသီး ငပိချက်11 years ago
-
-
ကျွန်တော့ အတွေ့အကြုံများ ၄11 years ago
-
မုန့်ဟင်းခါး11 years ago
-
စားကြမယ်ဟေ့ ကောင်းကောင်း - ၃၄11 years ago
-
နံနက်စာနှင့် နေ့လည်စာများ11 years ago
-
-
-
-
-
ဆိတ်ရိုးစွပ်ပြုတ်13 years ago
-
-
-
-
Popular Posts
-
ငါးဖယ်ကြော် ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့ ကြော်တာပါ။ ကျွန်မ အမျိုးသားက ငါးဖယ်ကြေ...
-
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :) ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :) ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းန...
-
ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။ ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :) ကြေ...
-
ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့...
-
့ ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြေ...
-
Happy New Year ပါ။ ရေမုန်ညင်း ကို ရေနွေးဖျော ပြီး ကြက်သွန်နီပါးပါးလှီး ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီချက်၊ သံပုရာ...
-
နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။ ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမ...
-
ဆီထမင်းဝါဝါလေးကို Rice Cooker နဲ့အလွယ်တကူချက်စားမဲ့နည်းလမ်းကတော့ ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ြ...
-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။ မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊ ငံပြာရ...
-
အိမ်မှာ အခုတလော ခရမ်းချဉ်သီးတွေပေါနေတာမို့  ခရမ်းချဉ်သီး ငါးပိချက် ချက်စားမလို့  စိတ်ကူးကြည့် လိုက်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီး လိတ်နေြ...